သမ္မတအမိန့်ဖြင့် ဆိုင်းငံ့ထားသော ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည် စတင်နိုင်ရန် တရုတ်စွမ်းအင် ရင်းနှီး မြှုပ်နှံမှု ကော်ပိုရေးရှင်း(CPI) ကုမ္ပဏီက ကချင် ဘာသာရေး ခေါင်းဆောင်များကို စည်းရုံး ပြောဆိုမှုများရှိကြောင်း သိရ သည်။
ယခုလ ၁၄ ရက်နေ့က CPI ကုမ္ပဏီ ဒုတိယ ညွန်ကြားရေးမှူး တဦးအပါအဝင် အင်ဂျင်နီယာ ၆ ဦးတို့က မြစ်ဆုံဒေသမှ ဘာသာ ရေး ခေါင်းဆောင် တချို့ကို သွားရောက်တွေ့ဆုံ၍ စည်းရုံး ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်(KDNG) က ပြောရေး ဆိုခွင့်ရှိသူ မဆိုင်းမိုင်က ဧရာဝတီသို့ ပြောသည်။
CPI အနေနှင့် မြစ်ဆုံ စီမံကိန်း ပြန်လည် စတင်နိုင်ရန် အတွက် သမ္မတ ဦးသိန်းစိန် ၏ သက်တမ်း ကုန်ဆုံးမည့် အချိန်ကို စောင့် ဆိုင်း နေခြင်း ဖြစ်သည်ဟု ဘာသာရေး ခေါင်းဆောင်များကို ပြောကြားကြောင်း ၎င်းက ဆိုသည်။
“သူတို့ ဘာမှ ဒေသခံတွေ ခေါ်ပြီး မြစ်ဆုံစီမံကိန်း တည်ဆောက်နေတဲ့ နေရာကို ခေါ်သွားစရာအကြောင်း မရှိဘူး၊ ခေါ်သွားပြီး တော့ မြစ်ဆုံရေကာတာကြီး ဆောက်လုပ်လို့ ရှိရင် ဒေသခံတွေကို ဘယ်လောက် အကျိုးပြုမယ်ဆိုတဲ့ အကြောင်းတွေ ပြောတယ်၊ အစိုးရက ပေးမလုပ်ဘူး ဆိုရင်လည်း နိုင်ငံတကာ လုပ်ထုံးလုပ်နည်း ဥပဒေနဲ့ သူတို့ ဆက်လုပ်သွားမယ်လို့ ပြောတယ်”ဟု မဆိုင်း မိုင်က ပြောဆိုသည်။
CPI ကုမ္ပဏီ တာဝန်ရှိသူများအနေနှင့် ဘာသာရေး ခေါင်းဆောင်များကို မြစ်ဆုံစီမံကိန်းတည်ဆောက်မည့် နေရာသို့ ခေါ်ဆောင် သွားပြီး လမ်းတံတား တည်ဆောက်ထားခြင်းနှင့် ဖွံ့ဖြိုးလာမည့် အခြေအနေတို့ကို ရှင်းပြခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတော် ကောင်စီဝင် မစ္စတာ ရန်ကျဲချိကလည်း တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုဖွံ့ဖြိုးရန် ပိုမိုနက်နဲစွာ ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
မြန်မာနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အဖွဲ့တို့ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်းသည် ရလဒ်ကောင်းများ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ဝမ်းသာကြောင်း၊ တရုတ် မြန်မာ နယ်စပ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကူညီ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း မစ္စတာ ရန်ကျဲချိက ပြောသည်။
မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘက်မှ ကြိုးပမ်းလာမှုကို သတင်းရေးသား ဖော်ပြကြသော်လည်း မြန်မာ အစိုးရ ဘက်က သတင်းထုတ်ပြန်ခြင်း မရှိပေ။
CPI ကုမ္ပဏီက မြစ်ဆုံဆည် တရားဝင် ဆက်လက် လုပ်ကိုင်နိုင်ရေးကို မြန်မာအစိုးရနှင့် အကြိမ်ကြိမ် ကြိုးပမ်းနေကြောင်းလည်း သိရသည်။
ယခုနှစ် ဧပြီလ ၁၈ ရက်နေ့က မြစ်ဆုံအနီးမှ အဓမ္မ အပြောင်းရွှေ့ခံရပြီး အောင်မြင်သာ စံပြကျေးရွာသို့ ရောက်ရှိနေသော ဒေသခံ တချို့ကို CPI ကုမ္ပဏီ အရာရှိ LU Qizhou က လာရောက် စည်းရုံးနေခြင်းကိုလည်း KDNG က ရုပ်သံမှတ်တမ်း ပြုစု၍ ဖော်ထုတ် ခဲ့သည်။
အဆိုပါ ရုပ်သံမှတ်တမ်းတွင် Mr. LU Qizhou က“သတင်းတွေမှာပါတဲ့ မြစ်ဆုံအကြောင်းကို ခင်ဗျားတို့လည်း သိမှာပါ။ မြစ်ဆုံရေ ကာတာ ဆောက်လုပ်ရေးဟာ လုံးဝ စိတ်ချရပါတယ်လို့ ဒီနေရာမှာ အာမခံပါတယ်”ဟု ရွာသားများကို ပြောဆိုသွားခဲ့သည်။
တရုတ် အစိုးရသည် မြစ်ဆုံစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး မေခ၊ မေလိခ မြစ်များပေါ်ရှိ ရေကာတာ စီမံကိန်းများ အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
မြန်မာအစိုးရ အမှတ် ၁ လျှပ်စစ် ဝန်ကြီးဌာနနှင့် တရုတ် CPI တို့တည်ဆောက်နေသော မြစ်ဆုံ စီမံကိန်း ပြီးစီးပါက လျှပ်စစ် ဓာတ် အား မီဂါဝပ် ၆၀၀၀ ထုတ်လုပ်နိုင်မည်ဟု သိရပြီး ထိုစီမံကိန်းများကို၂၀၀၆ ခုနှစ်တွင် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကာ ၂၀၀၉ ခုနှစ်တွင် CPI ကုမ္ပဏီက ဦးဆောင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီ မြစ်ဆုံ စီမံကိန်းကို ပြည်သူများ၏ ဆန့်ကျင် ကန့်ကွက်မှုများကြောင့် ၎င်း၏ သမ္မတ သက်တမ်းတွင် ဆိုင်းငံ့ထားမည်ဟု ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။