ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့တွင် လက်နက်ဖြင့် ပစ်ခတ်မှုရှိနေသေးသဖြင့် နမ့်ခမ်းတွင် ခိုလှုံနေသည့် ဒုက္ခသည်များ နေရပ်ပြန်ရန် အခက်ကြုံနေကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုသည် နမ့်ခမ်းမြို့နှင့် မိန်းဝီးသို့ သွားရာလမ်းတွင် ယမန်နေ့ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ရာ အရပ်သား တဦးကို ထိမှန် သေဆုံးခဲ့ပြီး ရဲ ၂ ဦးနှင့် အရပ်သား ၃ ဦးကို ဆေးရုံတင်ထားရကြောင်း၊ ထိုပစ်ခတ်မှုနှင့် ပတ်သက်၍ လိုက်လံ စုံစမ်းနေကြောင်း နမ့်ခမ်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်က ဧရာဝတီသို့ ပြောသည်။
“အခုဖြစ်တာက တပ်အချင်းချင်း တိုက်တာလား ဘာလားဆိုတာ မသိသေးဘူး။ တပ်တွေက အများကြီးရှိတယ်။ ဘယ် တပ်တွေမှန်းကို မသိဘူး။ အရပ်သားတွေ ထိတယ်ဆိုတော့ စဉ်းစားစရာကြီး ဖြစ်နေတယ်။ အခုဆိုရင် ဒုက္ခသည်တွေက နေရပ်ကို မပြန်ရဲကြတော့ဘူး” ဟု ဦးစိုင်းကျော်က ဆိုသည်။
နမ့်ခမ်းမြို့၏ လုံခြုံရေးကို ပန်းဆေးပြည်သူ့စစ်နှင့် နမ့်ခမ်းရဲများသာ တာဝန်ယူ ဆောင်ရွက်နေကြောင်း၊ ထိုတိုက်ခိုက်မှု အသေးစိတ်ကို စုံစမ်းနေကြောင်း၊ နမ့်ခမ်းပြည်သူများလည်း စိုးရိမ်မှုများ ဖြစ်နေကြောင်း၊ မေ ၉ ရက်နေ့က အစိုးရတပ်နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/ SSA) တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် တရုတ်ပြည်နှင့် နမ့်ခမ်းမြို့ပေါ် တိမ်းရှောင်နေသည့် ဒုက္ခသည်များသည် နေရပ်သို့ မပြန်ရဲသေးကြောင်း သူက ဆက်ပြောသည်။
“မနေ့ညကဆိုရင် တော်တော်ဆိုးတယ် ဘယ်သူမှန်းမသိ တိုက်ခိုက်မှုတွေဖြစ်တော့ အရပ်သားတွေကို ထိတယ်။ ဒုက္ခသည် စခန်းက လူတွေလည်း နေရပ်ပြန်ဖို့ စဉ်းစားစရာတွေ ဖြစ်လာတယ်။ နမ့်ခမ်း ဒေသလုံခြုံရေးကို တင်းတင်းကျပ်ကျပ် ယူပေး သင့်ပါတယ်” ဟု နမ့်ခမ်းဒေသခံ တဦးက ဆိုသည်။
ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုသည် RCSS/ SSA နှင့် မသက်ဆိုင်ကြောင်း၊ RCSS နှင့် အစိုးရတပ်သည် မေ ၉ ရက် နေ့တွင် နောက်ဆုံးအကြိမ် ဖြစ်ပွားသည့် တိုက်ပွဲဖြစ်ခဲ့ကြောင်း RCSS/ SSA မှ ဗိုလ်ကြီး ဦးစိုင်းခမ်းက ဧရာဝတီသို့ ပြောသည်။
ယခု လက်ရှိတွင် မူဆယ် ဒေသခံများက ကချင်ပြည်နယ်နှင့် တရုတ်ပြည်အတွင်း ရှိနေသည့် ရှမ်းဒုက္ခသည် စခန်းများကို သွားရောက် လှူဒါန်းရန် စီစဉ်နေပြီ ဖြစ်သည်။
မေလ ၉ ရက်နေ့ နံနက် လေးနာရီခွဲအချိန်က စတင်ပြီး အစိုးရတပ်မတော်နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းတို့ အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့၍ အစိုးရတပ်မတော်ဘက်မှ လက်နက်ကြီးများ အသုံးပြု ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲကြောင့် ဒေသခံ ကျေးရွာသား ရာနှင့် ချီ၍ နမ့်ခမ်းမြို့ပေါ်နှင့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း နမ့်ခမ်း ဒေသခံများက ဆိုသည်။
မေလ ၉ ရက်နေ့ တိုက်ပွဲကြောင့် မြန်မာ့ တပ်မတော်မှ ကျဆုံးသူ ၂၀ ကျော်ရှိပြီး အရပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း၊ မြန်မာ့ တပ်မတော်ဘက်မှ ဒေသခံ ကျေးရွာသားများကို ပေါ်တာဆွဲယူမှုများလည်း ရှိကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။