လားရှိုး ပဋိပက္ခကို စတင်ဖြစ်ပွားစေခဲ့သော ဓာတ်ဆီလောင်း မီးရှို့ခံရသည့် မှုခင်းဖြစ်စဉ်တွင် မီးရှို့ခံခဲ့ရသည့် အသက် ၂၄ နှစ်အရွယ် မအေးအေးဝင်းမှာ လားရှိုးခရိုင်ပြည်သူ့ ဆေးရုံတွင် ကျန်းမာရေးအခြေအနေ တိုးတက် ကောင်းမွန်လျက်ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ မရှိတော့ကြောင်း သတင်းရရှိသည်။
ကျိုင်းတုံမြို့မှ လာရောက်သည့် ကိုနေဝင်းဆိုသူက မအေးအေးဝင်းကို ဓာတ်ဆီလောင်း မီးရှို့ခဲ့ပြီးနောက် ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားပြီး တဦးသေဆုံး၍ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ လားရှိုးမြို့ပေါ်ရှိ ဗလီ၊ နေအိမ်နှင့် ဆိုင်ခန်းများ အပါအဝင် အဆောက်အအုံ၊ ကား၊ ဆိုင်ကယ်များ မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း၊ သတင်းဌာနတချို့နှင့် အင်တာနက်လူမှု ကွန်ရက် facebook စာမျက်နှာများတွင် မအေးအေးဝင်း သေဆုံးပြီ၊ ကျန်းမာရေး အလွန်ဆိုးရွားနေပြီ ဆိုသော သတင်းများ ရေးသားဖော်ပြလျှက် ရှိသော်လည်း လက်ရှိတွင် လူနာ မအေးအေးဝင်းမှာ ကျန်းမာရေးအခြေအနေ တိုးတက် ကောင်းမွန်ကြောင်း လားရှိုးခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒီပါတ်က ဧရာဝတီသို့ ပြောသည်။
“လူနာက စိုးရိမ်ရတဲ့ အနေအထားမှာ မရှိဘူး။ ကျန်းမာရေး ကောင်းနေတယ်။ ဆီးကောင်းကောင်း သွားတယ်။ ဆီး ကောင်းတယ် ဆိုတာက သူ့ရဲ့ ကျန်းမာရေးပဲ။ မီးလောင် ဒဏ်ရာတွေရဲ့ သဘာဝက ရေဓာတ်ဆုံးရှုံးတာ၊ ရေဓာတ်ကို ကျနော်တို့ က ဖြည့်ပေးနေရတာ။ ဒီမနက် ဆီး ၁၂၀၀ စီစီလောက် ကောင်းကောင်း သွားတယ်ဆိုတော့ လူနာရဲ့ အနေအထား ကောင်းတယ်လို့ ပြောလို့ ရတယ်။ အဖျားဝင်တာ မရှိဘူး။ အရည်မျိုလို့ ရတယ်” ဟု ဒေါက်တာ ဒီပါတ်က ဧရာဝတီကို ပြောသည်။
မအေးအေးဝင်း၏ မိသားစုဝင်များက မအေးအေးဝင်း၏ ကျန်းမာရေး တိုးတက်မှုရှိပြီး အနည်းငယ် သက်သာစ ပြုလာပြီဟု ဧရာဝတီသို့ ပြောဆိုကြသည်။
“သူ စကားမပြောနိုင်ဘူး။ အစာ မစားနိုင်ဘူး။ အရည်တိုက်လို့ ရပေမယ့် တခါတလေ ပြန်အန်တယ်။ အော်ပရေးရှင်း ဝင်ပြီးကာစ အခြေအနေနဲ့ စာရင်တော့ အခုနည်းနည်း သက်သာလာတယ်လို့ ထင်ပါတယ်” ဟု မိသားစုဝင် တဦးက ဆိုသည်။
လားရှိုးမြို့တွင် မေ ၂၈ ရက်နေ့ ကျိုင်းတုံမြို့နယ်မှ ရောက်ရှိလာသော အသက် ၄၀ အရွယ် ကိုနေဝင်းဆိုသူက အသက် ၂၄ နှစ်အရွယ် မအေးအေးဝင်းကို ဓာတ်ဆီနှင့်ပက်ပြီး မီးရှို့ခဲ့ကြောင်း၊ ယင်းမီးရှို့မှုကြောင့် ဗလီ၊ နေအိမ်များ မီးရှို့ခြင်း၊ ဘာသာခြား အုပ်စုနှစ်ခုအကြား တိုက်ခိုက်မှုများဖြစ်ပွားပြီး ပဋိပက္ခစတင်ခဲ့ကြောင်း၊ ပဋိပက္ခကြောင့် ယနေ့အချိန်အထိ လူတဦး သေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိထားပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း၊ မွတ်စလင်များ ပိုင်ဆိုင်သော စီးပွားရေး လုပ်ငန်းများ၊ ဗလီအဆောက်အအုံများ ဈေးဆိုင်များ မီးရှို့ဖျက်ဆီးခံခဲ့ရရာ လူနေအိမ် ၈ လုံး၊ ဆိုင်ခန်း ၁၇ ခန်း၊ ဗလီ ၁ လုံး၊ ဘာသာရေး ကျောင်း ၃ ကျောင်း၊ ကား ၃ စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း လားရှိုးခရိုင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။