ရန်ကုန်တိုင်း ဒေသကြီး မြောက် ဥက္ကလာပ မြို့နယ် တရားရုံးရှေ့၌ ယနေ့ ဆန္ဒပြနေသော ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဒီမိုကရေစီ အရေး အဆက်မပြတ် လှုပ်ရှားမှုများအဖွဲ့(MDCF) မှ ကိုထင်ကျော် အပါအဝင် ၃ ဦးကို အင်းစိန်ထောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရသည်။
ဂရိတ်နိုင်း ကျောက်မျက် ကုမ္ပဏီ၏ မရမ်းကုန်း မြို့နယ်ရှိ အိမ်ခြံမြေများသိမ်းယူမှုကို ကိုထင်ကျော် က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး ကုမ္ပဏီ ပိုင်ရှင် ဦးအိုင်လင်း ဆိုသူက အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုရာတွင် တရားရုံးမှ အာမခံပေး သော်လည်း အာမခံမတင်ခဲ့သည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကိုထင်ကျော်၏ ဇနီး မသန်းသန်းမော်က ဧရာဝတီ သို့ ပြောသည်။
အဖမ်းခံလိုက်ရသူများမှာ ကိုထင်ကျော်နှင့်အတူ မရမ်းကုန်းမြို့နယ်အတွင်းက မြေသိမ်းခံလိုက်ရသော မြေပိုင်ရှင် ဦးအေးနှင့် ဒေါ် စိန်ထွေးတို့ ဖြစ်ကြောင်း၊ ၎င်းတို့အားလုံးက အာမခံ မတင်ခဲ့ကြောင်း မသန်းသန်းမော် က ဆက်ပြောသည်။
ယင်း အိမ်ခြံမြေ သိမ်းယူမှုနှင့်ပတ်သက်ပြီး ကိုထင်ကျော်က ယခုနှစ် ဖေဖော်ဝါရီလ အတွင်း မြောက်ဥက္ကလာပမြို့နယ်တွင် သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယနေ့တွင် တရားရုံးက အာမခံအတွက် ကျပ် ၅ သိန်းတင်ရန် ပြောဆိုခဲ့ရာ ၎င်းအနေဖြင့် အာမခံငွေ မတင်ဘဲ အဖမ်းခံလိုက်မည် ဖြစ်ကြောင်းလည်း ကိုထင်ကျော်က အဖမ်းမခံရခင် ဧရာဝတီ၏ ဆက်သွယ် မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
“ကျနော်က နိုင်ငံရေးသမား။ အာမခံအတွက် ၅ သိန်းမပြောနဲ့ ၅ ထောင်ဆိုလည်း မတင်ဘူး။ ကျနော် က အမှန်တရားဖြစ်တဲ့အတွက် ခရိုနီပေးတဲ့ အာမခံကိုမယူဘူး။ ထောင်ထဲ တန်းသွားမယ်လို့ ပြောလိုက်တယ်။ အခု တရားရုံး ရှေ့မှာ ဆန္ဒပြနေတယ်”ဟု ၎င်းက ဆိုသည်။
ဂရိတ်နိုင်း ကျောက်မျက် ကုမ္ပဏီ က မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်မှ အိမ်ခြံမြေ တချို့ကို ၂၀၀၄ ခုနှစ်တွင် သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်များအပေါ် ကုမ္ပဏီဘက်မှ မရမ်းကုန်းမြို့နယ်တွင် တရားစွဲဆိုရန် ပြင်ဆင်ခဲ့ သော်လည်း တရားရုံးက ပယ်ချခဲ့ကြောင်း၊ မြောက်ဥက္ကလာပ တရားရုံးသို့ ထပ်မံလျှောက်ထားရာ တရားသူကြီး ဦးခင်မောင်စီ က လက်ခံခဲ့ပြီးနောက် အာမခံပေးခဲ့ခြင်း ဖြစ်ကြောင်း ကိုထင်ကျော်က ဆက်လက် ပြောဆိုသည်။
သတင်းစာရှင်းလင်းပွဲ ကို သက်ဆိုင်ရာသို့ ခွင့်ပြုချက်တင်ပြီးမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ကိုထင်ကျော်အဖမ်းခံခဲ့ရလျှင် နိုင်ငံတော် သမ္မတ၊ လွှတ်တော်များနှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့တို့ထံ တရားမျှတမှု မရှိကြောင်း ပြ သရန်အတွက် ဥပဒေလမ်းကြောင်းအတွင်းမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MDCF ရန်ကုန်တိုင်း တာဝန်ခံ ကိုတင်မောင်ကြည် က ပြောသည်။
ထိုသို့ တရားစွဲဆိုခဲ့ရခြင်းမှာ သတင်းစာရှင်းလင်းပွဲတွင် ကိုထင်ကျော်၏ ပြောဆိုချက်များသည် လွဲမှားခြင်းများ ရှိနေကြောင်း၊ မိမိတွင် တရားဝင် ပိုင်ဆိုင်မှု အထောက်အထားများ ပြည့်ပြည့်စုံစုံ ရှိကြောင်း ဂရိတ်နိုင်း ကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် ဦးအိုင်လင်း က ဧရာဝတီသို့ ပြောသည်။ အသေးစိတ် အချက်အလက်များကိုမူ ပြောဆိုခဲ့ခြင်း မရှိပေ။
“ကိုထင်ကျော် ကို ဖမ်းသွားပေမယ့်လည်း ဒီမိုကရေစီအရေးအတွက် ကျနော်တို့က ဆက်လှုပ်ရှား သွားမယ်။ သူလွတ်မြောက်ဖို့ အတွက်လည်း ဆက်ပြီး ဆန္ဒဖော်ထုတ်သွားမယ်”ဟု ကိုတင်မောင်ကြည်က ဆက်လက် ပြောဆိုသည်။
မေလ ၉ ရက်နေ့ကလည်း ကိုထင်ကျော်သည် ရန်ကုန်မြို့ ပန်းဘဲတန်းနှင့် ကျောက်တံတား မြို့နယ်အတွင်း တကိုယ်တော် လမ်း လျှောက် ဆန္ဒပြမှု ပြလုပ်ခဲ့ရာ ခေတ္တ ထိန်းသိမ်း ခံခဲ့ရသေးသည်။
ကိုထင်ကျော်သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမတိုင်ခင် ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကို ဆန္ဒပြခဲ့ရာမှ အဖမ်းခံခဲ့ရပြီး ခန္တီးအကျဉ်းထောင်တွင် ထောင်ဒဏ် ၁၂ ခွဲ ကျခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် နိုင်ငံတော် သမ္မတ၏ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည်လွတ်မြောက်လာပြီး ထောင်ထဲတွင် ၄ နှစ်ခွဲနီးပါး နေခဲ့ရသူ ဖြစ်သည်။