မစပ်စုတို့ တိုင်းပြည်ကြီးမှာ အရင် စစ်အစိုးရ လက်ထက်တုန်းကလို အစိုးရ အသုံးတော်ခံ အဖြစ် ခိုင်းတာပဲ လုပ်တတ်ခဲ့တဲ့ အနုပညာသည်တွေ မဟုတ်ဘူးဆိုတာ ပြသဖို့ ရည်ရွယ်ချက်နဲ့ မြန်မာပြည် ငြိမ်းချမ်းရေးကို ရှေးရှုပြီး “မြန်မာပြည် ငြိမ်းချမ်းရေး ပွဲတော်” ကို ကျင်းပမယ်လို့ သိရပါတယ်။
အဲဒီ “မြန်မာပြည် ငြိမ်းချမ်းရေး ပွဲတော်” ကြီးကို ဇူလိုင်လ ၂၇ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပပြုလုပ်မှာပါ။
“အနုပညာရှင်တွေရဲ့ အလုပ်က သူတို့ နိုင်သလောက် တာဝန်ထဲကမှ ဒါကို တောင်းဆိုပေးတာ၊ အသံ ထွက်ပေးတာပါ။ အနုပညာသည် ဆိုတာကတော့ တာဝန်တခုအရ ဟိုဘက်ခေတ်တွေ တုန်းကတော့ အစိုးရခိုင်းတဲ့ ဟာတွေချည်းပဲ သူတို့ လုပ်တဲ့သဘောရှိတာကိုး။ အခုဟာက ခိုင်းလို့ လုပ်တာ မဟုတ်ဘဲနဲ့ ကိုယ့် စိတ်သဘောထဲကကို ဒါဟာ အသံထွက်ပေးဖို့လိုပြီ၊ တိုင်းပြည်မှာ ငြိမ်းချမ်းရေးအတွက်ကို အနုပညာရှင်တွေ ကိုယ်တိုင်က မဟုတ်တာတွေ လျှောက်ပြီး လုပ်နေကြမယ့်အစား တတိုင်းပြည်လုံး ငြိမ်းငြိမ်းချမ်းချမ်း ရှိမယ့်ဟာကို၊ အနုပညာရှင်မှန်ရင် ငြိမ်းချမ်းရေးအတွက်ကိုက ထိပ်ဆုံးကနေ ရှေ့ဆုံးကနေ တောင်းဆိုသင့်ပြီလို့ အနုပညာရှင်တွေ အားလုံးကလည်း ယုံကြည်သွားပြီ။ လုပ်မယ်ဆိုတဲ့ ဆန္ဒလည်း သူတို့ ဆီမှာရှိသွားပြီ။ အဲ့ဒီအတွက်ကြောင့် ဒီဟာကတော့ အတိုင်းအတာ တခုအနေနဲ့က နှိုးဆော်တဲ့အသံ ဖြစ်သွားမှာပါ” လို့ စီစဉ်သူ လူရွှင်တော် ဒါရိုက်တာ သရုပ်ဆောင် ဇာဂနာက ဧရာဝတီကို ပြောပါတယ်။
မြန်မာပြည် ငြိမ်းချမ်းရေး ပွဲတော်မှာ အနုပညာရှင်တွေက စေတနာနဲ့ ပါဝင် တင်ဆက်ပေးကြမှာဖြစ်ပြီး ပွဲကနေလာမယ့် ငွေကြေးကို ရန်ပုံငွေအဖြစ် ထားရှိကာ စစ်ဘေးသင့် ပြည်သူများကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ ကိုယ်တတ်စွမ်းတဲ့ အနုပညာနဲ့ အကျိုးရှိရှိ အသုံးချရတာဖြစ်လို့ ပါဝင်ကူညီမယ့် အနုပညာရှင်တွေ အားလုံးကို အင်မတန် ချီးကျူးပါတယ်လို့ ဇာဂနာက ဆိုပါတယ်။
ဒီပွဲတော်ကြီးမှာ ရုပ်ရှင်၊ ဂီတ၊ သဘင် လောကတို့မှ အနုပညာရှင်တွေအပြင် ဒီပွဲမှာ ပါဝင်ဖျော်ဖြေပေးဖို့ လက်ရှိ စာရင်းသွင်းထားတဲ့ မြန်မာတနိုင်ငံလုံးက လူရွှင်တော်ပေါင်း ၆၁ ယောက် ရှိပါတယ်။ ဒီပွဲတော်ကို ပထမအဆင့်မှာ အပိုင်း ၅ ပိုင်း ခွဲပြီး တင်ဆက်သွားမယ်လို့ သိရပါတယ်။
“မြေမြှုပ်မိုင်း” လို့ အမည်ပေးထားတဲ့ ပထမဆုံးအပိုင်းမှာ ဒီမြေမြှုပ်မိုင်းတွေကို ဘယ်သူ ဘယ်ဘက်ကပဲ ထောင်ထောင် အပြစ်မဲ့တဲ့ပြည်သူတွေ ခြေပြတ်လက်ပြတ် ဖြစ်ရတယ်။ အဲ့ဒါကို ရုပ်ရှင်သရုပ်ဆောင်တွေက ဇာတ်ကွက်တခု ပြဇာတ်ကြီး တခုလို စင်ပေါ်မှာ လုပ်ပြမှာပါ။ ပြီးတော့ အဲ့ဒီ မြေမြှုပ်မိုင်းတွေ ဖယ်ရှားပေးပါဆိုတဲ့ အကြောင်းကိုပဲ အဆိုတော်တွေက တေးသီချင်းတွေနဲ့ တင်ဆက်ကြပါမယ်။ အဲဒီအဆိုတော်တွေရဲ့ သီချင်းအပြီးမှာ မြေမြှုပ်မိုင်းတွေ မရှိတော့ဘူးဆိုတော့မှ သာယာငြိမ်းချမ်းတဲ့ ကမ္ဘာကြီး ဖြစ်ပါလိမ့်မယ်ဆိုတာကို သဘင်ပညာရှင်တွေက အကများနဲ့ ဖျော်ဖြေပြီး လူရွှင်တော်တွေက ဟာသတွေနဲ့ ဖျော်ဖြေတင်ဆက်သွားမှာပါ။
ဒုတိယပိုင်း အနေနဲ့ ကိုယ့်အိမ်ကို မနေရဘဲ ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကို ကိုယ်ချင်းစာနာသောအားဖြင့် ကူညီချင်တဲ့ အကြောင်းကို ဇာတ်ကွက် ပြဇာတ်တခုအနေနဲ့ ရုပ်ရှင် အနုပညာရှင်တွေက ကပြပြီးနောက် ဂီတ သမားတွေက သီချင်းနဲ့ တင်ဆက်မှာပါ။ ပြီးတော့မှ ဒါတွေ မရှိရင် ငြိမ်းချမ်းပါလိမ့်မယ်ဆိုပြီး သဘင်ပညာရှင်တွေက ကခုန်ကြမယ်။ ပြီးတော့မှ လူရွှင်တော် တက်လာပြီး ဟာသတွေနဲ့ တင်ဆက်မှာပါ။
တတိယပိုင်းမှာကျတော့ ဒုက္ခသည်တွေဟာ စစ်ပွဲတွေကြောင့် စိတ်ပိုင်းဆိုင်ရာ အရရော ရုပ်ပိုင်းဆိုင်ရာအရပါ ဒုက္ခရောက်နေကြရလို့ အဲဒါတွေကို ပြန်လည် ပြုစုပျိုးထောင်ပေးရမယ် ဆိုတဲ့ တင်ဆက်မှုပါ။
လူရွှင်တော် ဇာဂနာက တတိတယပိုင်းနဲ့ ပတ်သက်လို့ “ဥပမာ – ဘယ်ဘာသာပဲဖြစ်ဖြစ်၊ ခရစ်ယာန်ဘာသာဆိုလည်း ကိုယ့်ဘာသာကို မကိုးကွယ်ရဘူး၊ ဗုဒ္ဓဘာသာဆိုလည်း ကိုယ့်ဘာသာကိုယ် မကိုးကွယ်ရဘူး၊ ဘာသာရေးကိုးကွယ်ခွင့်၊ ပညာသင်ကြားခွင့်၊ ဆေးကုသခွင့် စတာတွေ မရတဲ့အတွက် အဲဒါကို ဇာတ်ကွက်တခုကနေ တောင်းဆိုကြမယ်။ အဲဒါ ပြီးသွားတော့ ဒီကိစ္စတွေ မရှိတော့မှ၊ စစ်ပွဲတွေ မရှိတော့မှ ငြိမ်းချမ်းရေးရှိမှ ဒီလို ဒုက္ခတွေ မကြုံတွေ့ရဘူးဆိုတဲ့ သီချင်းလာမယ်။ ပြီးရင် ငြိမ်းချမ်းရေး တောင်းဆိုတဲ့ ဇာတ်အဖွဲ့က နှစ်ပါးသွား သို့မဟုတ် ယိမ်းအက တခုလာမယ်။ ပြီးရင် လူရွှင်တော်တွေနဲ့ ပိတ်မယ်” လို့ ရှင်းပြပါတယ်။
စတုတ္ထပိုင်းမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ အပစ်အခတ် ရပ်စဲရေးအတွက် တောင်းဆိုပြီး ရေရှည် အပစ်အခတ် ရပ်စဲမှသာ တိုင်းပြည်မှာ ငြိမ်းချမ်းမှု ရှိလာမယ်ဆိုတာကို ၁၅ မိနစ်လောက်ရှိမယ့် ပြဇာတ် ဇာတ်ကွက်တိုလေးတခုနဲ့ တင်ဆက်ပြီးရင် သီချင်းနဲ့ တင်ဆက်မှာပါ။ ပြီးနောက် သဘင်အဖွဲ့ရဲ့ ယိမ်းအကတွေနဲ့ တင်ဆက်ပြီး အရင် အပိုင်းတွေလိုပဲ လူရွှင်တော်တွေရဲ့ ဟာသနဲ့ ဒီပြကွက်ကို အဆုံးသတ်မှာပါ။
ပဉ္စမပိုင်းမှာတော့ ငြိမ်းချမ်းရေး စကားဝိုင်းတွေဟာ တိုင်းပြည်မှာ စဉ်ဆက်မပြတ်ရှိရမယ်ဆိုပြီး အဲ့ဒီအတွက်ကို ပထမ တင်ဆက်ခဲ့တဲ့ အပိုင်းတွေလိုပဲ ဇာတ်ကွက်တကွက်လာမယ်၊ ပြီးရင် သီချင်းလာမယ်၊ ယိမ်းအကတွေလာမယ်၊ လူရွှင်တော်တွေ လာမယ်လို့ သိရပါတယ်။
ဒီလို ရုပ်ရှင်၊ ဂီတ၊ သဘင် သမားတွေရဲ့ ပြကွက် ဇာတ်ကွက် တေးသီချင်းတွေနဲ့ အပိုင်း ၅ ပိုင်း တင်ဆက် အပြီးမှာတော့ ဒုတိယ အဆင့်အနေနဲ့ ဟစ်ပ်ဟော့ပ် (Hip Hop)၊ ရက်ဂေး(Reggae) သမားများရဲ့ အော်ပရာဆန်ဆန် တေးသီချင်းများကို ကကွက်တွေနဲ့ ပုံဖော် တင်ဆက်မယ်လို့ သိရပါတယ်။
“ဟစ်ပ်ဟော့ပ်က များသောအားဖြင့် ဒီလို ဒုက္ခရောက်တာတို့ ဆင်းရဲတာတို့နဲ့ ပတ်သက်လာရင် ရှေးတန်းကနေ တိုက်ပွဲဝင်တဲ့ သီချင်းတွေ များတယ်လေ။ ရက်ဂေးဆိုတာက တကယ့် Right တွေနဲ့ ပတ်သက်တာတွေ လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေမှာ ထိပ်ဆုံးမှာပဲ ရှိနေတာ။ No Woman No Cry ဆိုပြီး ဒီတိုင်းပြည်မှာ ဘယ်အမေ၊ ဘယ်ဇနီးမယား၊ ဘယ်သားသမီးရဲ့ မျက်လုံးမှာမှ မျက်ရည်တွေ မရှိစေချင်လို့။ အဲဒါကို ဗမာအကတွေ အင်္ဂလိပ်အကတွေနဲ့ ရောပြီးတော့ အော်ပရာဆန်ဆန် စကားပြောတွေ မပါဘဲ သီချင်းနဲ့ သရုပ်ဖော်ကွက်တွေနဲ့လုပ်မယ်” လို့ လူရွှင်တော် ဇာဂနာက ရှင်းပြပါတယ်။
နောက်ဆုံး အစီအစဉ်အနေနဲ့ ပရိသတ်များ တခါမှ မကြည့်ဖူးတဲ့ လူရွှင်တော် အသစ်၊ မင်းသမီးအသစ်တွေ ပါဝင်မယ့် အငြိမ့်ခန်းကို တင်ဆက် ကပြသွားမယ်လို့ သိရပါတယ်။
၄ နာရီစာ တင်ဆက်ကပြ အသုံးတော်ခံမယ့် မြန်မာပြည် ငြိမ်းချမ်းရေး ပွဲတော်ကြီးကို ပြည်တွင်း ရုပ်သံလိုင်းတွေကနေ တိုက်ရိုက် ပြသသွားမယ်လို့ ဆိုပါတယ်။
ဒီဖျော်ဖြေပွဲကြီးရဲ့ ရုပ်ရှင် ပြဇာတ် ဇာတ်လမ်းတိုအပိုင်းကို စာရေးဆရာ ချစ်ဦးညို၊ သရုပ်ဆောင်လူမင်းနဲ့ လူရွှင်တော် ဇာဂနာတို့က တာဝန်ယူ တင်ဆက်မှာဖြစ်ပါတယ်။ ဂီတပိုင်းကို တေးရေး မြင့်မိုးအောင်၊ အဆိုတော် ရန်ရန်ချန်း၊ Project 1 အဖွဲ့မှ ဂျေမီ၊ ကြက်ဖနဲ့ စောဖိုးခွားတို့က တာဝန်ယူ တင်ဆက်မှာပါ။ ဇာတ်သဘင်ပိုင်းနဲ့ ပတ်သက်လို့ ဇာတ်မင်းသား မန္တလေး သိန်းဇော်၊ ဇာတ်မင်းသား မိုးဝင်း စတဲ့ သဘင်ပညာရှင်တွေက တာဝန်ယူကြမှာပါ။ ဒါ့အပြင် တေးဂီတ Arrangement ပိုင်းကိုတော့ အဆိုတော်-တေးရေးဆရာ အကယ်ဒမီ ဓီရာမိုရ်၊ မြန်မာ့ဆိုင်းဆရာ ဟိန်းရာဇာတို့က အသီးသီး တာဝန်ယူ တင်ဆက်သွားကြမယ်လို့ သိရပါတယ်။