ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီ ဒုက္ခသည်များကို ပြန်လည်နေရာချထားရေး၊ မုန်တိုင်းဒဏ်ကာကွယ်ရေးနှင့် ဒုက္ခသည် အမည်စာရင်း ကောက်ယူရေး (ဆွဲ၊ တင်၊ စစ်) တို့တွင် ဒုက္ခသည်များဘက်မှ ဆန့်ကျင်မှုများရှိနေပြီး ယင်းဖြစ်ရပ်၏ နောက်တွင် ကြိုးကိုင် လှုံ့ဆော်နေသူများ ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူများက ပြောသည်။
ရခိုင်ပြည်နယ်အစိုးရ၏ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက “အခုကိစ္စတွေမှာ နောက်ကွယ်က ကြိုးကိုင်သူတွေရှိတယ်။ အရေးယူဆောင်ရွက်ရေး ကိစ္စကတော့ ရဲတွေ အလုပ်ပါ။ ဆွဲ၊ တင်၊ စစ် တုန်းက လှုံ့ဆော်မှုနဲ့ မသင်္ကာတဲ့လူတွေကိုတော့ အရေးယူ ဆောင်ရွက်တာတွေ လုပ်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်က ယခုနှစ် ဧပြီလကုန်ပိုင်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာတွင် မိုးမကျမီ ဒုက္ခသည်များ အမိုးအကာအောက် အမြန်ရောက်ရေး ပါဝင်ပြီး ယင်းစီမံချက်အတိုင်း အစိုးရအဖွဲ့ဝင်များက ဆောင်ရွက်ရာတွင် ဒုက္ခသည်များဘက်မှ ငြင်းဆန်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပွားသော ပဋိပက္ခကြောင့် ကျောက်ဖြူဒေသမှ ထွက်ပြေးလာပြီး စစ်တွေမြို့နယ်တွင် လာရောက် ခိုလှုံနေသူများကို မိုးမကျမီ အမိုးအကာများ တည်ဆောက်ပြီး လာရင်းဒေသသို့ ပြန်လည်ပို့ဆောင်ရန် ပြုလုပ်ရာတွင် ဒုက္ခသည်များက တညီတညွတ်တည်း ငြင်းဆန်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
“ပြန်ပို့ဖို့ကိစ္စကို ဒုက္ခသည်တွေကို အရင်သွားရှင်းပြတယ်။ သူတို့ကလည်း ပြန်မယ်လို့ပြောတယ်။ ဒါနဲ့ ပြည်နယ်အစိုးရကို တင်ပြပြီး တကယ်ရွှေ့ပေးတော့မယ် လုပ်တော့ အားလုံးက မလိုက်ဘူးဆိုပြီး ငြင်းတယ်” ဟု ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။
ဒုက္ခသည်များဘက်မှ ငြင်းဆန်နေသော်လည်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေအရ ရွှေ့ပြောင်းပေးရမည် ဖြစ်ကြောင်း ယခု လက်ရှိ နေထိုင်နေသော စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းများတွင်လည်း နေရာလုံလောက်ခြင်း မရှိသည့်အတွက် ထားရှိရန် မဖြစ်နိုင်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ဧရာဝတီသို့ ပြောသည်။
“နောက်ဆုံးတော့ သူတို့က အသေသာခံမယ်၊ မရွှေ့ဘူးဆိုပြီး လုပ်နေတယ်။ ကျနော်တို့ကလည်း ဟိုမှာဆောက်ပြီးလို့ ရွှေ့ပေးနေတာ။ သူတို့က စစ်တွေမှာလာပြီး စုမယ့်ပုံစံမျိုး ဖြစ်နေတယ်။ အဲဒါကျတော့ ကျနော်တို့က ဘယ်လိုလုပ် လက်ခံလို့ရမလဲ။ ဒီမှာထားလို့တော့ မရဘူး၊ ဥပဒေအကြောင်းအရ ရွှေ့ပေးရမှာပဲ၊ ဒီမှာလည်း နေရာမလောက်ဘူး” ဟု ဦးဝင်းမြိုင်က ပြောသည်။
ဒုက္ခသည်များ ယခုကဲ့သို့ မပြောင်းရွှေ့လိုတော့ကြောင်း ငြင်းဆန်နေမှုနှင့် ပတ်သက်ပြီး ဦးဝင်းမြိုင်က “သူတို့နောက်မှာ ဗလီဆရာ တယောက်ကနေပြီးတော့မှ မရွှေ့မပြောင်းဖို့ လုပ်နေတာ” ဟု စွပ်စွဲပြောဆိုသည်။
စစ်တွေမြို့နယ် ဒုက္ခသည် စခန်းများရှိ လူဦးရေ ကောက်ခံခြင်းကို ဆွဲ၊ တင်၊ စစ် (နေရာဒေသ မြေပုံဆွဲခြင်း၊ မှတ်တမ်း တင်ခြင်း နှင့် စစ်ဆေးခြင်း) စနစ်ဖြင့် လူဝင်မှု ကြီးကြပ်ရေးဌာန၊ ပြည်နယ်အစိုးရ၊ ဒေသဆိုင်ရာ အာဏာပိုင်များ စုပေါင်း၍ ဧပြီလကုန်ပိုင်းတွင် စတင်ကောက်ခံရာ ဒုက္ခသည်များ၏ အုံကြွ ကန့်ကွက်မှုများနှင့် ကြုံတွေ့ရ၍ ရပ်ဆိုင်းခဲ့ရသည်။
ဒုက္ခသည်များက လူဦးရေ စာရင်းကောက်ခံရာ၌ လူမျိုးအမည်တွင် “ဘင်္ဂါလီ” ဟု မဖြည့်လိုဘဲ “ရိုဟင်ဂျာ” ဟူ၍ စာရင်းသွင်းမှသာ လက်ခံမည်ဟုဆိုကာ အုပ်စုဖွဲ့ ကန့်ကွက်သည့်အတွက် ခေတ္တရပ်ခဲ့ရကြောင်း၊ ယင်းဖြစ်ရပ်တွင် တာဝန်ဖြင့် စစ်ဆေးရန် ရောက်ရှိလာသော အစိုးရအဖွဲ့ဝင်များ တိုက်ခိုက်ခံခဲ့ရပြီး ဒုက္ခသည်များ၏ နောက်ကွယ်က လှုံ့ဆော်ပေးသူ တချို့ကိုလည်း ဖမ်းဆီးထားကြောင်း ဦးလှသိန်းက ပြောသည်။
ထို့အပြင် ယခုလလယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရက စစ်တွေမြို့ အနီးရှိ ဒုက္ခသည် စခန်းများကို မဟာစင်မုန်တိုင်း ဝင်ရောက်နိုင်သဖြင့် ကင်းလွတ်နိုင်သော နေရာများသို့ ရွှေ့ပြောင်းရွှေ့ပေးရာတွင် ဒုက္ခသည် စခန်း ၁၁ ခုမှ ဒုက္ခသည် ၇၀၀၀၀ ခန့်က ရွှေ့ပြောင်းရန် ငြင်းဆန်ခဲ့ကြသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဗဟုသုတ နည်းပါးသော ဒုက္ခသည်များကို အကြောင်းပြ၍ နောက်ကွယ်မှ ကြိုးကိုင် လှုံ့ဆော်မှုများ မပြုလုပ်သင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ် ဘာသာရေးအဖွဲ့၏ အတွင်းရေးမှူးချုပ် ဦးကျော်ခင်က ပြောသည်။
“နောက်က လှုံ့ဆော်တဲ့လူတွေက နိုင်ငံခြားမှာ ရှိမယ်၊ အဲယားကွန်းခန်းထဲမှာ ရှိမယ်၊ သူတို့သားသမီးတွေက နိုင်ငံခြားမှာ ပညာတော်သင်တွေ သွားနေကြတဲ့ လူတွေ။ ဒုက္ခသည်တွေဆိုတာ လက်လုပ်လက်စားတွေ၊ ဒီလိုဒုက္ခတွေ ဘယ်ခံစားချင်ပါ့မလဲ။ တကယ်ခံစားနေရတာက သူတို့။ နောက်ကနေ ကြိုးကိုင်ပြီးတော့မှ မဖြစ်မနေ ဒီလိုပဲလုပ် ဆိုပြီးတော့မှ ပုံစံချထားသလားတော့ မသိဘူးပေါ့ဗျာ” ဟု ဦးကျော်ခင်က ဧရာဝတီသို့ ပြောသည်။
လက်ရှိဒုက္ခသည်များ ရွှေ့ပြောင်းရေး ကိစ္စတွင် ပဋိပက္ခများကြားမှ ထွက်လာခဲ့ရသော ဒုက္ခသည်များ အနေဖြင့် နောက်ထပ် ပဋိပက္ခများ ဖြစ်ပွားမည်ကို စိုးရိမ်မှုများ ရှိနေသကဲ့သို့ အစိုးရအပေါ် ယုံကြည်မှု အားနည်း နေသေးခြင်းများလည်း ရှိနေကြောင်း သူက ဆက်လက် ပြောသည်။
ထို့ကြောင့် ဒုက္ခသည်များ ရွှေ့ပြောင်းရေး ကိစ္စအတွက် ပူးပေါင်းလုပ်ဆောင်ကြရန် မကြာသေးမီက သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ သမ္မတ အကြံပေး ဦးကိုကိုလှိုင် တို့နှင့် ဘာသာရေးအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များနှင့် NGO အဖွဲ့များ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မိုးမကျမီ အမိုးအကာအောက် ရောက်ရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း ဦးကျော်ခင်က ဆိုသည်။
ဒုက္ခသည်များ ပြန်လည် နေရာချထားရေး ကူညီဆောင်ရွက်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်၏ တွဲဖက် အတွင်းရေးမှူး ဦးရဲနောင်သိန်းက “မွတ်စလင်တွေထဲမှာကျတော့ဗျာ၊ ကြောက်စိတ်က လွှမ်းမိုးနေတဲ့ အခါကျတော့ အရာရာကို သံသယအဖြစ် ရှုမြင်ပြီးတော့ မပြောင်းရွှေ့ချင်ကြတာမျိုး ဖြစ်ပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒုက္ခသည်များ ပြန်လည် နေရာချထားရေးကိစ္စနှင့် ပတ်သက်ပြီး အစိုးရဘက်က အလေးထား ဆောင်ရွက်ပေးမှုများ ရှိကြောင်း၊ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် စိုးရိမ်မှုများနေသည့် ဒုက္ခသည်များကိုလည်း ၎င်းတို့ ဘာသာရေး အဖွဲ့များမှလည်း ဝိုင်းဝန်း ဖျောင်းဖျပေးမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာမွတ်စလင် အိုလမာ ဖွဲ့ချုပ်မှ ဦးစိန်ဝင်း ကလည်း ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အတွင်း သမ္မတ အိုဘားမားက “မြန်မာနိုင်ငံမှာ မွတ်စလင်တွေအပေါ်မှာ အကြမ်းဖက်မှုတွေ ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်လို့လည်း ကျနော် သမ္မတကြီး (ဦးသိန်းစိန်) နဲ့ ဆွေးနွေးခဲ့ပါတယ်။ အဲဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ သူတို့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေ၊ နောက်ပြီးတော့ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီးတော့ ဆက်လက်ပြီးတော့ အကူအညီ ပေးဖို့အတွက် ကျနော်တို့ သဘောတူကြပါတယ်။ နိုင်ငံတကာကလည်း ကူညီပေးနေတာ ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြချက်အရ ၂၀၁၂ ခုနှစ် ပဋိပက္ခများအတွင်း လူပေါင်း ၁၉၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်ပေါင်း ၈၆၁၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်းအစီရင်ခံစာတွင် ရခိုင်နှင့် ဘင်္ဂါလီဟု သုံးစွဲထားပြီး အစိုးရသတင်းစာများတွင်လည်း ဘင်္ဂါလီဟုပင် သုံးစွဲထားသည်။