ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ထိပ်တိုက်ရင်ဆိုင်နေကြပြီး တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားနေကာ ကျဆုံးမှုများ ရှိနေကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ် ငေါ့ငါးကျေးရွာအနီး အခြေစိုက်ထားသည့် TNLA ၁၁၂ တပ်ရင်းကို ထိုးစစ်ဆင်ရန် ကြိုးစားနေသည့် ကွမ်လုံမြို့နယ် အခြေစိုက် ခလရ ၁၄၅ တပ်ရင်းနှင့် TNLA ပျောက်ကျား တပ်များသည် ယမန်နေ့ နံနက် ၅ နာရီခွဲမှ စတင်ကာ ငေါ့ငါးကျေးရွာ အထက်တွင် ၂ နာရီအကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အစိုးရစစ်တပ်နှင့် ထိပ်တိုက် တိုက်ပွဲကို ဦးဆောင်နေသည့် TNLA မှ ဗိုလ်ကြီး တာဝိန်းမာန်ဝ်က “တိုက်ပွဲက ဆက်တိုက် ဖြစ်နေတယ်။ မနေ့က ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ၄ ဦးသေတယ်” ဟု ပြောသည်။
ယမန်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ သေဆုံးဒဏ်ရာရ စာရင်း မသိရသေးသော်လည်း ဇွန်လ ၁၈ ရက်နေ့က အဆိုပါတပ်ရင်း ၂ ခု အကြား တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်မှ ၄ ဦးကျဆုံးသည့်အပြင် နှစ်ဘက် တပ်များသည် အနီးကပ် အနေအထားတွင် ရောက်ရှိနေကြောင်း သိရသည်။
အစိုးရတပ်က TNLA ၁၁၂ တပ်စခန်းရှိရာ တောင်ထိပ်ကို ၆၀ မမ အာရ်ပီဂျီ လက်နက်များဖြင့် ၂ နာရီအကြာ ဆက်တိုက် ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ငေါ့ငါးကျေးရွာခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း TNLA သတင်းနှင့် ပြန် ကြားရေးတာဝန်ခံ ဗိုလ်ကြီး မိုင်းအောင်ကိုက ပြောသည်။
“ငေါ့ငါးရွာခံတွေကတော့ ကြောက်လန့်ပြီး တိုက်ပွဲနဲ့ဝေးတဲ့ရွာတွေမှာ စားစရာ သောက်စရာတွေယူပြီး သွားပုန်းနေကြတယ်။ တချို့ကတော့ နမ့်ဖတ်ကာ ရွာက ဆွေမျိုးတွေဆီမှာ သွားပြီးခိုလှုံကြတယ်။ အနီးအနားက ရွာတွေကလည်း စိုးရိမ်တဲ့ အနေအထား ဖြစ်နေတာပေါ့။ အခုက တိုက်ပွဲ ဆက်တိုက်ဖြစ်နေတာ” ဟု ဗိုလ်ကြီးမိုင်းအောင်ကိုက ဧရာဝတီသို့ ရှင်းပြသည်။
ငေါ့ငါးကျေးရွာတွင် အိမ်ခြေ ၁၇၀ ကျော်ရှိကြောင်း ကျေးရွာတာဝန်ရှိသူများက ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ ယခုတိုက်ပွဲဖြစ်ပွားနေသည့် အစိုးရစစ်တပ် ခလရ ၁၄၅ နှင့် TNLA တပ်ရင်း ၁၁၂ တို့အကြား ဇွန် ၁၄ ရက်က ကွတ်ခိုင်မြို့နယ် လုံကမ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း ဇွန် ၁၅ ရက်ကလည်း နမ့်စမ်မြို့နယ် ထဲတွင် TNLA လက်အောက်ခံ ၂၅၆ တပ်ရင်းနှင့် နောင်ချိုအခြေစိုက် စစ်တပ် ၁၁၄ တပ်ရင်းတို့ တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
TNLA ထိန်းချုပ်နယ်မြေများထဲတွင် ၎င်းတို့ ပျောက်ကျားတပ်များနှင့် အစိုးရ စစ်တပ်အကြား ယခုလလယ်ပိုင်းမှ စ၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည့် အတွက် တိုက်ပွဲ ဖြစ်ပွားရာအနီးရှိ ကျေးရွာ ဒေသခံများမှာလည်း စိုးရိမ်နေကြပြီး တချို့လည်း နည်းအမျိုးမျိုးဖြင့် ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ဗိုလ်ကြီး မိုင်းအောင်ကိုက ပြောသည်။
အစိုးရ စစ်တပ်နှင့် ယခုတိုက်ပွဲဖြစ်ပွားနေသော TNLA လက်အောက်တွင် တပ်ရင်း ၂၇၀ ကျော်ရှိပြီး ထိုအထဲတွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/ SSA) တပ်ဖွဲ့ဝင်များလည်း ပူးပေါင်း လှုပ်ရှားလျှက် ရှိသည်။
TNLA တပ်မတော်သည် ရှမ်းပြည်မြောက်ပိုင်း ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်အတွင်း ဘိန်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်မှုကြောင့် ဒေသခံလူထု၏ အားပေး ထောက်ခံမှုရရှိနေပြီး တပ်ရင်းပေါင်း ၇ ရင်းကို ဗျူဟာ ၂ ခုခွဲ အုပ်ချုပ်လျှက်ရှိကာ အင်အား ၁၃၀၀ အထက်တွင် ရှိကြောင်း စုံစမ်းသိရှိရသည်။
TNLA သည် စစ်ရေးအရ KIA နှင့် ထာဝရ မဟာမိတ်ပြုထားပြီး SSPP/ SSA နှင့်လည်း စစ်ရေးအရ ပူးပေါင်းတိုက်ပွဲဝင် နေသည်ကို တွေ့ရသည်။