ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံမှ ထုတ်လုပ် တင်ပို့သော ပို့ကုန်များအပေါ် အခွန်ကင်းလွတ် ခွင့် ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ အဖွဲ့ရုံး၏ ပြင်ပ ဆက်ဆံရေး ဆိုင်ရာ ဦးဆောင်အရာရှိချုပ် Mr. David O’Sullivan က ပြောသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အဖွဲ့ရုံးတွင် ယနေ့ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ Mr. David O’Sullivan က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား ကုမ္ပဏီများသာမက နိုင်ငံခြား ကုမ္ပဏီများက ထုတ်လုပ်တင်ပို့သော ပို့ကုန်များအပေါ် ဥရောပသမဂ္ဂက အခွန်ကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် ဥရောပသမဂ္ဂက ဆက်လက် ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရှိရသည်။
“မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေ အနေနဲ့ ဥရောပကို ထုတ်ကုန်ပစ္စည်းတွေ တင်ပို့မယ် ဆိုရင် အခွန် ကင်းလွတ်ခွင့် ပြုမယ်၊ မြန်မာအစိုးရက နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲဖို့ ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီး ဖြစ်တဲ့အတွက် ဥရောပသမဂ္ဂ အနေနဲ့ ပြုပြင်ပြောင်းလဲရေး ကာလမှာ အထောက်အပံ့တွေ ဆက်ပေးဖို့ သဘောတူထားတယ်။ အစိုးရကလည်း သူတို့ အနေနဲ့ ဘာလုပ်ချင်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြီးပြီ၊ ဒါကြောင့် နိုင်ငံရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ရှိဖို့အတွက် အကူအညီ ဆက်ပြီး ပေးသွားမှာပါ။ ဥရောပက စီးပွားရေးလုပ်ငန်းစု တချို့ကလည်း မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်နိုင်ဖို့ ကူညီသွားမယ်” ဟု Mr.David O’Sullivan က ရှင်းပြသည်။
မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေး ကာလ ၂ နှစ် ကျော် ကာလအတွင်းသာ ရှိသေးသဖြင့် စီးပွားရေး၊ နိုင်ငံရေး အားလုံး၏ အကျိုးခံစားခွင့်ကို မြန်မာပြည်သူများ ခံစား ရရှိနိုင်စေရန် အချိန်ယူ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ GSP (Generalized System of Preferences) စနစ်ဖြင့် အကူအညီပေးမည် ဖြစ်ရာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း တိုးတက် ရရှိရေးအတွက် များစွာ အထောက်အကူ ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများ အပေါ် ဥရောပသမဂ္ဂက များစွာ စိတ်ကျေနပ်ကြောင်း Mr.David O’Sullivan ၏ အဆိုအရ သိရှိရသည်။
မြန်မာ့ပို့ကုန်များအပေါ် ဥရောပ သမဂ္ဂက အခွန်ကင်းလွတ်ခွင့် ပြုမှုသည် မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေး မြှင့်တင်နိုင်သော အခွင့်အလမ်းတခု ဖြစ်ပြီး ပို့ကုန်များ အရည်အသွေး မြင့်မားရေး မြန်မာလုပ်ငန်းရှင်များက ကြိုးစား လုပ်ဆောင်သင့်သည်ဟု မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က သုံးသပ်သည်။
“ဒီက ပို့ကုန်တွေအတွက်တော့ ကောင်းမွန်တဲ့ အခွင့်အလမ်းတခုပါ။ ဥရောပ ဈေးကွက်တွေ တင်ပို့မယ် ဆိုရင် ပို့ကုန်တွေက တန်းမြှင့်ပြီး အရည်အသွေးမီတဲ့ ကုန်စည်တွေမှ အဆင်ပြေမယ်။ ဆန်စပါး ကဏ္ဍမှာလည်း အနောက်နိုင်ငံတွေဆီ တင်ပို့ဖို့ ဆိုရင် အရည်အသွေးမြှင့်တာတွေ လုပ်ရမယ်၊ EU က အခုလို ခွင့်ပေးတာ ကလည်း နိုင်ငံတိုင်းကို ပေးတဲ့ အခွင့်အရေးတော့ မဟုတ်ဘူး” ဟု ဦးချစ်ခိုင်က ဧရာဝတီသို့ ပြောသည်။
ဥရောပ စီးပွားရေး ကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ လမ်းတံတား တည်ဆောက်မှု လုပ်ငန်းများ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် စိတ်ဝင်စားလျှက်ရှိကြောင်း သိရှိရသည်။