ကျောက်ဆည်ခရိုင် နန်းနီကျေးရွာအုပ်စုရှိ တောင်သူလယ်သမားများ စိုက်ပျိုးသည့် လယ်မြေကို ဆည်မြောင်းမှ ရေမပေး သည့်အတွက် နှစ် ၂၀ ခန့် လယ်စိုက်ခွင့် မရခဲ့ဘဲ တခြား သီးနှံများကိုသာ စိုက်ပျိုးနေကြရကြောင်း သိရသည်။
၁၉ နှစ်ကျော်ကြာသည့်တိုင် လယ်မြေအတွင်းသို့ ရေပေးသွင်းခြင်း မရှိသည့်အတွက် စပါး မစိုက်ပျိုးနိုင်ဘဲ ကြက်သွန်၊ အာလူး၊ ငရုတ် အစရှိသည့် သီးနှံများကို အဝီစိတွင်းတူးခြင်း၊ ရေဝယ်ခြင်းဖြင့် စိုက်ပျိုး နေရကြောင်း ယင်းနယ်ရှိ ဒေသခံများက ပြောသည်။
“ကျနော်တို့ လယ်မြေထဲကို ရေမရလို့ စပါးမစိုက်ပျိုး နိုင်ပါဘူး။ စပါးမစိုက်ခဲ့ရတာ အခုဆို နှစ်ပေါင်း ၂၀ နီးပါး ဖြစ်နေပြီ။ အခုလို စပါးတွေ ဈေးကောင်းနေတဲ့ အချိန်မှာ ကျနော်တို့ တောင်သူ လယ်သမားတွေကလည်း စပါးစိုက်ချင်နေပါတယ်။ ဒါပေမယ့် ဆည်မြောင်းက ကျနော်တို့ဘက်ကို သွယ်တန်းထားတဲ့ မြောင်းကို ရေမလွှတ်ပေးဘူး။ သမ္မတကြီးက တောင်သူ လယ်သမား တွေကို အသေးစားချေးငွေ ပိုက်ဆံထုတ်ချေးပေးတယ်လို့ ကြားသိရတယ်။ ကျနော်တို့ကို ပိုက်ဆံ ထုတ်ချေးတာထက်၊ စိုက်ပျိုးဖို့ ရေလေးပဲ ပေးပါ၊ နောက် ၃ နှစ်လောက်ဆိုရင် ကျနော်တို့ တောင်သူတွေ ကောင်းကောင်း လည်ပတ်နိုင်ပြီ။ ကျနော်တို့ စိုက်ပျိုး သီးနှံတွေကို ကိုယ့်စရိတ်နဲ့ကိုယ် စိုက်ပါ့မယ်” ဟု ယင်းကျေးရွာ၏ လယ်သမား တဦးဖြစ်သော
ဦးဌေးက ပြောသည်။
ယင်းလယ်မြေတွင် ရေငတ်နေသည့် လယ်မြေဧက ၃၀၀၀ ကျော် ရှိပြီး အဓိက ပင်မဖြစ်သော ကျောက်ဆည် ဆည်မြောင်းမှ တဆင့် တမုတ်ရေသောက်မြစ် အတိုင်း မြောင်းသွယ် ထားသော်လည်း ယင်းမြောင်းတွင်းသို့ ဆည်မြောင်းမှ ရေမပေးဝေဘဲ တခြားမြောင်းများကိုသာ ရေပေးဝေခဲ့သည်မှာ နှစ်ပေါင်း ၂၀ တိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ယင်းအတွက် ဆည်မြောင်းမှ တာဝန်ရှိသူများကို တချိန်က လာဘ်ထိုးခဲ့ဖူးကြောင်း၊ လာဘ်ထိုးသည့် ကာလတွင်သာ ရေလာခဲ့ကြောင်း၊ တိုင်တန်းမှုများ ပြုလုပ်ခဲ့သော်လည်း တစုံတရာ ထိရောက်မှု မရှိကြောင်း ဒေသခံ လယ်သမားများက ပြောပြသည်။
ထို့ကြောင့် လယ်သမားများမှာ မည်သို့မျှ မတတ်နိုင်သည့် အဆုံး စပါးကို မစိုက်ပျိုးကြတော့ဘဲ တခြားသော ရေအသုံး နည်းသည့် ကောက်ပဲသီးနှံများကိုသာ စိုက်ပျိုးခဲ့ကြပြီး တခြား ကောက်ပဲသီးနှံများ အတွက်လည်း အဝီစိတွင်းတူးကာ
ရေသွင်း စိုက်ပျိုးရသည့်အတွက် စိုက်ပျိုးစရိတ် ပိုမို ကုန်ကျခြင်းနှင့် စိုက်ပျိုးသည့်မြေ ပျက်စီးခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။
“ဆည်မြောင်းက ရေမလာလို့ အဝီစိတွင်းကနေ စုပ်ထုတ်ယူလာတာ ၈ နှစ်လောက် ရှိပြီဆိုတော့ မြေဆီလွှာတွေလည်း ခန်းခြောက်ကုန်ပြီ။ တချို့တွေလည်း ပျက်စီးကုန်ပြီ။ သီးနှံတွေက မဖြစ်တော့ ဒေသဖွံ့ဖြိုးရေး တွေလည်း ကျဆင်းလာတယ်။ ကျနော်တို့ ကျေးရွာအုပ်စုက ၇၅ ရာခိုင်နှုန်းလောက် အဆင်မပြေဘူး ဖြစ်နေတယ်။ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကလည်း အဆင်ပြေတယ် ဆိုရုံလောက်ဘဲ လည်ပတ်နိုင်တော့တယ်။ အခုဟာက ရွာမှာ မြောင်း လုံး၀ မရှိတာလည်း မဟုတ်ဘူး၊ နောက်ပြီး ဒီမြောင်းကို အခုမှ အသုံးပြုဖို့ ပြောတာလည်း မဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ကျနော်တို့ ဒီမြောင်းနဲ့ပဲ စပါးတွေ စိုက်ခဲ့ကြတာ။ အခုဆို မြောင်းလုံး၀ မရှိတဲ့ နေရာတွေမှာ မြောင်းအသစ် တူးပြီးကုန်ပြီ။ ရေက ကျနော်တို့ဆီ မလာဘဲ အထက်ပိုင်းမှာတင် အလေအလွင့် ဖြစ်ကုန်တာလား မပြောတတ်ပါဘူး။ ရေမလာတာ ၁၉ နှစ်ကျော်နေပြီ” ဟု နန်းနီကျေးရွာမှ
ကျေးရွာ လူကြီးတဦးက ပြောသည်။
စပါးများ ဈေးကောင်းရနေချိန် ဖြစ်ပြီး လက်ရှိ အစိုးရကလည်း လယ်သမားများကို ပြန်လည် နေရာပေးချိန် ဖြစ်သည့်အတွက် စပါး စိုက်ပျိုးရန် ဆည်မြောင်းမှ ရေများကို ပေးသွယ်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို တောင်းဆို ထားကြောင်း ၎င်းက ဆက်ပြောသည်။
“စပါးက တနှစ်ကို နှစ်ရာသီလောက် စိုက်လို့ရတယ်။ စပါးစိုက်တဲ့ နှစ်ဆိုရင် တနှစ်လုံးအတွက် ပူစရာမလိုတော့ဘူး။ နောက်ပြီး
စပါးစိုက်ပျိုးချိန် ပြီးတဲ့အခါမှာ တခြားသီးနှံတွေကိုလည်း အစားထိုး စိုက်ပျိုးနိုင်သေးတယ်။ ကျနော်တို့ ဒီရွာက လူတွေ အားလုံးကတော့ စပါးကို တော်တော်လေး စိုက်ပျိုးချင်နေကြပါတယ်” ဟု နန်းနီ ကျေးရွာအုပ်စုမှ လယ်သမားတဦးက ဆိုသည်။
ဆည်မြောင်းရေ မရရှိသည့် ကိစ္စနှင့် ပတ်သက်ပြီး ကျောက်ဆည် ဆည်မြောင်းဦးစီးဌာနသို့ ဧရာဝတီမှ ဖုန်းဆက် မေးမြန်း သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။
နန်းနီ ကျေးရွာသားများ ရေမရရှိသည့် ဆည်မြောင်းသည် ကျောက်ဆည် တမုတ်မြောင်းမှ ဆင်းသက်လာသော မြောင်းဖြစ်၍ ညောင်ဝန်း သပြေပင် ဘုန်းတော်ကြီးကျောင်း အနားမှ ခွဲကာ ဘော်လတန် ရေသောက် မြောင်းခွဲ ဖြစ်ပြီး ပေအရှည် နှစ်သောင်းကျော် ရှိသည်။