မန္တလေး- မိုးကုတ်- သပိတ်ကျဉ်း ကားလမ်းတလျှောက် စဉ့်ကူးနှင့် သပိတ်ကျဉ်းမြို့နယ်များရှိ ကျေးရွာများတွင် လူမျိုးရေး ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခတချို့ကြောင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။
ရွှေတောဒေသဟု လူသိများသည့် သပိတ်ကျဉ်းမြို့နယ်အတွင်းရှိ နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ဇရပ်ကွင်း၊ လက်ပန်လှ၊ ချောင်းကြီး စသည့် ကျေးရွာများတွင် လူစုလူဝေးဖြင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အင်္ဂါနေ့ နေ့လယ်ပိုင်းက နွယ်ရုံကျေးရွာသို့ တုတ်၊ဓား ကိုင်ဆောင်ထားသည့် မျက်နှာဖုံးတပ် ဆိုင်ကယ်သမား ၇၀ ခန့် ရောက်ရှိလာကာ လူမျိုးရေး ပုတ်ခတ် ပြောဆိုခဲ့ကြောင်း၊ မည်သူကမှ မတုံ့ပြန်သည့်အတွက် ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံ များက ဆိုသည်။
“လာတာက ကျောက်ထပ် ရွှေတောက လူမိုက်တွေ သူတို့ အပြုအမူက ဘယ်သူကိုမဆို ခုတ်မယ် သတ်မယ်ဆိုတဲ့ပုံမျိုး၊ ဒါပေမယ့် ရွာက ဆရာတော်ရော အာဏာပိုင်တွေရော ပူးပေါင်းပြီး အလိမ္မာနဲ့ ထိန်းတဲ့အတွက် ဘာမှတော့ ဖြစ်မသွားဘူး”ဟု ဒေသခံတဦး က ပြောသည်။
ထို့နောက် ၃ မိုင်ခန့်အကွာရှိ ကျည်တောက်ပေါက် ကျေးရွာတွင်လည်း ဓား ကိုင်ဆောင်ထားသည့် လူတဦးက ကျောင်း အုတ်နံရံကို ကျော်တက်သည့်အတွက် အထိတ်တလန့်ဖြစ်ကာ ကျောင်းပိတ်လိုက်ရကြောင်း သိရသည်။
အဆိုပါ ကျည်တောက်ပေါက် ကျေးရွာတွင် အစ္စလာမ်ဘာသာဝင် အိမ်ထောင်စုပေါင်း ၇၅ စုခန့် နေထိုင်လျှက်ရှိပြီး အစ္စလာမ် ဘာသာဝင်အိမ်နှင့် ဆိုင်ခန်းအနည်းငယ် ဖျက်ဆီးခံရမှုရှိခဲ့ကြောင်း သိရသည်
အဆိုပါဒေသတွင် ၉၆၉ ဘာသာရေး တရားခွေများ ပျံ့နှံ့လျက်ရှိပြီး အချိန်မရွေး ပဋိပက္ခဖြစ်လာနိုင်သည့် အခြေအနေတွင်ရှိကြောင်း ဒေသခံများက ဆိုသည်။
ကျည်တောက်ပေါက် ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည့်စိုးမင်း ခေါ် ဆင်ခေါင်း အသက် ၂၀ နှစ်၊ ရပ်ကွက် ၄ နေ မိုးဝင်းတို့အား သက် ဆိုင်ရာ က ခေါ်ယူ ထိန်းသိမ်းထားကြောင်း ဒေသခံအာဏာပိုင် တဦးက ပြောသည်။
စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျဉ်းမြို့နယ်ရှိ ကျေးရွာများတွင် သံဃာတော်များ၊ ရပ်မိရပ်ဖများ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော စုစည်းအဖွဲ့ဝင်များက ညစဉ်လုံခြုံရေးများ စီမံဆောင်ရွက်နေကြောင်း သိရသည်။
ဇွန်လ၂၁ ရက်နေ့ ပြင်ဦးလွင် ခရိုင် တကောင်းမြို့မှ စတင်ခဲ့သည့် ပဋိပက္ခသည် ဇွန်လ ၂၂ ရက်နေ့တွင် သပိတ်ကျဉ်းမြို့နယ် ချောင်းကြီး ကျေးရွာသို့ ကူးစက်ကာ တခြားသော ကျေးရွာများသို့ ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။
သပိတ်ကျဉ်းမြို့နယ်ရှိ ရွှေတောဒေသများသည် မြန်မာပြည်အရပ်ရပ်မှ လာရောက်လုပ်ကိုင်လျက်ရှိပြီး ရာဇဝတ်မှုများလည်း ထူပြော သည်။