ထိုင်းတွင် ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသော အသက် ၁၂ နှစ်အရွယ် ကရင် မိန်းကလေးငယ်၏ ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန်လာပြီး တရားခံဟု ယူဆရသည့် ထိုင်းအိမ်ရှင် လင်းမယားကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ထိုင်းနိုင်ငံ မြောက်ဘက်ပိုင်း ကန်ဖယ်ဖက် (Kamphaeng Phet) မြို့တွင် အသက် ၃၅ နှစ် အရွယ် ထိုင်း အမျိုးသားနှင့် အသက် ၃၃ နှစ် အရွယ်ရှိ ထိုင်း အမျိုးသမီး လင်မယားက မြန်မာပြည်ဖွား ကရင်မိန်းကလေးငယ်ကို အသက် ၇ နှစ် အရွယ်ကတည်းက ခိုးယူခဲ့ပြီး အိမ်တွင်း အခိုင်းအစေအဖြစ် ၅ နှစ်ကျော်ကြာ ပိတ်လှောင်ထားကာ (https://burma.irrawaddy.com/archives/33821) ခွေးလှောင်အိမ်အတွင်း ထည့်ထားခြင်း၊ ခန္ဓာကိုယ်အနှံ့ ရေနွေးပူဖြင့် ပက်ခြင်းတို့ကို ပြုလုပ်၍ ညှဉ်းပန်း နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။
မိန်းကလေးငယ်ကို ဘန်ကောက်မြို့ရှိ Rama Thibodi ဆေးရုံတွင် အပူလောင် ဒဏ်ရာကြောင့် အရေးပြားများ တွဲဆက်သွားသည့် လက်နှစ်ဖက်စလုံးကို ပြီးခဲ့သည့် မတ်လဆန်းမှ စတင်၍ ၂ ကြိမ် ခွဲစိတ်ကုသထားပြီး ဖြစ်ကြောင်း ကန်ဖယ်ဖက်မြို့ရှိ မိခင်နှင့် ကလေးစောင့် ရှောက်ရေးဂေဟာမှ တာဝန်ရှိသူ Mr. Tanawat က ဧရာဝတီသို့ ပြောသည်။
“ကလေးမလေးက ဆေးရုံမှာပဲ ရှိနေသေးတယ်။ ခွဲစိတ်ထားတာကတော့ ၂ ကြိမ်ရှိပြီ။ လက်တွေ ကောင်းလာပြီး ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ မိသာစုဝင်တွေလည်း သွားတွေ့ပါတယ်” ဟု Mr. Tanawat က ဆိုသည်။
မိန်းကလေးငယ်အတွက် ကုန်ကျငွေများကို ဆေးရုံမှ တာဝန်ရှိသူများနှင့် ထိုင်းအစိုးရတို့ ပူးပေါင်းပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်သည့် အထိ တာဝန်ယူ ကုသပေးမည် ဖြစ်ကြောင်း၊ Mr. Tanawat ၏ အဆိုအရ မိန်းကလေးငယ် အတွက်ရရှိထားသည့် ထောက်ပံ့ကြေးငွေ ဘတ် ၆ သိန်းကျော်ကိုလည်း ထိုင်းဘဏ်တခုတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
ယခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်၍ ထွက်ပြေး တိမ်းရှောင်နေသည့် ထိုင်း အလုပ်ရှင် လင်းမယားကိုလည်း နယ်မြေခံ ထိုင်းရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ရန် ကြိုးစားနေဆဲ ဖြစ်ကြောင်း သိရှိရသည်။
“အိမ်နဲ့ခြံကို ပစ်ပြီးတော့ ထွက်ပြေးသွားတယ်။ အိမ်မှာ အစောင့်တွေဘာတွေ မရှိဘူး။ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေကလည်း စောင့်ကြည့်နေပါတယ်” ဟု Mr. Tanawat က ပြောသည်။
အတည်မပြုနိုင်သော သတင်းများအရ ထွက်ပြေး တိမ်းရှောင်နေသည့် ထိုင်း အလုပ်ရှင် လင်းမယားမှာ နယ်မြေခံ ထိုင်းအာဏာပိုင်များနှင့် နီးစပ်သူများ ဖြစ်ကြောင်း ကြားသိရသည်ဟုလည်း Mr. Tanawat က ဆက်လက်ပြောသည်။
ကရင် မိန်းကလေးငယ်၏ အမှုနှင့် ပတ်သက်၍ တဖြည်းဖြည်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်ကြောင်း အလုပ်သမားအရေး ဆောင် ရွက်နေသူများက ဆိုသည်။
မြန်မာ အလုပ်သမား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းက “မြန်မာတွေနဲ့ ဖြစ်တဲ့ ကိစ္စမှန်သမျှမှာ ထိုင်းတွေက သွေးအေးအောင် လုပ်ပြီးတော့ မေ့မေ့ပျောက်ပျောက် ဖြစ်အောင် လုပ်တာမျိုးတွေ ရှိတယ်” ဟု အမှုစတင် ဖြစ်ပွားစဉ်က ဧရာဝတီသို့ မှတ်ချက်ပေးဖူးသည်။
ယင်းအလုပ်ရှင် လင်မယားကို အသက် မပြည့်သူအား အဓမ္မခိုင်းစေမှု၊ လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှုတို့ အပါအဝင် စွဲချက် ၇ချက် ဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝရမ်းထုတ်ကာ ဖမ်းဆီးခဲ့သော်လည်း စွဲချက်များကို ငြင်းပယ်ထားပြီး သက်ဆိုင်ရာ ထိုင်းအာဏာ ပိုင်များက ဘတ်ငွေ ၇ သိန်း အာမခံဖြင့် လွှတ်ပေးခဲ့သည်။
ထို့နောက် အဆိုပါ ထိုင်း လင်မယားကို အာဏာပိုင်များ စစ်ဆေးမေးမြန်းရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ချိန်းဆိုထားရာမှ ထွက်ပြေး တိမ်းရှောင်သွားသည်။
တရား ရင်ဆိုင်ရမည် ဖြစ်သော ထိုင်း အလုပ်ရှင် လင်းမယားကို ဖမ်းဆီးပေးသူအား ထိုင်း ဘတ်ငွေ ၁ သိန်း ပေးမည်ဟု ထိုင်းရဲတပ်ဖွဲ့က ဆုငွေ ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
- ထိုင်းတွင် ကရင် မိန်းကလေးငယ်တဦး ၅ နှစ်ကြာ ပိတ်လှောင် နှိပ်စက် ခိုင်းစေခံရ
- ထိုင်းတွင် ညှဉ်းပန်းခံရသူ ကရင်မိန်းကလေးကို မြန်မာအစိုးရ သွားရောက်ကူညီ