ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ဇွန် ၂၅ ရက် ညနေ ၆ နာရီခန့်က မူးယစ်တိုက်ဖျက်ရေး အဖွဲ့ ဗုံးခွဲ တိုက်ခိုက် ခံရကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ် လွယ်လင်ကန် ကျေးရွာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူများ သယ်ဆောင်လာသည် ဆိုသည့် သတင်းကို ရရှိသဖြင့် မူးယစ် တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးရန် သွားစဉ် ဗုံးခွဲ တိုက်ခိုက်ခံရပြီး မူးယစ်တိုက်ဖျက်ရေး အဖွဲ့မှ ၁ ဦး သေဆုံးကာ၊ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး နမ့်ခမ်းဆေးရုံးသို့ တင်ထားကြောင်း နမ့်ခမ်းဒေသခံ ဦးစိုင်းရီထွန်းက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ နမ့်ခမ်းမှာက တခုခုဖြစ်ပြီဆိုရင် ဘယ်အဖွဲ့ကလဲ ဆိုတာ သိပါတယ်။ ဟိုတလကလည်း အဲဒီလိုပဲ ဖြစ်ခဲ့ပါ သေးတယ်” ဟု ဦးစိုင်းရီထွန်းက ဆိုသည်။
နမ့်ခမ်း ဒေသတွင်း ဘိန်းရောင်းဝယ် ဖောက်ကားမှုကို အာဏာရ အစိုးရပါတီ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အရွေးချယ် ခံခဲ့ရသော နမ့်ခမ်း ပြည်သူ့လွှတ်တော် အမတ် လက်နက်ကိုင် ပြည်သူ့စစ် ခေါင်းဆောင် တဦးလည်း ဖြစ်သည့် ပန်းဆေး ဦးကျော်မြင့်က ဦးဆောင် ပြုလုပ်နေသည်ဟု ယူဆကြောင်း နမ့်ခမ်း ဒေသခံများက ပြောကြသည်။
ထို့အပြင် နမ့်ခမ်းမြို့တွင် မူးယစ်ဆေးဝါးကို အလွယ်တကူ ဝယ်ယူရရှိနိုင်ကြောင်း၊ မူးယစ် တိုက်ဖျက်သည့် အဖွဲ့များသည် နမ့်ခမ်း ဈေးနေ့တိုင်း မူးယစ်ဆေး ရောင်းဝယ်သူများကို ဖမ်းဆီးသော်လည်း မူးယစ် ဂိုဏ်းချုပ်ကို ဖမ်းမမိနိုင်သေးကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။
“နမ့်ခမ်းမြို့မှာ မူးယစ်ဆေးဝါး ဘယ်လောက်အထိ ရောင်းဝယ်နေလဲ ဆိုတာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကိုတောင် ပြန်အန္တရာယ်ပြုနေပြီ။ မူးယစ်ဆေးဝါး သုံးစွဲမှုကို လျော့နည်းအောင် လုပ်ဖို့ဆိုတာ ရောင်းဝယ်နေတဲ့ အကြီးဆုံးကို အမြန် ဖမ်းဆီးသင့်တယ်” ဟု နမ့်ခမ်းဒေသခံ ဦးစိုင်းခမ်းက ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးများကို ဝယ်ယူရန် အလွန်ပင် လွယ်ကူကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် မူးယစ်ဆေးဝါးကို တားဆီးကာကွယ် နှိမ်နင်းနေသော်လည်း ရောင်းဝယ်သူ၊ သုံးစွဲသူများက နည်းမျိုးစုံဖြင့် လုပ်ဆောင် နေကြသောကြောင့် ဒေသခံ ပြည်သူများပါ ပူးပေါင်း ဆောင်ရွက်မှ အောင်မြင်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“နမ့်ခမ်းမှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေ တော်တော်များလာတယ်။ မူးယစ်ဆေးကို အလွယ်တကူ ဝယ်နိုင်သလို၊ အလွယ်တကူ သုံးစွဲနေကြတယ်။ မူးယစ်တိုက်ဖျက်ရေး အဖွဲ့ကိုတောင် ပြန်ပြီး တိုက်ခိုက်နိုင်တဲ့ သူတွေဆိုတော့ တော်တော်လေးကို လွန်တယ်” ဟု နမ့်ခမ်း မြို့မှ ဦးစိုင်းခမ်းက ဆိုသည်။
မူးယစ်ဆေးဝါးကို သုံးစွဲမှု များလာသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် သူများကို အမြန်ဆုံး ဖမ်းဆီးသင့်ကြောင်း၊ သုံးစွဲသူများ ပပျောက်စေရန်လည်း ပြည်သူများနှင့် အာဏာပိုင်များ ပူးပေါင်း ဖြေရှင်းသင့်ကြောင်း၊ မူးယစ်ဆေးဝါး ကိစ္စများ ဖြေရှင်းသည့် နေရာတွင်လည်း ထိရောက်သည့် ပြစ်ဒဏ်များ ပေးသင့်ကြောင်း နမ်းခမ့်ဒေသခံများက ပြောကြသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နမ့်ခမ်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နှင့် နမ့်ခမ်းရဲစခန်းကို ဧရာဝတီက ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ယနေ့ ဇွန် ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေး နေ့အဖြစ် သတ်မှတ်ထားသည်။
ရှမ်းပြည် မြောက်ပိုင်းတွင် မူးယစ်ဆေး သုံးစွဲသည့် ပမာဏမှာ လူဦးရေ၏ ၇၀ ရာခိုင်နှုန်း နီးပါးရှိနေကြောင်း ဒေသခံ များက ဆိုသည်။
မေလ အတွင်းကလည်း နမ့်ခမ်းမြို့နယ် အောင်မေတ္တာ ရပ်ကွက်ရှိ ပရိယတ္တိ စာသင်တိုက်ကျောင်း အနီးတွင် အမည်အသိ အဖွဲ့တဖွဲ့က နမ့်ခမ်းမြို့နယ်ရှိ ပြည်သူ့ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ရဲတဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။