“ဝ”လက်နက်ကိုင် တွေက ထိုင်းလူမျိုး ၅ ဦးကို ပြန်ပေးဆွဲ ငွေညှစ်ခဲ့တာကြောင့် မြန်မာပြည် သွားရောက်လည်ပတ်တဲ့ ထိုင်းလူမျိုး တွေကို အကာအကွယ်ပေးဖို့ မြန်မာ အစိုးရကို ထိုင်းအာဏာပိုင်တွေက တောင်းဆိုလိုက်ပါတယ်။
မနေ့က တာချီလိတ်မြို့မှာ ကျင်းပတဲ့ နှစ်နိုင်ငံ နယ်ခြားကော်မတီ(TBC) အစည်းအဝေးမှာ ထိုင်းတပ်မတော် အထူးတပ်ဖွဲ့ က ဗိုလ်မှူးကြီး ထာနတ်ဖွန် ကော့စိုင်စဝီ(Thanadpol Kosaisewi)က တောင်းဆိုလိုက်တာဖြစ်တယ်လို့ ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းမှာ ရေးသားထားပါတယ်။
ပြန်ပေးဆွဲခံရတဲ့ ထိုင်း ၅ ဦးဟာ ပြီးခဲ့တဲ့ မေလအတွင်းက တလ နီးပါးကြာ တာချီလိတ်မြို့ ဟိုတယ်တခုမှာ နေခဲ့ရပြီး ပြန်ပေးငွေ ထိုင်းဘတ် ၆ ဘီလီယံ(အမေရိကန် ဒေါ်လာ သန်း ၂၀၀)ခန့် ပေးဖို့ ငွေညှစ်ခံခဲ့ရပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံကို ပြန်လည် ရောက် ရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဆိုပါတယ်။
တာချီလိတ် ဒေသအာဏာပိုင်တွေနဲ့ နီးစပ်သူတဦးကလည်း ပြန်ပေးငွေ အတောင်းခံရတဲ့ အဖြစ်အပျက်ဟာ မှန်ကန်ကြောင်းနဲ့ ထိုင်း လူမျိုးတွေနဲ့ “ဝ” လက်နက်ကိုင် အုပ်စုကြားမှာ ငွေကြေး အရှုပ်အရှင်းတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“ထိုင်းတွေက ဝတွေပိုင်တဲ့ ဗိုလ်ချုပ်လမ်းက မယ့်ခေါင်မြစ် ဟိုတယ်(ကိုးထပ်ဟိုတယ်) မှာ ကာဆီနို အမြဲလာကစားတယ်၊ အဲဒီမှာ ပေးဖို့ ပိုက်ဆံမပေးဘဲ ထွက်ပြေးသွားလို့ ၀ တွေက ကျန်တဲ့လူတွေကို ဖမ်းထားပြီး ငွေပြန်တောင်းတာပါ၊ ဒီအတိုင်း အသားလွတ် ထိုင်းလူမျိုးတွေကို ဖမ်းပြီးငွေညှစ် တာမဟုတ်ပါဘူး”လို့ တာချီလိတ် အာဏာပိုင်တွေနဲ့ နီးစပ်သူက ဆိုပါတယ်။
နောက်ပိုင်းမှာ ပြန်ပေးဆွဲခံရသူတွေရဲ့ မိဘတွေက လာပြီး ညှိနှိုင်းတဲ့အတွက် ထိုင်းလူမျိုး ၅ ဦးကို တာချီလိတ် မြို့ နဲ့ ၅ မိုင် အကွာ မှာရှိတဲ့ မယ်ယန်းဂိတ်နားမှာ လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနဲ့ ဆက်စပ်နေတဲ့ “ဝ” တောင်ပိုင်း ပြဿနာနဲ့ ဝပြည်နယ်တောင်းဆိုမှုကြောင့် မြန်မာစစ်တပ်နဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ (UWSA)ကြား တင်းမာမှု အနည်းငယ်ရှိနေချိန် အခုလို ထိုင်း စစ်တပ်ရဲ့ တောင်းဆိုမှု ထွက်ပေါ်လာခြင်းဟာ ထူးခြားတယ်လို့ ဆိုရမှာပါ။
ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) ပြောခွင့်ရ ဦးအောင်မြင့်ကတော့ “ဒီသတင်းကို မကြားရသေးဘူး၊ ဒါပေမယ့် ဘယ်လို ကြောင့်“ ဝ”လို့ စွပ်စွဲတာလဲ ဆိုတာ လူကြီးတွေကိုတင်ပြပြီး စုံစမ်းကြည့်ရမယ်”လို့ ဧရာဝတီကို ပြောပါတယ်။
ထိုင်း- မြန်မာနယ်စပ်ချင်းထိစပ်နေတဲ့ တာချီလိတ်မြို့ဟာ နေ့စဉ် ထိုင်းလူမျိုး ခရီးသွားများ ရာနဲ့ချီပြီး လာရောက်လည်ပတ် ဈေး ဝယ်ကြသလို တခြားသော နိုင်ငံခြားသားများလည်း လာရောက်တဲ့မြို့ဖြစ်ပြီး ငွေကြေးတတ်နိုင်တဲ့ ထိုင်းလူမျိုးတချို့ကတော့ တာချီလိတ်မြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ ကာဆီနို လောင်းကစားဝိုင်းတွေမှာ လာရောက် ကစားကြပါတယ်။
နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားထိပ်မှာ တောင်ကုန်းပေါ်မှာ ဖွင့်လှစ်ထားတဲ့ ရက်ဂျီနား ဟိုတယ်ဟာ ဆိုရင်လည်း ထိုင်းလူမျိုး လုပ် ငန်းရှင်တဦး ဖွင့်လှစ်ထားတာဖြစ်ပြီး နယ်စပ်ဖြတ်ကျော်လည်ပတ်ခွင့်ရတဲ့ ထိုင်းခရီးသွားတွေဟာ ကျိုင်းတုံမြို့အထိ သွားရောက် လည်ပတ်ခွင့်ပြုထားပါတယ်။
အဲဒီအပြင် ထိုင်း လူမျိုးအများအပြားလည်း မြန်မာနိုင်ငံကို လေကြောင်း ခရီးလမ်းနဲ့ သွားရောက်လည်ပတ်မှုတွေလည်း ရှိလာနေပါတယ်။