ဒီမိုကရေစီနှင့် တံခါးဖွင့်စီးပွားရေးစနစ် တည်ဆောက်ရာတွင် အမြတ်အစွန်း ဦးစားပေး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ ငွေကြေး အကျိုးအမြတ် ရှေးရှုခြင်း မရှိသော အများပြည်သူဝန်ဆောင်မှုကဏ္ဍသည်လည်း အရေးကြီးသည်ဟု ရည်ရွယ်ပြီး အစိုးရပိုင် မီဒီယာများကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ်သို့ ပြောင်းလဲရေးလုပ်ဆောင်ရန် ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော ဥပဒေကြမ်းမှာ မီဒီယာသမားများ၏ ကန့်ကွက်မှု အပြင်းအထန် ကြုံနေရသည်။
အစိုးရပိုင် မီဒီယာများဖြစ်သည့် မြန်မာအလင်း၊ ကြေးမုံနှင့် မြန်မာ့ရုပ်မြင်သံကြားလုပ်ငန်းများကို အများပြည်သူဝန်ဆောင်မှုမီဒီယာများ အဖြစ် ပြောင်းလဲရန်ဆောင်ရွက်နေခြင်းသည် ဖွံ့ဖြိုးရန် အရှိန်ယူနေသည့် ပုဂ္ဂလိကပိုင် မီယာများကို အသာစီးဖြင့် ယှဉ်ပြိုင်သည့်သဘော ဖြစ်သဖြင့် ကန့်ကွက်ကြောင်း မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ)က ထုတ်ဖော်ပြောကြားသည်။
အစိုးရပိုင်သတင်းဋ္ဌာနများကို အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ်ပြောင်းလဲ နိုင်ရန်၊ အကောင်အထည်ဖော်မည့် ဥပဒေနှင့်ပတ်သက်သည့် ဆွေးနွေးပွဲတစ်ခုကို ဇွန်လ ၈ ရက်က သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဋ္ဌာန၊ ဗဟိုပုံနှိပ်စက်ရုံအဆောက်အဦတွင်ကျင်းပခဲ့ရာ မြန်မာစာနယ်ဇင်းကောင်စီက အချက် ၉ချက်ဖြင့် ထောက်ပြကန့်ကွက်ခဲ့သည်။
အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းသည် မီဒီယာများ မှန်မှန်ကန်ကန် ရပ်တည်နိုင်အောင် ထိန်းသိမ်းပေးသည့်သဘောမျိုး ဖြစ်သင့်သော်လည်း စီးပွားရေးဆန်သည့် သဘောမျိုးဖြစ်၍ မူလအဓိပါယ်နှင့် ကွဲလွဲနေကြောင်း ယင်း၉ချက်ထဲတွင် ထည့်သွင်းဖော်ပြထား သည်။
ထို့ပြင် အစိုးရ၏ လုပ်ငန်းများနှင့်ပတ်သက်သည့် ဝါဒဖြန့်ချိရေးလုပ်ငန်းများကို နှစ်ပေါင်းများစွာပြုလုပ်လာခဲ့သည့် အစိုးရသတင်းမီဒီယာ များသည် ပြည်သူ့ဘဏ္ဍာ ၇၀ ရာခိုင်နှုန်းနှင့် ကြော်ငြာလုပ်ငန်းလက်ခံခြင်းမှ ၃၀ ရာခိုင်နှုန်းကို အသုံးပြု၍ အများပြည်သူဝန်ဆောင်မှု မီဒီယာ အဖြစ် ပြောင်းလဲလုပ်ကိုင်သွားမည်ဆိုသည့်အပေါ်တွင် သံသယရှိကြောင်း မြန်မာဂျာနယ်လစ်ကွန်ယက်(MJN)ကလည်း ပြောဆိုသည်။
မေလ ၂၀ ရက်တွင် အစိုးရပိုင်မီဒီယာများတွင် ထုတ်ပြန်ကြေညာထားသော “အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်း”၏ အခြေခံမူများတွင် လွတ်လပ်စွာထုတ်ဖော် ရေးသားခွင့်နှင့် လွတ်လပ်စွာ သတင်းပေးခွင့်တို့ကို အာမခံထားပြီး တိုင်းရင်းသားလူမျိုးစု၊ ယဉ်ကျေးမှုနှင့် ဘာသာစကား ကွဲပြားမှုတို့ကို ထည့်သွင်းစဉ်းစားကာ ငွေကြေးအကျိုးအမြတ်ကို အခြေမခံသည့် သတင်းမီဒီယာအဖြစ် လုပ်ဆောင်မည်ဟု ဆိုထားသည်။
အများပြည်သူဝန်ဆောင်မှုမီဒီယာကို ပြောင်းလဲလုပ်ဆောင်ရာတွင် အစိုးရ၏ နိုင်ငံရေးဖိအားများ၊ ကြော်ငြာလုပ်ငန်းရှင်များ၏ စီးပွားရေး လွှမ်းမိုးမှုများကို မခံရစေရန်၊ တိကျသော အယ်ဒီတာမူဝါဒများချမှတ်သွားမည်ဖြစ်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ ဒုတိယဝန်ကြီး ဦးရဲထွဋ်က အထက်ပါ ဥပဒေမူကြမ်းဆွေးနွေးပွဲတွင် ပြောကြားသည်။
သို့သော် အစိုးရပိုင်မီဒီယာများကို အများပိုင်မီဒီယာအဖြစ်ပြောင်းလဲရာတွင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က ၅ ဦးစီရွေးချယ်ပြီး၊ ၁၅ ဦးကော်မတီကိုဖွဲ့စည်းကာ ယင်းကော်မတီကတဆင့် မီဒီယာအုပ်ချုပ်ရေးအဖွဲ့ကို ထပ်မံဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသဖြင့် နိုင်ငံရေးဖိအားမှ လွတ်လပ်သည့် အယ်ဒီတာမူဝါဒကို ကျင့်သုံးမည်ဆိုခြင်းနှင့် ညီညွတ်မှု မရှိဟု မီဒီယာသမားများက မြင်ကြသည်။
ဦးရဲထွဋ်က “အဲဒီလူတွေရဲ့ အမည်စာရင်းကို အများပြည်သူသိအောင်ထုတ်ပြန်ကြေငြာပေးမယ်။ ပြီးရင် အများပြည်ူသူက အကြံပေးတဲ့ ကာလကို သတ်မှတ်ပေးရဦးမယ်။ အများပြည်သူကနေ ဒီလူတွေကို ကန့်ကွက်တယ်ဆိုရင် သမ္မတရွေးထားတဲ့လူကို ကန့်ကွက်ရင် သမ္မတဆီကို တင်မယ်။ လွှတ်တော်ဥက္ကဋ္ဌ ရွေးထားတဲ့လူဆိုရင် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌတွေဆီ ပြန်တင်ပြီး အကြံပြုချက်တွေကို သုံးသပ်ပြီးတော့မှ နာမည်စာရင်းတွေ ပြင်ဆင်မယ်”ဟု ဥပဒေအတည်ပြုပြီးပါက ဆက်လုပ်သွားမည့် လုပ်ငန်းစဉ်များကလည်း နိုင်ငံရေးအရ မလွတ်လပ်နိုင်ကြောင်း အတည်ပြုသလို ဖြစ်နေကြောင်းလည်း မြင်ကြသည်။
၎င်းက ဆက်လက်၍ “ဒါ့အပြင် အများပြည်သူ မီဒီယာဝန်ဆောင်မှုကော်မတီက သတ်မှတ်ထားတဲ့ စီးပွားဖြစ်မဟုတ်တဲ့ မီဒီယာများကို ကူညီပေးဖို့ဆုံးဖြတ်ထားတယ်။ ဒါ့အပြင် နောင်မှာ ပေါ်ပေါက်လာမယ့် ဒေသဆိုင်ရာ ရေဒီယိုလိုဟာမျိုး၊ အကျိုးအမြတ်မယူဘဲ ထုတ်ဝေမယ့် သတင်းစာမျိုးတွေကို ကူညီပေးဖို့ အစီအစဉ် တာဝန်ရှိတယ်” ဟု ဆိုခြင်းကိုမူ တိုင်းရင်းသားဘာသာစကားများဖြင့် ရေးသားဖြန့်ချိခြင်း၊ ရေဒီယို ထုတ်လွှင့်ခြင်းများကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းများတွင်သာမက ရပ်ရွာများအထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်စေရန် လမ်းခင်းပေးခြင်းဟု သုံးသပ်နေသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေမူကြမ်းကို လွှတ်တော်သို့ တင်ပြထားပြီး မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ) က ဦးစီးရေးဆွဲသော စာနယ်ဇင်းဥပဒေမူကြမ်းကိုလည်း လွှတ်တော်သို့ မေလ နောက်ဆုံးပတ်က တရားဝင်ပေးပို့ထားပြီးဖြစ်သောကြောင့် ပြန်ကြားရေးဝန်ကြီးဋ္ဌာနက ယခု တင်ပြသည့် “အများပြည်သူ့ဝန်ဆောင်မှု မီဒီယာ”ဥပဒေကြမ်းသည် ဥပဒေပုံစံမဟုတ်ဘဲ မိမိလိုအပ်ချက်များကို စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ရှိပြီးသားဥပဒေများကိုလည်း ထိခိုက်နေသည် ဆိုသည့် အချက်ကို မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ) က ထောက်ပြထားသည်။
ထို့အတူ နိုင်ငံတော်ဘတ်ဂျက်အား မြောက်များစွာအသုံးပြု၍ အများပြည်သူဝန်ဆောင်မှုအနေဖြင့် ကော်မတီများစွာကို ထပ်မံဖွဲ့စည်းရန် မလိုအပ်ကြောင်း၊ သတင်းမီဒီယာသမားများနှင့် ပတ်သက်၍ လိုက်နာရမည့် ကျင့်ဝတ်များ၊ တာဝန်များ၊ အခွင့်အရေးများကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ ရေးဆွဲဆဲ သတင်းမီဒီယာဥပဒေတွင် ကဏ္ဍအလိုက် အသေးစိတ်ရေးဆွဲထားပြီးဖြစ်သဖြင့် ယခုဥပဒေတွင် သီးခြား ထပ်မံ ဖော်ပြရန် မလိုအပ်ဟု ယူဆကြောင်း၊ မီဒီယာသမားများ၏ တာဝန်နှင့် အခွင့်အရေးများသည် တန်းတူတပြေးညီသာဖြစ်သင့်သဖြင့် ထပ်မံရေးဆွဲပြဋ္ဌာန်းရန်မလိုအပ်ခြင်းဖြစ်ကြောင်း၊ သတင်းမီဒီယာအားလုံးအတွက် ပြစ်မှု ပြစ်ဒဏ်သည် တစ်ခုသာရှိသင့်ကြောင်း များကို လည်း ထောက်ပြထားသည်။
ထို့ပြင် အများပြည်သူ့ဝန်ဆောင်မှုမီဒီယာအနေဖြင့် သတင်းစာများကို ထုတ်ဝေဖြန့်ချိရာတွင် ကုန်ကျစရိတ်များကို ပြည်သူ့ဘဏ္ဍာငွေမှ ၇၀ ရာခိုင်နှုန်း သုံးစွဲမည်ကို လုံးဝကန့်ကွက်ကြောင်း၊ မိမိသတင်းစာရောင်းရငွေနှင့် သတင်းစာမှရရှိသော ကြော်ငြာငွေဖြင့်သာ ရပ်တည်သင့် ကြောင်းလည်း ထောက်ပြထားသည်။
ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲတွင် ကန့်ကွက်သည့်အချက်များနှင့်ပတ်သက်၍ သူရဦးအေးမြင့်ဦးဆောင်သည့် ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုရေးရာကော်မတီက မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ)နှင့် ဇွန်လ ၉ ရက်နေ့က တွေ့ဆုံကာ အမြင်များကို မေးမြန်းခဲ့သည်။
“သူရဦးအေးမြင့်က ပြောတယ်။ ဥပဒေတွေများရင် ရှုပ်ထွေးပြီး၊ ဝန်ထုတ်ဝန်ပိုးဖြစ်တယ် လို့ ပြောတယ်။ PC ဘက်ကတော့ ဒီဥပဒေဟာ ဖွံ့ဖြိုးခါစ ပုဂ္ဂလိကမီဒီယာတွေကို ထိုးနှက်ချက်တစ်ခုဖြစ်တယ်၊ ဒီဘက်ကို နင်းထားတဲ့ သဘောဖြစ်တယ်၊ အခုလို ခက်ခက်ခဲခဲ ရုန်းကန် နေရတဲ့အချိန်မှာ ပုဂ္ဂလိကမီဒီယာတွေကို ရှင်သန်လာအောင်လုပ်ပေးသင့်တယ်လို့ ပြော ပြလိုက်တယ်”ဟု ယင်းတွေ့ဆုံပွဲကို တက်ရောက် ခဲ့သည့် အဖွဲ့ဝင် ဦးမြင့်ကျော်က ဧရာဝတီသို့ပြောသည်။
သို့ရာတွင် ပုဂ္ဂလိကပိုင် မီဒီယာများကို အလုံးစုံ မယုံဘဲ အများပြည်သူဝန်ဆောင်မှု မီဒီယာရှိသင့်ကြောင်း ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုရေးရာကော်မတီဝင်တဦးဖြစ်သူ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်းက တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။
“ကျနော်က ပုဂ္ဂလိကက ကိုင်ထားတဲ့ မီဒီယာတွေကို အလုံးစုံ မယုံကြည်ဘူး။ အရင် ကျနော်တို့ခေတ်က သတင်းစာတွေလို ပါတီတခု ကောင်းကြောင်း၊ ပါတီတခုရဲ့ ပုဂ္ဂိုလ်ရေးမကောင်းကြောင်း တဖတ်သက်ရေးလွန်းလို့ ကျနော်က မျှတတဲ့ ပြိုင်ဆိုင်မှု၊ မျှတတဲ့ သတင်းအချက်အလက်ကို ယုံကြည်တယ်”ဟု ဦးရဲထွန်း၏ ပြောဆိုမှုကြောင့် ပုဂ္ဂလိကပိုင် စာနယ်ဇင်းများ၏ ကိုယ်စားလှယ်များ ဝိုင်းကန့်ကွက်ကြကြောင်း သိရသည်။
အစိုးရပိုင်မီဒီယာများအား အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် ပြောင်းလဲလုပ်ကိုင်မည့်အပေါ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က သူ၏ အမြင်ကို ဧရာဝတီသို့ ယခုလိုပြောကြားသည်။
“အရင်တုန်းက ပြန်ကြားရေးဆိုတာ ခေတ်အဆက်ဆက်က အစိုးရဝါဒ ဖြန့်ချိတဲ့နေရာတစ်ခုဖြစ်ပြီး ပွင့်လင်းမြင်သာမှမရှိခဲ့ဘူး။ မမျှတခဲ့ဘူး။ ဘက်လိုက်ခဲ့တယ်လို့ပဲ ကျနော်တို့ခံယူခဲ့တယ်။ အခု အများပိုင်မီဒီယာက တက်လာတဲ့အစိုးရတွေရဲ့ဝါဒဖြန့်မှုတွေပဲ ထပ်လုပ်နေဦးမယ် ဆိုရင်တော့ ကျနော်တို့ သဘောမကျဘူး။ လက်ခံနိုင်စရာမရှိဘူး”ဟု ပြောသည်။
သို့သော် တိုင်းရင်းသားရေးရာအစီအစဉ်များ တိုးချဲ့ထုတ်လွှင့်သွားမည့် အစီအစဉ်ကိုမူ သဘောကျကြောင်း ဆက်လက်ပြောသည်။
“တိုင်းရင်းသားအစီအစဉ်တွေကို လုပ်ပေးမယ့် အိုင်ဒီယာ ကောင်းတယ်။ တချို့တိုင်းရင်းသားတွေဆိုရင် ကိုယ့်စကားတောင် ကိုယ်မပြောတတ်ကြတော့ဘူး။ အဲဒီကဏ္ဍထည့်ပေးမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးစံတွေ၊ ယဉ်ကျေးမှုတွေကို အချင်းချင်း အပြန်အလှန်သိလာမယ်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထောက်အကူပြုနိုင်မယ်လို့ ထင်တယ်” ဟု ဧရာဝတီက မေးမြန်းချက်ကို ဦးအောင်မြတ်ကျော်က ဖြေကြားသည်။