ထိုင်း အာဏာပိုင်များက မြန်မာနိုင်ငံမှ ဆင်ဖြူတော်ငှားရမ်းရေး အတွက် မြန်မာအစိုးရနှင့် ထပ်မံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရ သည်။
ဘရူနိုင်း နိုင်ငံတွင် ကျင်းပမည့် ဝန်ကြီးများ အဆင့် အာဆီယံ အစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှင့် ထပ်မံ ဆွေးနွေး မည်ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Sura pong Towichukchaikulက ပြောကြောင်း ယနေ့ ထိုင်းသတင်းများက ဖော်ပြကြသည်။
မြန်မာအစိုးရ အနေနှင့် ဆင်ဖြူ ငှားရမ်းမည့် ကိစ္စကို ထိုင်းနိုင်ငံသို့ တရားဝင် အကြောင်းကြားခြင်း မရှိသေးကြောင်းလည်း ၎င်းက ဆို သည်။
“ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘရူနိုင်းနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ ဝန်ကြီးတွေ အဆင့် အစည်းအဝေး ကျရင် မြန်မာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့မယ်၊ ဘာပဲ ဖြစ်ဖြစ် ဆင်ဖြူ ငှားရမ်းဖို့ ကိစ္စကို အသေးစိတ် ပြောမယ်၊ ထိုင်းနိုင်ငံကို သယ်ယူရေး ကိစ္စ၊ နေရာ တည်ဆောက်ရေး၊ ထိုင်းအစိုးရအနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြည့်ရှုစောင့်ရှောက်ဖို့ ဆွေးနွေးမယ်”ဟု Sura pong က ဆက်ပြောသည်။
မြန်မာအစိုးရက ဆင်ဖြူကို ထိုင်းသို့ မငှားခြင်းမှာ အခက်အခဲ တခုခုရှိနေနိုင်သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ တစုံတရာ မထိ ခိုက်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။
ပြီးခဲ့သည့် တပတ် သောကြာနေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသည့် အရှေ့ အာရှ လက်တင် အမေရိက ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်(FEALAC) တွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Sura pong Towichukchaikulတို့ သီးခြား တွေ့ဆုံခဲ့စဉ် ဆင်ဖြူ ငှားရန် ကမ်းလှမ်းခဲ့သည်။
ထိုင်းနိုင်ငံ အနေဖြင့် မြန်မာ-ထိုင်း သံတမန်ဆက်သွယ်မှု (၆၅) နှစ်ပြည့် အထိမ်း အမှတ်အဖြစ် မြန်မာနိုင်ငံမှ ဆင်ဖြူကို ထိုင်းနိုင်ငံ သို့ ခြောက်လကြာ ငှားရမ်းပေးပြီး ချင်းမိုင်မြို့ရှိ တိရစ္ဆာန်ရုံတွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်လိုသည်ဟု ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
ချင်းမိုင်(ခေါ်) ဇင်းမယ်မြို့သည် ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထွန်းကားသောမြို့လည်း ဖြစ် သည်။
ယင်း ကမ်းလှမ်းချက်ကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး ထိုင်းနိုင်ငံသားများ အနေနှင့် အဆိုပါ ဆင်ဖြူကို မြန်မာနိုင်ငံသို့ လာ ရောက် ကြည့်ရှုနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ယခုလ ၁၈ ရက်နေ့က ဖော်ပြခဲ့သည်။
ဦးဝဏ္ဏမောင်လွင်ကလည်း မြန်မာနိုင်ငံမှ ဆင်ဖြူကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အထိ သယ်ဆောင်ရေး အတွက် အခက်အခဲများ ရှိသဖြင့် အဆင်မပြေကြောင်း၊ ထိုင်းနိုင်ငံသားများက အလွယ်တကူ လာရောက် ကြည့်ရှုလေ့လာနိုင်ကြစေရန်အတွက် အထူးလေကြောင်း ခရီးစဉ်များနှင့် ညှိနှိုင်းဆောင်ရွက်ပါက အဆင်ပြေမည် ဖြစ်ကြောင်း၊ ဆင်ဖြူ လေ့လာရေး ခရီးစဉ်သည် နှစ်နိုင်ငံကြား ရင်းနှီးချစ် ကြည်မှုများ ပိုမိုမြင့်မားစေနိုင်ပြီး ခရီးသွား လုပ်ငန်းကို အထောက်အကူ ပြုစေနိုင်ကြောင်း ပြန်လည် တင်ပြထားသည်။
ယခင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ထောက်လှမ်းရေးအကြီးအကဲ နှင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်တို့ လက်ထက်တွင် ရခိုင်ပြည်နယ်မှ ဆင်ဖြူ ၅ ကောင် ဖမ်းဆီး ရရှိထားသည်။
၂၀၁၀ ပြည်နှစ်တွင် နောက်ဆုံး အကြိမ် ဆင်ဖြူ ၂ ကောင်ကို ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ သစ်တောရေးရာ ဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ အဖွဲ့များက ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်း ဒေသတွင် ဖမ်း ဆီး ရမိခဲ့သည်။
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် လက်ထက်တွင် ဆင်ဖြူ ၃ ကောင်ဖမ်းဆီးရမိခဲ့ပြီး ၎င်းဆင်ဖြူများကို ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့ နယ်၊ စေတီပြင် ကျေးရွာအုပ်စု၊ အထက်နန်းရာ ကျေးရွာအနီးမှ လည်းကောင်း၊ ၂၀၀၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှ လည်းကောင်း၊ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ရခိုင်ပြည် နယ် ကိုင်းကြီးကျေးရွာဟောင်း အနီးမှလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆင်ဖြူများကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မင်းဓမ္မတောင် ဥယျာဉ်နှင့် နေပြည်တော်ရှိ ဆင်ဖြူတော် ရတနာဆောင်တို့တွင် ထားရှိသည်။
ရှေးယခင် ရှင်ဘုရင်များ လက်ထက်မှ စ၍ အဖြူရောင်ရှိသော ဆင်မျိုးကို ထူးခြားသည့် ကျန်အင် လက္ခဏာများအရ ရတနာ တပါးကဲ့သို့ တန်ဖိုးထားပြီး ဆင်ဖြူတော် ဟု ခေါ်ဆို သုံးနှုန်းကြကြောင်း၊ ဘုန်းတန်ခိုး ကြီးရာကြီးကြောင်းအတွက် ယင်း ဆင်ဖြူရတနာ ကို နှစ်သက် လိုလားကြကြောင်း၊ ဆင်ဖြူ ရရှိသူသည် ဆင်ဖြူရှင် ဘွဲ့ခံယူကြကြောင်း စာပေကျမ်းဂန် မှတ်တမ်း များ၌ တွေ့ရှိရ သည်။
ဒုတိယ မြန်မာနိုင်ငံကို တည်ထောင်ခဲ့သည့် ဘုရင့်နောင် ဘုရင်သည် မြန်မာ သက္ကရာဇ် ၉၂၅ ခုနှစ်က ယိုးဒယားကို ချီတက် တိုက် ခိုက်မှု ပြုလုပ်ခဲ့ဖူးသည်။ တိုက်ခိုက်ရသည့် အကြောင်းအရင်းမှာ ယိုးဒယား ၌ ဆင်ဖြူ ၄ ကောင်ရှိသည့်အနက် ၁ကောင်ကိုတောင်း ရာ မပေးသဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ဘုရင့်နောင်ကို မနိုင်၍ ယိုးဒယားမင်း လက်နက်ချပြီး ဆင်ဖြူများကို ဆက်သအပ်နှင်း ရာ ဘုရင့်နောင်က ဆင်ဖြူများရှင်ဘွဲ့ကို ခံယူခဲ့ကြောင်း မြန်မာ့ စွယ်စုံကျမ်း၌ ဖော်ပြထားသည်။