အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာ ကို ယမန်နေ့က လက်မှတ်ရေးထိုးသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချဲလ်နှင့် မြန်မာအစိုးရ အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက် မှု ဒု ဝန်ကြီး ဦးဆက်အောင်တို့က ထို နားလည်မှု စာချွန်လွှာအား နေပြည်တော်၌ လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။
ထိုသို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ခြင်းကြောင့် လွန်ခဲ့သည့်နှစ် နိုဝင်ဘာလက အမေရိကန်သမ္မတ မစ္စတာ ဘားရက် အိုဘားမားက ကတိပြုထားသည့် မြန်မာကို လာမည့် ၂ နှစ်အတွက် ဒေါ်လာ သန်း ၁၇၀ ထောက်ပံ့ကူညီရေးနှင့် ပတ်သက်ပြီး တရားဝင် ဖြစ်စေကြောင်း ရန်ကုန်ရှိ အမေရိကန် သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီသဘောတူညီမှုဟာ ကျနော်တို့ အမေရိကန်နဲ့ မြန်မာ ၂ နိုင်ငံလုံးက အခုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို အာမခံ လိုက် တာပဲ”ဟု မစ္စတာ ဒဲရစ် မစ်ချဲလ်က ဆိုသည်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလ တလျှောက် မြန်မာနိုင်ငံ ဖော်ဆောင်နေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းရေးတွင် ပုံမှန် တိုးတက် မှု များကို မျက်ဝါးထင်ထင် မြင်ရကြောင်း၊ ပြုပြင်ပြောင်းလဲမှုနှင့်အတူ မြန်မာနိုင်ငံတွင် အခွင့်အလမ်းများ ရှိသကဲ့သို့ တာရှည် ခံသည့် တိုးတက်မှုနှင့် ဘက်စုံဖွံ့ဖြိုးမှုတို့အတွက် စိန်ခေါ်မှုများ ရှိနေကြောင်းလည်း အမေရိကန် သံအမတ်ကြီးက ဆက်လက် ပြောဆိုကြောင်း အမေရိကန် သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာအစိုးရနှင့် အမေရိကန်နိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် အသေးစိတ် လမ်းညွှန်မှုများ၊ အမေရိကန်အစိုးရ ၏ ဖွံ့ဖြိုးရေး ဆိုင်ရာ အကူအညီပေးရေးကို ဖော်ဆောင်နေသည့် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ(USAID) မှ ဦးဆောင်ကာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် ကျန်းမာရေး ကဏ္ဍများကို ကူညီထောက်ပံ့ပေးသွားမည့် အသေးစိတ် အစီအစဉ်များ ယမန်နေ့က သဘောတူ လက်မှတ်ရေးထိုးရာတွင် ပါဝင်ကြောင်း သိရသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံကို ဆယ်စုနှစ် ၁ ခုကျော်ကြာ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများဖြင့် အမေရိကန်က အရေးယူထားခဲ့သည်။
သို့သော် ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအပါအဝင် နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူများကို မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်တွင် အားလုံးပူးပေါင်းပါဝင်ရေး ဖော်ဆောင်မှုများနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်လာပြီးနောက်ပိုင်း စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု အများစုကို အမေရိကန်ဘက်က ဖြေလျှော့ဖယ်ရှားပေးခဲ့ပြီး မြန်မာနှင့် ပုံမှန် ဆက်ဆံရေးကို ပြန်လည် တည်ဆောက် ခဲ့သည်။
ယခုအခါ အမေရိကန် အခြေစိုက် ကိုကာကိုလာ၊ ဂျီအီး အီလက်ထရွန်နစ်၊ ဂူဂဲလ် အပါအဝင် ထင်ရှားသည့် အမေရိကန် ကုမ္ပဏီကြီးများလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ စတင်ခြေချနေပြီဖြစ်သကဲ့သို့ တခြားသော အမေရိကန် စီးပွားရေး လုပ်ငန်းရှင်ကြီး များကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒပြင်းပြနေကြသည်။