စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၌ ရွှေတူးဖော်သည့် ကုမ္ပဏီများကြောင့် ဝါးတောများ ပျက်သုဉ်းလာသည့်အတွက် ဒေသခံ လက်လုပ်လက်စားများ၏ စားဝတ်နေရေး ခက်ခဲလာသည့်အပြင် သဘာဝပတ်ဝန်းကျင်ပါ ထိခိုက်လာကြောင်း သိရသည်။
ဝါးတောများမှာ အလေ့ကျပေါက်ခြင်း မဟုတ်ဘဲ စိုက်ပျိုးထားခြင်းဖြစ်ပြီး ရွှေတူးဖော်ရေး ကုမ္ပဏီများက အခင်းပိုင်ရှင်များထံမှ ဝယ်ယူကာ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ရေး လာရောက် လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ဟုမ္မလင်းမြို့နယ် နောင်ပင်မှိုင်းဝယ် ရွာသား ကိုဝင်းဆွေက “အရင်က ကျနော်တို့ဆီမှာ ပိုက်ဆံမရှားဘူး။ လူတိုင်း ဓားတချောင်းရှိ ရင် ဝါးသွားခုတ်၊ တမနက်နဲ့ ပိုက်ဆံ သုံး-လေးထောင် ရတယ်။ အခုဆို စပြီး ဝါးခင်းတွေ စပျက်လာတော့ ငွေရှာရတာ ခက်လာပြီ။ နောင်ဆို မလွယ်တော့ဘူး” ဟု ဆိုသည်။
အဆိုပါဒေသတဝိုက် ရွှေတူးဖော်ရေးကုမ္ပဏီ ဆယ်ဂဏန်းခန့်ရှိပြီး နိုင်ငံတော်အဆင့်သို့ တင်ပြ၍ ရွှေတူးဖော်ခြင်း မဟုတ်ဘဲ ဒေသဆိုင်ရာ အာဏာပိုင်များဖြင့်သာ နားလည်မှုယူ တူးဖော်နေသူများဖြစ်ကြောင်း၊ ဒေသခံများမှာလည်း မြေယာဥပဒေများကို နားမလည်သည့်အတွက် ၎င်းတို့ထံမှ ဈေးပေါပေါဖြင့် ကုမ္ပဏီများက ဝယ်ယူတူးဖော်ခြင်းဖြစ်ကြောင်း ကိုဝင်းဆွေက ဆိုသည်။
ရွှေတူးရာတွင် မြေတူးစက် ယန္တရား (Backhoe) များ အသုံးပြုကြပြီး ရေနှင့် မျှောတိုက်သည့်အတွက် လုပ်ငန်းပြီးလျှင် ကျောက်စရစ်ခဲများသာ ကျန်ရစ်ခဲ့ကြောင်း၊ သစ်တော၊ ဝါးတော ပြုန်းတီးလာသည့်အတွက် အနာဂတ်တွင် ဒေသခံများအတွက် ထိခိုက်နိုင်ကြောင်း ကိုဝင်းဆွေက ဆက်ပြောသည်။
ဤဒေသ၌ တင်းဝါးများကို စိုက်ပျိုးခြင်းဖြစ်ပြီး သက်တမ်း ၅ နှစ်ခန့်တွင် ခုတ်ယူကာ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ရိုး တလျှောက်ရှိ မြို့ရွာများသို့ ဖောင်များဖြင့် တင်ပို့သည်။ ထိုဝါးများမှတဆင့် မြန်မာ့လူနေမှုဘဝတွင် အရေးပါသည့် တောင်း၊ အမွှေးတိုင်၊ နှီးပလုံး၊ ခြင်း၊ ထရံ စသည့် အသုံးအဆောင်ပစ္စည်းများ ပြုလုပ်သည်။
လက်ရှိ ဝါးပေါက်ဈေးမှာ တလုံးလျှင် ၃၀၀ ကျပ်ခန့်ရှိပြီး တခါခုတ်ယူလျှင် ဝါးအလုံးရေ သောင်းချီပြီး ခုတ်ယူနိုင်သည်ဟု သိရသည်။
အဆိုပါ ဒေသတွင် ရွှေတူးဖော်နေသည့် ကုမ္ပဏီတခုဖြစ်သည့် ရွှေယက္ခ ကုမ္ပဏီမှ တာဝန်ရှိသူတဦးက “ဝါးတောပြုန်းတီးမှုကတော့ အနည်းနဲ့ အများရှိပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ ထိန်းသိမ်းပြီးလုပ်ပါတယ်” ဟု ဆိုသည်။
သို့သော် ကုမ္ပဏီများစုမှာ ဒေသခံများ၏ နစ်နာမှုများကို လျော်ကြေးငွေသာ ပေးသော်လည်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် ပတ်သက်၍မူ ပြန်လည်အစားထိုး လုပ်ကိုင်မှုများ မပြုလုပ်နိုင်သေးကြောင်း အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။
ယခုကဲ့သို့ ဟုမ္မလင်းမြို့နယ်အတွင်း ရွှေတူးဖော်မှုများနှင့် ပတ်သက်ပြီး ခန္တီးခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံးသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ဖြေဆိုရန် ငြင်းဆိုသွားသည်။
စစ်အစိုးရလက်ထက်တွင် စစ်တပ်နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများကို ချင်းတွင်းမြစ်ကမ်း တလျှောက်နှင့် ကချင်ပြည်နယ်အတွင်း ရွှေနှင့် ကျောက်တွင်းများကို တူးဖော်ခွင့်ပြုခဲ့ရာ စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်ကြသည့်အတွက် သစ်တောများပြုန်းတီးခဲ့ရပြီး တောင်တန်းများမှာလည်း ချိုင့်ဝှမ်းဖြစ်ခဲ့ရသည်။
ထို့အပြင် ရွှေထုတ်ယူရာတွင် အသုံးပြုသည့် ဆိုင်ယာနိုက် အက်စစ်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် မြေအောက်ရေများနှင့် မြစ်ချောင်းများအတွင်း ရောက်ရှိကာ လူများ၊ တိရိစ္ဆာန်များကို အန္တရာယ် ကျရောက်စေသည့်အပြင် တူးဖော်ထားသည့် မြေစာများကို ချင်းတွင်းမြစ်နှင့် မြစ်လက်တက်များအတွင်းသို့ မြေစာများသွန်ချသည့်အတွက် မြစ်ကြောင်းများလည်း ပျက်စီးခဲ့ရသည်။
သတ္တုတွင်းဝန်ကြီးဌာနက ရွှေတူးဖော်မည့် ကုမ္ပဏီများအပေါ် ချမှတ်ထားသည့် စည်းကမ်းများတွင် ဆိုင်ယာနိုက် အက်ဆစ် အသုံးမပြုရန် ပြဋ္ဌာန်းထားပြီး ဖြစ်သော်လည်း ကုမ္ပဏီများက ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် အသုံးပြုနေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံတွင် ရွှေတူးဖော်ရာ၌ လေးပေပတ်လည် ကျင်းတူးကာ မိုင်းခွဲ၍လည်းကောင်း၊ စက်ယန္တရားကြီးများဖြင့် လည်းကောင်း အသုံးပြုကာ တူးဖော်သည်။
ရွှေတူးဖော်လိုသည့် ကုမ္ပဏီများအနေဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ ထောက်ခံချက်ဖြင့် တိုင်းဒေသကြီးအစိုးရ၊ ထိုမှတဆင့် နေပြည်တော်ရှိ ပြည်ထောင်စု သတ္တုတွင်းဝန်ကြီးဌာနသို့ တင်ပြကာ တူးဖော်ခွင့် လျှောက်ထားရသည်။
သို့သော် ကုမ္ပဏီတချို့က ရွှေထွက်နိုင်မည့် နေရာကို ဒေသအာဏာပိုင်များဖြင့် ပူးပေါင်းကာ စက်ယန္တရားများနှင့် အစမ်းတူးဖော်ပြီး သေချာပေါက် အကျိုးအမြတ်ရှိမှသာ ပြည်ထောင်စု အစိုးရ သတ္တုတွင်းဝန်ကြီးဌာနသို့ ခွင့်ပြုချက်လျှောက်ကြောင်း သိရသည်။
မကြာသေးမီကလည်း ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရွှေမင်းဖုန်းကျေးရွာ အုပ်စုရှိ အာရှကမ္ဘာမြေကုမ္ပဏီပိုင် ရွှေတွင်း၌ မိုးသည်းထန်စွာရွာသွန်းကာ မြေပြိုမှုကြောင့် လူ ၁၇ ဦးသေဆုံးကာ ၈ ဦးပျောက်ဆုံးရသည်အထိ သဘာဝပတ်ဝန်း ပျက်စီးမှုဒဏ်ကို ခံခဲ့ရသည်။