ရွှေထည်ပစ္စည်း ပျောက်ဆုံးမှု တခုနှင့်ပတ်သတ်၍ အမှုစစ်ဆေးနေစဉ် လက်ထိပ်တန်းလန်းဖြင့် ရေထဲခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့သူ မသန်းသန်းအေး၏ ခင်ပွန်း ကိုနန်းဝင်းသည်လည်း ရဲစခန်းအချုပ်ထဲ၌ ရှိစဉ် မိမိကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းခဲ့ကြောင်း မိသားစုဝင်များ၏ ပြောဆိုချက်အရ သိရသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့ လိန်ကုန်းကျေးရွာအုပ်စု သပြေပင်ကျေးရွာနေ ဦးအုန်းသန်း၊ ဒေါ်မြင့်မြင့်သန်းတို့ နေအိမ်မှ ရွှေ ၁၀ ကျပ်သား ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ပစ္စည်းပိုင်ရှင်များ၏ တိုင်တန်းချက်အရ ကိုနန်းဝင်းအား မေလ ၃၀ ရက်နေ့တွင်
ပုသိမ်မြို့ တဘက်ကမ်း သင်္ဘောကျင်းရဲစခန်းမှ ဒုရဲအုပ် နိုင်အောင်ကျော် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးခဲ့သည်။
ရဲများကဖမ်းဆီးသွားပြီးနောက် ကိုနန်းဝင်းအား ချုပ်နှောင်ကာ ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး ရွှေထည် ပစ္စည်းများ ခိုးယူကြောင်း ဝန်မခံပါက သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုသည့်အတွက် မိမိကိုယ်ကိုယ် သတ်သေရန် ကြိုးစားခြင်း ဖြစ်သည်ဟု ကိုနန်းဝင်းက ပြောဆိုကြောင်း ယမန်နေ့က ပုသိမ်ထောင်၌ သွားရောက် တွေ့ဆုံခဲ့သည့် ဦးညီစိုးက ပြောသည်။
“မင်းဒီကိစ္စကို ဝန်မခံရင် မင်းကို သတ်မယ်လို့ ရဲကပြောလို့ မင်းတို့ သတ်တာတော့ မခံဘူး၊ ငါ့ဟာငါပဲ သတ်သေမယ်ဆိုပြီး ခြင်ဆေးခွေထွန်းတဲ့ သံပြားနဲ့ လည်ပင်းကိုလှီးတာတဲ့။ ကျနော်နဲ့တွေ့တော့ သူ့လည်ပင်း ဇလုတ်အောက်နားမှာ ၂ လက်မလောက် ရှိမယ့် ကန့်လန့်ဖြတ် ဒဏ်ရာတခု တွေ့ရတယ်” ဟု ဦးညီစိုးက ဧရာဝတီကို ရှင်းပြသည်။
ပုသိမ်ထောင်၌ ချုပ်နှောင်ထားသည့် ကိုနန်းဝင်းအား မိဘများက ယခုလ ၂၀ ရက်နေ့က သွားရောက် တွေ့ဆုံရာတွင်လည်း လည်ပင်း၌ ပြတ်ရှဒဏ်ရာတွေ့၍ မေးမြန်းခဲ့ရာ ခြင်ဆေးခွေ သံပြားဖြင့် မိမိဘာသာ လှီးဖြတ်ခြင်းဖြစ်သည်ဟု ကိုနန်းဝင်းက
ပြောဆိုကြောင်း အမှုကို လိုက်ပါကူညီပေးနေသည့် မြန်မာလင်းဝင်းကြီး ကျေးရွာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။
“သူ့မိဘတွေက ပုသိမ်ထောင်ထဲမှာ သွားတွေ့တော့ လည်ပင်းက ဒဏ်ရာတွေ့တယ်။ ဘာဖြစ်တာလဲ မေးတော့ ခြင်ဆေးခွေ သံပြားနဲ့ ကိုယ့်ဘာသာကိုယ် လှီးတာလို့ ပြောတယ်” ဟု သူက ဆိုသည်။
သင်္ဘောကျင်းရဲစခန်းတွင် ချုပ်နှောင်ထားစဉ် ကာလအတွင်း ထုပ်တန်း၌ ကြိုးဖြင့် တွဲလောင်းဆွဲကာ ရိုက်နှက်ခံရမှုများ ရှိခဲ့ကြောင်း၊ ရိုက်နှက်မှုများကို မခံနိုင်သည့်အဆုံး ဝန်ခံလိုက်ခြင်း ဖြစ်ကြောင်း ကိုနန်းဝင်းက ပြောပြသည်ဟု ဦးညီစိုးက ရှင်းပြသည်။
“သင်္ဘောကျင်း ရဲစခန်းထဲမှာ သူ့ကို ထုပ်တန်းမှာ တွဲလောင်းဆွဲထားပြီးတော့ ခြေထောက်တွေနဲ့ ကန်တယ်။ တံတောင်နဲ့ ထောင်းတယ်။ ဒုရဲအုပ် နိုင်အောင်ကျော်က မင်းဝန်ခံလိုက်ပါလို့ ပြောတယ်။ ကျနော့်မှာမှ ရွှေမရှိတာ၊ ကျနော် ဘယ်လိုလုပ်
ဝန်ခံမလဲလို့ ပြောတာ့ ရွှေရှိတာမရှိတာ မင်းအလုပ် မဟုတ်ဘူး။ မင်းဝန်ခံလိုက်။ အဲဒီရွှေကို ငါတို့ဘာသာ စီစဉ်သွားမယ်လို့ ပြောတယ်။ အဲဒီကျတော့မှ သူက သက်သာရာ သက်သာကြောင်း ဝန်ခံလိုက်တယ်” ဟု သူက ဆက်ပြောသည်။
သင်္ဘောကျင်းရဲစခန်း၌ ကိုနန်းဝင်းအား ချုပ်နှောင်ထားစဉ် ယခုကဲ့သို့ မိမိကိုယ်ကိုယ် သေကြောင်း ကြံစည်မှုများ ဖြစ်ပွားခဲ့ခြင်း ရှိမရှိ သင်္ဘောကျင်း စခန်းမှူး ရဲအုပ် ကြည်လင်းအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။
ငဝန်မြစ်အတွင်း လက်ထိပ်သုံးစုံ ခတ်လျှက်သား အနေအထားဖြင့် သေဆုံးခဲ့သူ မသန်းသန်းအေးမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံသည့် အနေဖြင့် ရေထဲသို့ ခုန်ချသွားခြင်း ဖြစ်ကြောင်း မျက်မြင် သက်သေများက ပြောဆိုသကဲ့သို့ ကိုနန်းဝင်းသည်လည်း သင်္ဘောကျင်း စခန်း အချုပ်ထဲ၌ စစ်ဆေးစဉ် ခြင်ဆေးခွေဖြင့် ၎င်း၏လည်ပင်းအား လှီးဖြတ်၍ သေကြောင်း ကြံစည်ခဲ့ရာ ရွှေထည် ပစ္စည်းခိုးမှုဖြင့် အဖမ်းခံခဲ့ရသည့် လင်မယား ၂ ဦးစလုံး သေကြောင်း ကြံစည်ခဲ့ကြခြင်း ဖြစ်သည်။
လက်ရှိတွင် မသန်းသန်းအေး သေဆုံးမှုအတွက် တာဝန်ရှိသူ ဒုရဲအုပ် နိုင်အောင်ကျော်၊ တပ်ကြပ်ကြီး ကြည်လင်၊ တပ်ကြပ် နေထွန်း၊ တပ်ကြပ် ဇော်မင်းထွန်းနှင့် ဒု တပ်ကြပ် ကျော်လင်းနိုင်တို့အား ခုံရုံးအဖွဲ့ဖြင့် စစ်ဆေးကာ သက်သေခံ အကျဉ်းချုပ် ပြုစုနေပြီး ရဲဘက်ဆိုင်ရာ တရားရုံးဖြင့် အမိန့်ချ အပြစ်ပေးရန် ပြင်ဆင်နေကြောင်း သိရသည်။
ရဲများက ကိုနန်းဝင်းအား ဖမ်းဆီးသွားပြီးနောက် မိသားစုဝင်များနှင့် တွေ့ခွင့်လုံးဝမပေးခဲ့ဘဲ မည်သည့်နေရာတွင် ချုပ်နှောင် ထားသည်ကိုပင် မသိခဲ့ရကြောင်း၊ ဇွန်လ ၂၀ ရက်နေ့ကျမှသာ ပုသိမ်ထောင်၌ ချုပ်နှောင်ထားသည်ဟု သတင်းကြား၍ မိဘများက တွေ့ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း အမှုအား လိုက်ပါကူညီ ပေးနေသည့် ကိုဌေးအောင်က ပြောသည်။
“သူ့မိန်းမ သေတဲ့သတင်းကို သူလုံးဝမသိဘူး။ သူ့မိဘတွေ နန်းဝင်းကို သွားတွေ့တော့မှ မင်းမိန်းမတော့ ဆုံးရှာပြီလို့လည်း ပြောရော နန်းဝင်းက သံဇကာတွေ သံတိုင်တွေကို ခေါင်းတွေနဲ့ဆောင့်ပြီး အော်ငိုတယ်။ သူ တအား စိတ်ထိခိုက်သွားပုံ ရတယ်” ဟု သူက ပြောသည်။
လက်ရှိတွင် ကိုနန်းဝင်းအား ပုသိမ်ထောင်ကြီးချုပ်မှ ပုသိမ်မြို့ ကိုးသိန်းရဲစခန်း (အမှတ် ၂ ရဲစခန်း) တွင် ပြောင်းရွှေ့ ချုပ်နှောင်ထားကြောင်း သိရသည်။
ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဦးဇော်ဝင်းကျော်က မသန်းသန်းအေး၏ဖခင် ဦးပြည်သိမ်း၊ အစ်မ မမွှေးမွွှေးဦးနှင့် သက်သေ တချို့အား ယမန်နေ့က ခရိုင်ရုံးသို့ ခေါ်ယူ တွေ့ဆုံခဲ့သည်။
“ခရိုင်ရဲမှူးကြီး ပြောတာက နန်းဝင်းဆိုတာက သံသယ တရားခံအဆင့်ပဲ ရှိတာကို ဒီလိုတွေ မလုပ်သင့်ဘူးတဲ့။ သန်းသန်းအေး ဆိုတာက ဘာမှကိုမဆိုင်ဘဲနဲ့ အသားလွတ် အဲဒီလို ဖြစ်ရတယ်ဆိုတာ သူတို့ရဲတွေဘက်မှာ ပျက်ကွက်မှုတွေ၊ ချိုးဖောက်မှုတွေ တအား များနေတဲ့အတွက် ကျနော်တို့ ထိထိရောက်ရောက် အရေးယူပေးပါ့မယ်လို့ ပြောတယ်” ဟု ဦးပြည်သိမ်းက ဆိုသည်။
ခိုးမှုနှင့်ပတ်သတ်၍ ကိုနန်းဝင်းအား အကြမ်းဖျဉ်း စစ်ဆေးကြည့်ရာ ခိုးမှုကျူးလွန်သည့် အထောက်အထား မတွေ့ရကြောင်း၊ အသေးစိပ် စစ်ဆေးပြီးသည့်အခါ အမှုမထင်ရှားပါက ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးမည်ဟု ခရိုင်ရဲမှူးက ပြောဆိုကြောင်း ဦးပြည်သိမ်းက ပြောသည်။
ခိုးမှုဖြင့် စွပ်စွဲခံနေရသည့် ကိုနန်းဝင်းအား ဇွန်လ ၂၇ ရက်နေ့တွင် ရုံးထုတ်မည်ဖြစ်ပြီး လက်ရှိအချိန်အထိ ကိုနန်းဝင်းဘက်မှ
လိုက်ပါ ဆောင်ရွက်ပေးမည့် ရှေ့နေ မရှိသေးကြောင်း သိရသည်။