ရှမ်းပြည်နယ်အတွင်း အစိုးရတပ်များနှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSPP/SSA) တပ်တို့ ၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ခဲ့ရသော တန့်ယန်းမြို့ပေါ်ရှိ ဒုက္ခသည်များကို ယနေ့တွင် နေရပ်သို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း သိရသည်။
ဒုက္ခသည် ဦးရေ ၂၀၀ ကို နေရပ်ပြန်ရန်ကားကြီး ၃ စီးဖြင့် ပို့ဆောင်လိုက်ကြောင်း၊ တန့်ယန်းမြို့ပေါ်ရှိ ဒုက္ခသည် စခန်း အားလုံးကို လည်း ရုပ်သိမ်းလိုက်ကြောင်း၊ နေရပ်ပြန်သွားသည့် ဒုက္ခသည်များ စားဝတ်နေရေး အဆင်ပြေစေရန် အတွက်လည်း ဒုက္ခသည် စခန်း ကော်မတီမှ စီစဉ်ဆောင်ရွက်ပေးထားကြောင်း တန့်ယန်းမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံစိန် က ဧရာဝတီ သို့ ပြောသည်။
“ကျန်တဲ့လူတွေကတော့ မပြန်ဘူး။ လွယ်စေးက လူတချို့က ပြန်ရင်လည်း အလုပ်မရှိဘူးဆိုပြီးတော့ မပြန်ဘူး။ အခု သူတို့တွေ တန့်ယန်းမြို့ပေါ်မှာရှိတဲ့ ဆွေမျိုးတွေရဲ့ အိမ်တွေမှာ နေနေပါတယ်”ဟု ဦးစိုင်းစံစိန်က ဆိုသည်။
ယခု ဒုက္ခသည်များ နေရပ် ပြန်လည် ပို့ဆောင်ရေး အစီအစဉ်သည် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က SSPP/SSA နှင့် အစိုးရ ပြည် ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ တန့်ယန်းမြို့ ရန်အောင်မြင် ရိပ်သာတွင် တွေ့ဆုံဆွေးနွေးပြီးနောက် ဖြစ်ပေါ် လာခြင်း ဖြစ်ကြောင်း သိရသည်။
မတ်လနှင့် ဧပြီလအတွင်း အစိုးရ စစ်တပ်နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်
ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည်များ တန့်ယန်းမြို့ပေါ်သို့ ရောက်ရှိ ခိုလှုံနေရခြင်း ဖြစ်သည်။
ရှမ်းပြည် တပ်မတော် မြောက်ပိုင်းက တပ်စခန်းများ ဆုတ်ခွာပေးခြင်း မရှိသဖြင့် မတ်လ ၂၈ ရက်နေ့မှ စတင်၍ အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လွယ်လန်း၊ လွယ်စေး၊ ကုန်းကော်၊ ကောင်းဆိုင်း၊ ပါဖန်၊ လွိုင်ပု၊ နမ့်လွတ် စသည့် ကျေးရွာများမှ ဒေသခံ ၁၀၀၀ နီးပါး တန့်ယန်းမြို့ပေါ်သို့ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း နေရပ်ပြန် ဒုက္ခသည်များ အတွက် SSPP/SSA က ဆန်အိတ် ၄၀၀ နှင့် အစိုးရစစ်တပ်က ဆန် အိတ် ၁၀၀ ၊ ဆီ ပိဿာ ၁၀၀ တို့ လှူဒါန်းထားကြောင်း၊ ဒေသအသီးသီးမှ လာရောက်လှူဒါန်းသည့် ငွေကြေးများနှင့် ပစ္စည်းများ အားလုံးကိုလည်း ဒုက္ခသည်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း တန့်ယန်း ဒုက္ခသည်စခန်း ကော်မတီအဖွဲ့က ပြောသည်။
အစိုးရနှင့် မေလ ၁၁ ရက်နေ့က တွေ့ဆုံရာ၌ နှစ်ဦးနှစ်ဖက် ပြဿနာများဖြစ်ပေါ်လာပါက လက်နက်ဖြင့်မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ညှိနှိုင်း ဆွေးနွေးကြရန် သဘောတူညီချက် ရထားကြောင်း၊ တန့်ယန်းဒေသတွင် အပစ်အခတ် ရပ်စဲပြီး စစ်ဘေးရှောင်များ နေရပ် သို့ ပြန်နိုင်ရန် အဓိက အကောင်အထည်ဖော်သွားရန်နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းနှင့် နမ့်ခမ်းတွင် တိုက်ပွဲဖြစ်နေသည့် ကိစ္စများကိုလည်း အဓိကဆွေးနွေးခဲ့ကြောင်း ရှမ်းပြည်တပ်မတော် မြောက်ပိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလ က ဧရာဝတီကို ပြော ပြသည်။
တွေ့ဆုံ ဆွေးနွေးချက်များတွင် တပ်ပိုင်းဆိုင်ရာများအပြင် ပြည်သူလူထု အပေါ်ဥပဒေမဲ့ လုပ်ရပ်များဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေမှုကို ရှောင်ရှားရန်၊ သဘောတူညီချက်များအား နှစ်ဘက်စလုံးက လေးစားလိုက်နာ ဆောင်ရွက်ရန် များလည်း ပါဝင်ကြောင်း သိရသည်။
ထို ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဒု ဥက္ကဌ ဦးသိန်းဇော်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး တို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းမှ ဗိုလ်မှူး ခေးမောဝ်း နှင့် ဗိုလ်မှူး စိုင်းလ တို့ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
SSPP/SSA နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) နှစ်ဖွဲ့စလုံးသည် ပြည် ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သည်။