ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မ ကျေးရွာကို အစိုးရစစ်တပ်က ဝင်စီးပြီးနောက် ရွာထဲရှိ ရွာသားများ၏ ပစ္စည်းများကိုပါ လုယက် သိမ်းယူထားကြောင်း နမ့်ခမ်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဧရာဝတီသို့ ပြောဆိုသည်။
နမ့်ခမ်းမြို့နယ် ဦးစီးမှူးကမူ တပ်မတော်အနေဖြင့် ရွာထဲတွင် လက်နက်ရှိ မရှိ ရှာဖွေခြင်းသာ ဖြစ်ပြီး ပစ္စည်းများ သိမ်းယူခြင်း မဟုတ်ဟု ဆိုသည်။
နမ့်ခမ်းမြို့နယ် နောင်မကျေးရွာရှိ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) ၏ စစ်ဒေသ အမှတ် ၇၀၁ ကို အစိုးရ စစ်တပ်က မေလ ၉ ရက် ညနေ သုံးနာရီခွဲခန့်က တိုက်ခိုက်သိမ်းယူ ခဲ့သည်။ စစ်ပွဲကြောင့် တရုတ်ပြည်ဘက် ထွက်ပြေးကြရသော ရွာသားများ မရှိဘဲ ကျေးရွာရှိ အိမ်များကို တပ်မတော်က ချိုးဖျက်ဝင်ရောက်ပြီး ပစ္စည်းများကို သိမ်းယူခြင်းဟု နမ့်ခမ်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်က ဆိုသည်။
“မနေ့က ကျနော်တို့ အဲဒီဘက်ကို ရောက်ခဲ့တယ်။ ရွာကလူတွေက စစ်ပွဲကြောင့် ပြေးသွားတဲ့ အချိန်မှာ တပ်က စစ်သားတွေက ရွာက ပစ္စည်းတွေ အားလုံး သိမ်းထားတယ်။ အိမ်တွေကိုလည်း တံခါးတွေ ရိုက်ချိုးပြီး ဝင်ယူထားတယ်။ ကုန်မျိုးစုံ ရောင်းတဲ့ ဆိုင်ဆိုရင် ဘာမှမရှိတော့ဘူး” ဟု ဦးစိုင်းကျော်က ဧရာဝတီသို့ ပြောသည်။
ရွာသားများပိုင် ပစ္စည်းများ တန်ဖိုးငွေမှာ စုစုပေါင်း ကျပ် ၁၇၅၈ သိန်းခန့် ရှိကြောင်း၊ အဆိုပါ စာရင်းကို သက်ဆိုင်ရာသို့ တင်ပြထားကြောင်း၊ ရွာသားများ၏ နေအိမ်ကိုပါ ပြန်လည် ပြင်ဆင်ပေးရန်လည်း တောင်းဆို ထားကြောင်း၊ လျော်ကြေး မပေးပါက လူ့အခွင့်အရေး ကော်မရှင်ထံ စာတင်မည် ဖြစ်ကြောင်းလည်း ဦးစိုင်းကျော်က ပြောသည်။
“စစ်ပွဲကတော့ မဖြစ်ပေမယ့် အခု လောလောဆယ်တော့ ရွာသားတွေ ပစ္စည်းတွေ ပြန်ရဖို့နဲ့ စစ်ပွဲက ဖြစ်ပျက်ခဲ့တာ တွေကိုလည်း လွှတ်တော်မှာ တင်ပြမယ်။ ကျနော့် အနေနဲ့တော့ စစ်ပွဲကို ထပ်မံ မဖြစ်ဖို့၊ တခုခုဖြစ်ရင်တောင် စားပွဲခုံပေါ်မှာ ပြောကြဖို့၊ မဟုတ်ရင် ပြည်သူတွေပဲ ထိခိုက်ပါတယ်” ဟုလည်း ဆိုသည်။
နမ့်ခမ်းမြို့နယ် ဦးစီးမှူး ဦးအောင်ကျော်စိုးက စစ်၏သဘော သဘာဝအရ လုံခြုံရေး အတွက် လက်နက်များရှိ မရှိ တပ်မတော်က လိုက်လံစစ်ဆေး နေကြောင်း၊ စစ်ပွဲများ ရပ်စဲသွားပြီ ဖြစ်၍ ရွာသားများအား မိမိနေရပ်သို့ ပြန်လာရန် ပြန်ခေါ်နေကြောင်း၊ ရွာသားများ၏ ပစ္စည်းကို သိမ်းယူခြင်း မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“မနေ့က ရွာပြန်တဲ့ အချိန်မှာ အိမ်တွေထဲမှာ ဘာမှ မရှိဘူး။ အိမ်တံခါးတွေလည်း အားလုံး ပျက်စီးနေတယ်။ အိမ်မှာ ပြန်နေရင်လည်း စစ်တပ်က ပေါ်တာဆွဲမှာ ကြောက်လို့ ပြန် မနေရဲသေးဘူး။ တရုတ်ပြည်မှာပဲ နေနေရတယ်” ဟု တရုတ်ပြည် အတွင်းရှိ ဒုက္ခသည် စခန်းများသို့ ရောက်ရှိနေသည့် နောင်မ ကျေးရွာသူ တဦးက ဧရာဝတီသို့ ပြောသည်။
ယခု အချိန်ထိ ဒုက္ခသည်များ အားလုံးသည် မိမိနေရပ်သို့ မပြန်ရဲသေးကြောင်း၊ ရွာထဲတွင် တပ်မတော်မှ တပ်များ တပ်စွဲ နေထိုင် နေသဖြင့် ပိုမိုကြောက်နေကြောင်း၊ အပစ်အခတ် ရပ်စဲထားသော်လည်း ရွာကို ပြန်ဖို့ စဉ်းစားရမည် ဖြစ်ကြောင်း၊ ရွာပြန်ပြီး လယ်ယာလုပ်ရန် အတွက်လည်း အခက်အခဲ ဖြစ်နေကြောင်း နောင်မ ကျေးရွာသူက ဆက်လက်ပြောဆို သည်။
“မနေ့က ကျနော်တို့ မူဆယ်က အဖွဲ့တွေ တရုတ်ပြည်နယ်မှာရှိတဲ့ ရှမ်းဒုက္ခသည်တွေကို သွားရောက်ပြီး ရိက္ခာတွေ၊ သွားလှူပါ တယ်။ သူတို့တွေက အလှူရှင်တွေကိုပဲ စောင့်ဆိုင်းနေရတဲ့ အချိန်ပေါ့။ ဘာအလုပ်အကိုင်မှ မရှိတာ။ တချို့ကျ တော့လည်း တရုတ်ပြည်ရှိ ဆွေမျိုးများအိမ် သွားနေထိုင်ကြတယ်” ဟု မူဆယ်မြို့ဒေသခံ ဦးစိုင်းမြတ်က ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် အစိုးရနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်ထား သည့် အဖွဲ့ဖြစ်ပြီး၊ ရှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းရုံး အခြေစိုက်ရာ ခိုလမ်းမြို့နယ်ခွဲ၊ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့၊ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် စစ်ဒေသကွပ်ကဲမှု ဌာနချုပ် ၁၄ ရုံးစိုက်ရာ မိုင်းဆက်မြို့၊ ထိုင်း – မြန်မာ နယ်စပ်ဖြစ် သည့် တာချီလိတ်မြို့များတွင် ဆက်ဆံရေး ရုံးများ ဖွင့်လှစ်ထားကြောင်းသိရသည်။