ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်တပ်နှင့် စစ်တပ်ပိုင်စက်ရုံများမှ သိမ်းယူခဲ့သော လယ်မြေ ဧက ၁၀၀၀၀ ကျော် ပြန် လည် ရရှိရေးအတွက် ဒေသခံလယ်သမား ၂၀၀ ခန့်က ယနေ့နံနက်ပိုင်းတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒပြတောင်းဆိုကြ ကြောင်း သိရသည်။
ယင်းလယ်မြေများကို ၁၉၈၉ ခုနှစ် ကတည်းက တရားမဝင်သိမ်းယူခံခဲ့ရခြင်းနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ အကြိမ်ကြိမ် စာတင် တောင်းဆိုခဲ့သော်လည်း လယ်ယာမြေနှင့် အခြားမြေယာများ သိမ်းဆည်းခံရမှု စုံစမ်း စစ်ဆေးရေးကော်မရှင် (ပဲခူးတိုင်း)က လာရောက် ဖြေရှင်းပေးခြင်းမရှိကြောင်း၊ ထို့အပြင် လယ်သမားများက မိမိတို့၏ လယ်ယာမြေများတွင် ဝင်ရောက် ထွန်ယက် စိုက် ပျိုးသည့်အခါ ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွား ဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုခြင်းခံရသည့် အတွက် ဆန္ဒပြတောင်းဆိုရခြင်းဖြစ်ကြောင်း ပန်းတောင်းမြို့နယ် ဒေါင်းတိုက် ကျေးရွာမှ လယ်သမား ကိုဌေးဝင်း က ဧရာဝတီသို့ ပြောသည်။
“စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို သုံးကြိမ်တိတိ ဖုန်းဆက် အကူအညီတောင်းတယ်။ လာမယ်လာမယ်နဲ့ ကတိပေးပြီး တခါမှလည်း မလာဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကို စာတင်တာလည်း နှစ်ခါရှိပြီ ဘာမှမထူးဘူး။ ကျနော်တို့က စားစရာမရှိလို့ ဝင်စိုက် တော့ လည်း ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှု နဲ့ ပုဒ်မ ၄၂၇ အကျိုးစီးပွား ဖျက်ဆီးမှုဆိုပြီး က.ပ.စ ၅ က ဗိုလ်ကြီး အောင်နိုင်ဦး က ပန်းတောင်းမြို့နယ် တရားရုံးမှာ တရားစွဲတယ်”ဟု ၎င်းက ပြောပြသည်။
လယ်မြေများ သိမ်းယူထားသော တပ်နှင့် စက်ရုံများမှာ တပ်မတော် ကာကွယ်ရေး ပစ္စည်း စက်ရုံ(က.ပ.စ) ၃ ၊ က.ပ.စ ၅ ၊ က.ပ.စ ၆ ၊ က.ပ.စ ၉ ၊ က.ပ.စ ၁၆ ၊ ခြေလျင် တပ်ရင်း(ခ.လ.ရ) ၉၂ ၊ အမြောက်တပ် (၁၀၃၄) တို့ ပါဝင်ကြောင်း၊ စက်ရုံ ဆောက်လုပ်ရန်နှင့် တပ်ရိက္ခာအတွက် စီမံချက်များဖြင့် သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း နှင့် လယ်သမားများထံမှ သိမ်းယူခဲ့စဉ်က တရားဝင် သိမ်းယူ ခဲ့ခြင်း မဟုတ်သကဲ့သို့ လျော်ကြေးလည်း မရရှိခဲ့ကြောင်း ပန်းတောင်းမြို့နယ် ကွင်းလှရွာမှ လယ်သိမ်းခံ တောင်သူ ဦးကျော်မိုးက ပြောသည်။
“မေ ၁၆ ရက်နေ့က စာတင်တာ။ ကျနော်တို့ ကွင်းလှအုပ်စုက ဧက ၁၂၀၀ ကျော် အသိမ်းခံရတာ။ အုပ်စု ဆယ့်နှစ်ခုစလုံးပေါင်းရင် ဧက ၁၀၀၀၀ ကျော်ရှိတယ်။ သိမ်းတုန်းကလည်း ဘာစာရွက်စာတန်းမှ မပါဘူး၊ ပါးစပ်နဲ့ သိမ်းတာ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် သိမ်းပါ။ လက်ခံပါတယ်။ ဝန်ကြီးဌာနတခုတည်း ကောင်းစားဖို့၊ တဦးတယောက်တည်း ကောင်းစားဖို့ပဲဖြစ်တော့ ကျနော်တို့ လက် မခံ နိုင်ပါဘူး”ဟု ၎င်းက ဆိုသည်။
ယနေ့ နံနက် ၈ း ၃၀ ခန့်က ဆန္ဒပြသူများမှာ ပန်းတောင်းမြို့နယ်အတွင်းရှိ ကွင်းလှ၊ ကွင်းလှအထက်ရွာ၊ ကွင်းလှလယ်ပြန်တန်း၊ ဘူးဘတ်၊ ဇီးခုန်၊ ကျီးတောင်ကျင်း၊ တုံကင်း၊ ရွာထောင်၊ ဆေးတော၊ ပေပင်တို၊ ဒေါင်းတိုက် စသည့်ကျေးရွာများမှ တောင်သူ လယ်သမားများဖြစ်ပြီး ဆန္ဒပြခြင်း အစီအစဉ်ကို နံနက် ၁၀ နာရီခန့်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။