မြန်မာ အစိုးရက ထုတ်ဝေဖြန့်ချိခွင့်ပိတ်ပင်လိုက်ပြီး မြန်မာမီဒီယာ အများက ရှုတ်ချကန့်ကွက်ခဲ့ကြသော တိုင်းမ်မဂ္ဂဇင်းပါ ဟန်နာဘိချ်၏ The Face of Buddhist Terror ဆောင်းပါးကြောင့် ဖြစ်ပေါ်ခဲ့သော ဝေဖန်ဆွေးနွေးမှုအပေါ် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် တိုင်းမ်မဂ္ဂဇင်း ထုတ်ဝေသောကုမ္ပဏီက ကျေနပ်ကြောင်း ပြောဆိုလိုက်ပြီး ဆောင်းပါးကို အပြည့်အဝ ကာကွယ်ရပ်တည်သည်။
ဧရာဝတီက ဆက်သွယ်မေးမြန်းမှုကို ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ Daniel Kile က “TIME’s international cover story is a thoughtful, well-reported piece that shows the presence in Myanmar of an extremist movement that associates itself with Buddhism” (တိုင်းမ်၏ အပြည်ပြည်ဆိုင်ရာ မျက်နှာဖုံး ဆောင်းပါးသည် ဗုဒ္ဓဘာသာနှင့် ဆက်စပ်နေသော အစွန်းရောက်လှုပ်ရှားမှုတခု မြန်မာပြည်တွင် ရှိနေကြောင်း ပြဆိုသည့် တွေးစရာကောင်းသော ကောင်းမွန်သည့် သတင်းပေးပို့ချက်တခု ဖြစ်သည်) ဟု အီးမေးလ်ဖြင့် ပြန်လည်ရေးသား ပေးပို့သည်။ ထို့ပြင် ““TIME is pleased by the debate and discussion this important piece has raised” (ဤသို့ အရေးပါသည့် ဆောင်းပါးက တင်ပြခြင်းကြောင့် ဆွေးနွေးငြင်းခုံမှု ဖြစ်သည်ကို တိုင်းမ်မဂ္ဂဇင်းက ကျေနပ်မိသည်) ဟုလည်း ရေးသားသည်။
တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးကြောင့် မြန်မာပြည်တွင်းနှင့် ပြည်ပရှိ စာဖတ်သူများအကြား ဆွေးနွေး အငြင်းပွားမှုများစွာ ပေါ်ပေါက်ခဲ့ရပြီး နောက်ဆုံး၌ နိုင်ငံတော် သမ္မတရုံးကပင် ဆောင်းပါးကို ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ တားဆီးထိန်းသိမ်းနိုင်ရေး” အတွက်ဟုဆိုကာ အစိုးရ၏ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက The Face of Buddhist Terror ဆောင်းပါးပါဝင်သည့် တိုင်းမ်မဂ္ဂဇင်းကို ပြည်တွင်း၌ လုံး၀ ဖြန့်ချီရောင်းချ လက်ဝယ်ထားရှိခြင်း မပြုရန် အမိန့်ထုတ်ပြန်လိုက်ကြောင်း ယနေ့ ထုတ်ဝေသည့် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြသည်။
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဆိုသည်မှာ ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ၂၀၁၃ ခုနှစ်ဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ တားဆီးထိန်းသိမ်းနိုင်ရေး အတွက် ဖွဲ့စည်းပေးထားသော အဖွဲ့တခု ဖြစ်သည်။ ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ကာ ဝန်ကြီးနှင့် ဒုဝန်ကြီး ၁၀ ဦးက အဖွဲ့ဝင် အဖြစ် ပါဝင်သည်။
တိုင်းမ်မဂ္ဂဇင်း ဖြန့်ချိခွင့်ကို တားမြစ်ချက်မှာ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေသည့် အစိုးရက စာနယ်ဇင်းလွတ်လပ်ခွင့် ရှိစေရမည်ဟူသော ကတိကဝတ်အား ချိုးဖောက်ခြင်းလောဟု စာနယ်ဇင်းအသိုင်းအဝိုင်းတွင် သံသယဝင်နေကြသည်။
တိုင်းမ်မဂ္ဂဇင်း၏ ရေးသားဖော်ပြမှုမှာ ဗုဒ္ဓဘာသာကို ထိခိုက်စေသော်လည်း အစိုးရ အရေးယူဆောင်ရွက်သည့် ပုံစံမှာ သတင်းစာလွတ်လပ်ခွင့်အတွက် စိုးရိမ်စရာကောင်းကြောင်း စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တဦးဖြစ်သည့် Open ဂျာနယ် အယ်ဒီတာချုပ် ဦးသီဟစောက ပြောသည်။
” ဒီကော်မတီက ဘာသာရေးကိစ္စတွေကို ကိုင်တွယ်ဖို့လုပ်တာ။ အခုက စာနယ်ဇင်းကို လုပ်လိုက်တော့ သူတို့မှာ လုပ်ပိုင်ခွင့်ရှိတယ် ပုံစံဖြစ်သွားတယ်။ အခုလို ကိုင်လိုက်တဲ့ ပုံစံကလည်း Press Freedom အတွက် စိုးရိမ်ဖို့ ကောင်းတယ်။ ပြန်ကြားရေးရော စာနယ်ဇင်းကောင်စီရော မပါတော့ဘဲနဲ့ သူတို့ပဲ တိုက်ရိုက်ကိုင်မယ့်သဘော ဖြစ်သွားပြီ ”ဟု ဆိုသည်။
ထို့အတူ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် နောက်တဦးဖြစ်သည့် ဦးမြင့်ကျော်ကလည်း ”အခု အမိန့်ထုတ်လိုက်တဲ့ အဖွဲ့က သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ အပေါ်မှာရော သြဇာလွှမ်းတော့မှာလား။ တရားဥပဒေစိုးမိုးရေး လုပ်တယ် ပြောပေမယ့် သူတို့ရဲ့ လုပ်ပိုင်ခွင့် ဘယ်အတိုင်းအတာ ဘယ်အထိရှိလဲဆိုတာ မရှင်းဘူး။ အရင်စာပေစိစစ်ရေး လုပ်တဲ့ပုံစံပဲ။ ဒီလိုမျိုးလုပ်ခွင့်ရှိတယ်ဆိုရင် Press Freedom ကိုလည်းထိခိုက်နိုင်တယ်။ တိုင်းမ် မဂ္ဂဇင်းဆိုတာ စောင်ရေ ၆၀၀ေ လာက်ဝင်တာ။ ကျနော်တို့ Local မှာ ဖတ်နိုင်တဲ့သူက ဘယ်လောက်ရှိမှာလဲ။ ဒီမဂ္ဂဇင်းက စာစောင်အနေနဲ့မလာလည်း အွန်လိုင်းကနေ လာနိုင်တာပဲ။ တချို့ ဂျာနယ်တွေက ဘာသာပြန်ပြီးတော့တောင် ထည့်ပြီးကုန်ပြီ။ ဒီမဂ္ဂဇင်းကို ပိတ်တယ်ဆိုတာ ထိရောက်တဲ့ ဆောင်ရွက်မှုလို့ ပြောလို့မရဘူး”ဟု ဧရာဝတီကို ပြောဆိုသည်။
အစိုးရအနေဖြင့် ဆူပူအောင်လှုံဆော်သည်ဟု ဆိုကာ တိုင်းမ်မဂ္ဂဇင်းကို အရေးယူသော်လည်း အကြမ်းဖက်မှုဖြစ်အောင် အမုန်းတရားများကို ဟောပြောနေသော ၉၆၉ တရားပွဲများကိုမူ အရေးမယူဘဲ အစိုးရက ထိုင်ကြည့်နေကြောင်းလည်း ဦးမြင့်ကျော်က ပြောသည်။
” အခု ၉၆၉ တရားပွဲတွေမှာ ဘာတွေဟောနေလဲဆိုတာ သူတို့( အစိုးရ )တွေနားထောင်ပြီး ပြောရဲ့လား။ အခု တရားပွဲတွေမှာ လှုံ့ဆော်နေတာတွေ ရှိတယ်။ မော်လမြိုင်ဘက်မှာဆိုရင် သွားနားထောင်ခဲ့တဲ့သူက တော်တော်လေးဆိုးတယ် ပြောတယ်။ သူတို့ဟောပြောချက်တွေက အကြမ်းဖက်မှုကို ဖြစ်စေနိုင်တယ်။ အဲဒါမျိုးတွေကိုရော အရေးမယူဘူးလား”ဟု ဆိုသည်။
ထို့ပြင် ”မြို့တွေမှာ ဆူပူမှုတွေ ဖြစ်အောင်လုပ်နေတဲ့သူတွေကိုတော့ အရေးမယူနိုင်ဘဲနဲ့ ဒီမဂ္ဂဇင်းကိစ္စကို ပုံကြီးချဲ့လုပ်နေတယ်။ ကြေညာချက်ထုတ်တာက လွယ်တာကိုး ရပ်ရွာအေးချမ်းရေးကို ထိခိုက်အောင် လုပ်နေတဲ့သူတွေကျတော့ မဖော်ထုတ်နိုင်သေးဘူး။ အောက်ခြေမှာ ဖြစ်နေတဲ့ဟာက ဖြစ်နေတာပဲ။ တိုင်းမ်းမဂ္ဂဇင်းကြောင့်မှ မဟုတ်ဘူး ဖြစ်နေတာပဲ”ဟု ဦးမြင့်ကျော်က ပြောဆိုသည်။
တိုင်းမ်မဂ္ဂဇင်း၏ ဆောင်းပါးနှင့် ပတ်သက်၍ ဦးသီဟစောကမူ ဗုဒ္ဓဘာသာကို ထိခိုက်အောင်ရေးသားထားသည့် ရေးဟန်၊ ဆူပူအောင် လှုံဆော်သလို ဖြစ်နေကြောင်း သုံးသပ်သည်။
” ဦးဝီရသူကိုချည်းပဲ ပြောလို့မရဘူး။ အခုက ဘုန်းကြီးတွေကပဲ ဦးဆောင်ပြီး အကြမ်းဖက်မှုတွေ လုပ်နေသယောင်ယောင် ဖြစ်နေတယ်။ ဒီဟာတွေဖြစ်အောင် လုပ်နေတဲ့သူတွေ ရှိတယ်။ အဲဒါကို မဖော်ထုတ်ဘဲနဲ့ တစ်ဖက်စောင်းရေးတဲ့ သူတို့ ရည်ရွယ်ချက်ကလည်း မကောင်းဘူး။ သူတို့ ဦးဝီရသူကို မေးခဲ့သလို တကယ့် Peaceful ဖြစ်တဲ့ ဗုဒ္ဓဘာသာဘုန်းကြီး တစ်ပါးကိုလဲ မေးခဲ့သင့်တယ်”ဟု ဦးသီဟစောက ဆိုသည်။
တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးသည် မြန်မာနိုင်ငံသာမက ထိုင်းတောင်ပိုင်းနှင့် သီရိလင်္ကာရှိ ဗုဒ္ဓဘာသာတရား၏ မူရင်းဓမ္မသဘောနှင့် ဆန့်ကျင်နေမှုများကို ထုတ်ဖော်ရေးသား ညွှန်းဆိုထားပြီး ဗုဒ္ဓဘာသာ၏ ပကတိ သဘော ငြိမ်းချမ်းမှု၊ ဓမ္မနှင့် ခွင့်လွှတ် သည်းခံနိုင်ခြင်းတို့ကိုလည်း ယှဉ်တွဲ ရေးသားဖော်ပြထားသည်။ ဆောင်းပါးနိဂုံးတွင် အကြမ်းဖမ်သမားများ၏ ဗုံးဒဏ်ကို ပြင်းပြင်းထန်ထန် ထိခိုက် ခံစားခဲ့ရသော ထိုင်းလူမျိုး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးက အကြမ်းဖက် ဝါဒနှင့် အစ္စလာမ်အယူဝါဒကို ခွဲမြင်နိုင်ပြီး တဘက်နှင့် တဘက် အပြန်အလှန် အပြစ်တင်နေခြင်းမှာ အကျိုးမရှိ၊ အာဃာတ မထား ခွှင့်လွှတ်နိုင်ကြောင်း ရေးသားဖော်ပြထားသည်။