ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ပထမဆုံးသော ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို ဇွန်လ ၂၂ ရက်နေ့ မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် တိကျ ရှင်းလင်းသော မူဝါဒ ထုတ်ပြန်နိုင်ခြင်း မရှိကြောင်း သတင်းရရှိသည်။
နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်တွင် ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲတရပ် ယနေ့ ကျင်းပခဲ့သော်လည်း မြန်မာ့ ဒီမိုကရေစီအရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး အတွက် အရေးကြီးသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အချိုးကျ ကိုယ်စားပြု စနစ် (PR စနစ်) အပါအဝင် နိုင်ငံရေး ဆိုင်ရာ မူဝါဒများကို တိကျရှင်းလင်းစွာ ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် PR စနစ် အသုံးပြုရေး အတွက် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြသည့်အတွက် ရွေးကောက်ပွဲကော်မရှင်က မေလ ၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ PR စနစ် အသုံးပြုရေးကိစ္စ ဆွေးနွေးဆုံးဖြတ်ပေးရန် တင်ပြထားရာ ကြံ့ခိုင်ရေးပါတီက PR စနစ်နှင့် ပတ်သက်ပြီး လေ့လာမှုများ ပြုလုပ် နေကြောင်း၊ PR စနစ်အတွက် ဆုံးဖြတ်ချက် မပေးနိုင်သေးကြောင်း ကြံ့ခိုင်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။
“နိုင်ငံရေး သဘောမျိုးအနေနဲ့ ဆွေးနွေးတာ မဟုတ်ပါဘူး။ ပညာရပ်ပိုင်း ဆိုင်ရာ လေ့လာ ဆွေးနွေးမှုအနေနဲ့ PR စနစ်ကို စာတမ်းဖတ် ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီ PR စနစ်အပေါ်မှာ နိုင်ငံနဲ့ ပြည်သူ့အကျိုးအတွက် အကျိုးရှိမယ့် အလုပ်တွေကို ဆက်လက် ဆောင်ရွက်နိုင်ဖို့ ဒီနေ့ အစည်းအဝေးသည် ဗဟိုအလုပ်မှုဆောင် ကော်မတီကို လွှဲပေးတယ်လို့ ကျနော်တို့ ဆုံးဖြတ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် နိုင်ငံနဲ့ ပြည်သူ့ အကျိုးအတွက်ကို PR စနစ်နဲ့ ပတ်သက်လို့ရော၊ ကျန်တဲ့ စနစ်တွေနဲ့ ပတ်သက်လို့ရော ဆက်ပြီး ဆုံးဖြတ် ဆောင်ရွက်သွားပါမယ်။ ဒီနေ့ ဆုံးဖြတ်ချက် မချသေးပါဘူး” ဟု ဦးဌေးဦးက ဆိုသည်။
သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသည့် သတင်းထောက်များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ ်ပြည်ထောင်စုစနစ် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဦးဌေးဦးကို မေးမြန်းကြသော်လည်း ဦးဌေးဦးက ရှင်းလင်းတိကျသော အဖြေမပေးနိုင်ခဲ့ဟု သိရှိရသည်။
“ဖက်ဒရယ်ဆိုတာ ခွဲထွက်ခြင်းဆိုတာကို ကျနော်တို့ ပါတီအနေနဲ့ လုံး၀ လက်မခံပါဘူး။ ဖက်ဒရယ်သည် ပြည်ထောင်စုပါပဲ။ ဖက်ဒရယ်ဆိုတဲ့ သဘောကို ကျနော်တို့ ပါတီသည် ခွဲထွက်တယ်လို့ သဘောမထားဘူး။ ဒါကြောင့် ဒီသဘော ဆောင်သလား မဆောင်သလား ဆိုတာကို ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်သုံးသပ်နေပါတယ်။ သုံးသပ်ပြီးတဲ့ အချိန်ကျရင်တော့ အဲဒီ သုံးသပ်ချက်တွေ ဒီနေ့ အစည်းအဝေးနဲ့တင် မပြီးပါဘူး။ ဒါနဲ့ ပတ်သက်လို့ အချက်အလက်တွေ၊ စာတမ်းတွေ ကျနော်တို့ ပြုစုတယ်။ ကျွမ်းကျင်တဲ့ သူတွေနဲ့ ဆွေးနွေးနေတယ်။ ဆွေးနွေး တင်ပြချက်တွေ အားလုံးကို နိုင်ငံတော်နဲ့ ပြည်သူ အကျိုးအတွက် လိုအပ်သလို အသုံးပြုနိုင်ရန် ဒီတာဝန်ကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ဆက်ပေးထားပါတယ်။ လောလောဆယ်အနေနဲ့ ဘာလုပ်မယ်၊ ဘာပြင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် မရှိသေးဘူး” ဟု ဦးဌေးဦးက ဆက်ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ မည်သည့်အချက် ပြင်ဆင်မည်ကို မပြောနိုင် သေးသည့်အပြင်၊ ပြင်ဆင်မည်ဟုလည်း တိကျစွာ ပြောဆိုနေခြင်း မဟုတ်ကြောင်း ဦးဌေးဦးက ရှင်းပြသည်။
“အခြေခံဥပဒေ ပြင်ဖို့ လိုရင် ပြင်ရမယ်၊ ပြင်ဖို့ မလိုရင် မပြင်ဘူး။ ဘယ်အချက်ကို ပြင်မယ်လို့လည်း မသိသေးဘူး။ အခု အချိန်တော့ ပြောရခက်ပါတယ်။ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့ လွှတ်တော်မှာ အဆိုတင် ထားတယ်။ ပါတီ ဒုတိယ ဥက္ကဋ္ဌ သူရ ဦးအေးမြင့် ပြောတာ ရှင်းရှင်းလေးပါပဲ။ ပြင်ဆင်မယ်လို့ ပြောနေတာ မဟုတ်ဘူး။ ပြင်မယ်ဆိုရင် စဉ်းစားလို့ ရအောင် ကော်မတီ ဖွဲ့ပေးပါလို့ သူပြောတာပဲ ရှိတယ်။ ပြင်မယ်ဆိုတာ ကျနော်တို့ ကြားတယ်၊ ဥပဒေ တရပ်ကို ပြင်မယ်ဆိုရင် လွှတ်တော်ကပဲ လုပ်ရမှာပဲ။ လွှတ်တော် အနေနဲ့ ပြင်မယ်ဆိုရင် စဉ်းစားပြီး ပြင်ဆင်နိုင်မယ့် ကော်မတီ သို့မဟုတ် ကော်မရှင် တရပ် ဖွဲ့စည်းပေးပါလို့ သူပြောတာပါ။ ပြင်ချင်လို့ ကော်မတီ ဖွဲ့ပေးပါလို့ အဆိုတင်ခဲ့တာ မဟုတ်ဘူး” ဟု ဦးဌေးဦးက ပြောသည်။
ကြံ့ခိုင်ရေး ပါတီ၏ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အမေရိကန် ခရီးစဉ် အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ကြံ့ခိုင်ရေးပါတီ ညွန့်ပေါင်း အစိုးရဖွဲ့မည်ဟု ပြောဆိုချက်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် စောနေသေးကြောင်း ဦးဌေးဦးက ဆက်လက် ပြောဆိုသည်။
“ပါတီဥက္ကဋ္ဌ အမေရိကန်က ပြန်လာချိန်မှာ ကျနော်တို့နဲ့ တွေ့ပါတယ်။ ပါတီ ဗဟိုကော်မတီ ညီလာခံ ကိုလည်း လာတက် ပါတယ်။ အမေရိကန် ခရီးစဉ်မှာ ပါသွားတဲ့ ဦးသိန်းဆွေလည်း ရှိပါတယ်။ ဒီ ညွန့်ပေါင်းအစိုးရ ကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တခုမှ ဆွေးနွေးတာ မရှိပါဘူး။ နောက် တခုက ဒီအခြေအနေ ဒီအချိန်အခါမှာ အစိုးရဖွဲ့စည်းဖို့ ပြောရမယ့် အချိန်လား၊ ပြောရော ပြောမှာလား။ ဒါစဉ်းစားကြည့်ပါလို့ပဲ ကျနော် ပြောချင်ပါတယ်။ ဖွဲ့စည်းမယ်ဆိုရင်လည်း စောများ စောနေသလား။ ဗဟို အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးမှာ လုံးဝမဆွေးနွေးဘူး” ဟု ဦးဌေးဦးက ဆိုသည်။
လတ်တလော အငြင်းပွားစရာ ဖြစ်နေသည့် အမျိုးစောင့်ဥပဒေကိစ္စနှင့် ပတ်သက်ပြီး ဖြေဆိုရာတွင် ဦးဌေးဦးက ပြည်သူ အကျိုးပြုသော ဥပဒေဖြစ်လျှင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် အမျိုးစောင့် ဥပဒေအကြောင်း သေချာရေရာစွာ မသိရှိသေးဟု ဆိုသည်။
“ဥပဒေတိုင်းဟာ နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိမယ် ဆိုရင် လုပ်ရမှာပေါ့။ ဥပဒေပြုရေး ဆိုတဲ့ တာဝန်ဟာ လွှတ်တော် တွေရဲ့ တာဝန်ပဲ။ နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိမယ်ဆိုတဲ့ ဥပဒေ လုပ်ကြမှာပဲ။ အကျိုးရှိဖို့တော့ လိုတယ်။ အကျိုးရှိမယ်ဆိုရင် လုပ်မယ်။ နာမည်ကတော့ ကောင်းပါတယ်။
အမျိုးစောင့် ဥပဒေ ဆိုတော့ နာမည်လေး ကြားရုံနဲ့တော့ အကျိုးရှိမယ်၊ မရှိဘူးဆိုတာ မဆုံးဖြတ်နိုင်ဘူး။ ဘာအချက်အလက်တွေ ပါသလဲဆိုတာ မသိသေးတဲ့အတွက် ကျနော် ပြောလို့တော့ မရဘူး” ဟု ဦးဌေးဦးက ဆိုသည်။
ကြံ့ခိုင်ရေး ပါတီအတွင်း သဘောထား ကွဲလွဲမှုများ ရှိနေသည်ဆိုသော သတင်းများကိုလည်း ဦးဌေးဦးက ငြင်းဆိုသည်။
၃ ရက်ကြာ ကြံ့ခိုင်ရေး ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များ၊ အရန် ဗဟိုကော်မတီဝင်များ အပါအဝင် စုစုပေါင်း အင်းအား ၃၀၀ ကျော် တက်ရောက်ကြောင်း သိရှိရသည်။