မြန်မာနိုင်ငံအတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို စစ်ဆေးချက်အရ မူးယစ်ဆေးဝါး ကုန်သွယ်မှုသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်လမ်းကြောင်းမှ ပိုမိုများပြားလာသည်ကို တွေ့ရကြောင်း မူးယစ်တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အဆိုအရ သိရသည်။
စိတ်ကြွဆေးတွင် အဓိက အသုံးပြုသော ဆူတိုအဖက်ဒရင်း ပါသော အိမ်သုံးဆေးဝါးများကို အိန္ဒိယ ဘက်မှတဆင့် တရားမဝင် လမ်းကြောင်းဖြင့် တင်သွင်းကြခြင်းကြောင့် အဆိုပါလမ်းကြောင်းမှ အများဆုံး ကုန်သွယ်မှု ရှိနေခြင်းဖြစ်ကြောင်း မူးယစ် တိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒုရဲမှူးကြီး တင်လင်းက ယနေ့ကျင်းပသော ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ ဖျက်ဆီးပွဲတွင် ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းသို့ အရှေ့အလယ်ပိုင်း နိုင်ငံများမှ တိုက်ရိုက် ဝင်ရောက်မှုကို မတွေ့ရ သေးသော်လည်း သတိထားပြီး ဆောင်ရွက်လျှက်ရှိကြောင်း၊ မလေးရှားနှင့် ထိုင်ဝမ် (တိုင်ပေ) နိုင်ငံများမှ ဝင်ရောက်မှုများကိုမူ တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။
“ဘင်္ဂလားဒေ့ရှ် ဘက်က ပေါက်နေတာ။ အသုံးပြုသူ အနေနဲ့တော့ မဟုတ်ဘူး။ သယ်ယူပို့ဆောင်တဲ့ အပိုင်းမှာ များနေတာ။ မြန်မာနိုင်ငံကို ဖြတ်ပြီးတော့ တရုတ်နိုင်ငံပေါ့။ စစ်တွေ၊ ဘူးသီးတောင်၊ မောင်းတော လမ်းကနေတဆင့် ဘင်္ဂလားဒေ့ရှ်၊ အဲဒီ ကနေ အိန္ဒိယ၊ ဘရူနိုင်းတို့၊ အရှေ့အလယ်ပိုင်းနိုင်ငံတို့ အထိ ပေါက်နေတာ” ဟု ရန်ကုန်တိုင်း ဒေသကြီး မူးယစ်အထူး တပ်ဖွဲ့မှ ဒုရဲမှူး ခင်မောင်သိန်းက ဧရာဝတီသို့ ပြောသည်။
ယခု နောက်ပိုင်းကာလတွင် မူးယစ်ဆေး အမျိုးအစား များစွာထဲမှ စိတ်ကြွဆေးပြားများ ဖြန့်ချိ ကုန်သွယ်မှု ပိုမိုများပြားလာ ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပက်သက်ပြီး အဆုံးသတ်နိုင်ရန် ကြန့်ကြာနေမှုများ ရှိနေသော်လည်း တချို့ နေရာများတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လာကြောင်း သူက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွင် ဒုတိယ အများဆုံးနိုင်ငံအနေဖြင့် ရှိနေသေးကြောင်း၊ မြန်မာနှင့် လာအို နိုင်ငံတို့သည် တရုတ် နိုင်ငံနှင့် တခြား မူးယစ်ဆေး ထုတ်လုပ်သော အာရှနိုင်ငံများ၏ လိုအပ်ချက်ကို ဖြည့်ပေးနေကြောင်း ယနေ့ ထုတ်ပြန်လိုက်သည့် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံတွင် ဖော်ပြထားသည်။
“အရှေ့တောင် အာရှမှာ ဘိန်းနဲ့ မက်သာဖက်တမင်းတွေကို သုံးတာနဲ့ မှောင်ခို ရောင်းဝယ်ဖောက်ကားတာ တိုးလာနေတယ်။ နောက်ပြီး မှောင်ခို လမ်းကြောင်းတွေလည်း များတယ်။ ဒါက မူးယစ်ဈေးကွက်က တိုးတက်နေပြီး ရာဇဝတ်မှုဂိုဏ်းတွေ ကြားမှာ ငွေကြေး စီးဆင်းနေတာတွေကို ထိန်းချုပ်ဖို့ အခက်အခဲ တွေရှိနေသေးတယ်” ဟု ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ အရှေ့တောင်အရှနှင့် ပစိဖိတ်ရေးရာ ကိုယ်စားလှယ် မစ္စတာ Meremy Douglas က အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
တိုင်းရင်းသား အဖွဲ့များ၏ ပူးပေါင်းဆောင်ရွက် လာမှုကြောင့် ယခင် ၁၉၉၉ -၂၀၀၀ ခုနှစ်မှ ၂၀၁၃-၂၀၁၄ ခုနှစ်အထိ ချမှတ် ထားသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၁၅ နှစ် စီမံကိန်းကို နောက်ထပ် ၅ နှစ် ထပ်မံတိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ကျင်းပသော အခမ်းအနားတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဗဟိုမှ ရဲမှူးကြီး ဝင်းနိုင်က ပြောသည်။
တိုင်းရင်းသား ဒေသများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်မည်ဆိုလျှင် ဘိန်း စိုက်ပျိုးထုတ်လုပ်မှုများ လျော့ကျစေရေးမှာ အခက်ခဲများ ရှိနေမည်ဖြစ်ကြောင်း ဒုရဲမှူးကြီး တင်လင်းက ဆိုသည်။
“တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကတော့ ကျနော်တို့ ဘယ်ဝင်လို့ရမလဲ။ တိုက်ပွဲ မရှိတဲ့ နေရာတွေမှာသာ ကျနော်တို့ ဝင်လို့ရတာ။ အဲဒီလို တိုင်းရင်းသား ဒေသတွေမှာ မူးယစ်ဆေးဝါး ထိန်းချုပ်နိုင်မယ် ဆိုတာကလည်း ဘက်ပေါင်းစုံက လုပ်မှ ရမှာ။ သက်ဆိုင်တဲ့ ဌာနတွေကလည်း တက်တက်ကြွကြွနဲ့ လုပ်ရမယ်။ ပြည်သူလူထု ပါဝင်မှုကလည်း လိုတယ်။ နိုင်ငံတကာကလည်း ပါဝင်ဖို့လိုတယ်။ အဲဒါ ဆိုရင်တော့ ဒီ ၅ နှစ်မှာ အောင်မြင်မှာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
ယခုနောက်ပိုင်းတွင် အမေရိကန်နှင့် မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ကိစ္စရပ်များနှင့် ပက်သက်ပြီး ဆက်ဆံရေး ပိုမို တိုးတက်လာခဲ့ကြောင်း၊ ယခုနှစ်ဆန်းပိုင်း တွင်လည်း နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း ဒုရဲမှူးကြီး တင်လင်းက ရှင်းပြသည်။
အမေရိကန်နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း စာရင်းကောက်ယူထားသော မြန်မာနိုင်ငံအတွင်းရှိ ဘိန်းစိုက်ပျိုးမှုဧက များကိုလည်း မကြာခင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တရုတ်အစိုးရ၏ မဲခေါင်မြစ်တလျှောက်တွင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု လျှော့ချရေး ၂ လတာ စီမံကိန်းအရ မြန်မာ၊ ထိုင်း၊ တရုတ်နှင့် လာအိုနိုင်ငံတို့မှ ရဲတပ်ဖွဲ့များ ပူးပေါင်း ဖမ်းဆီးခဲ့ရာတွင် သံသယရှိသူ ၁၃၀၀ ကျော်ကို ယမန်နေ့က ဖမ်းဆီးမိခဲ့ကြောင်း တရုတ်နိုင်ငံ ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြခဲ့သည်။
ယနေ့ကျရောက်သည့် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၇၆ သန်းကျော်ဖိုး မီးရှို့ပွဲအဖြစ် ရန်ကုန်၊ တောင်ကြီး၊ မန္တလေး မြို့များတွင် တပြိုင်တည်း ကျင်းပခဲ့သည်။