ရန်ကုန် တာမွေမြို့နယ်တွင် အိမ်အကူ အလုပ်လုပ်ခဲ့သည့် အသက်မပြည့်သေးသူ မိန်းကလေး တဦးကို ခိုးမှုဖြင့်စွပ်စွဲကာ ဖမ်းဝရမ်းနှင့် ရှာဖွေပုံစံ မပါဘဲ ၎င်းနေအိမ်တွင် လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားသောကြောင့် ကုလသမဂ္ဂ ကလေး သူငယ်များ ဆိုင်ရာ ရန်ပုံငွေ အဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားစာပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အိမ်အကူ အလုပ်သမား မိန်းကလေး နေထိုင်ရာ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်တွင် လာရောက် ဖမ်းဆီး၍ တာမွေရဲစခန်းသို့ ခေါ်ဆောင်သွားခြင်း ဖြစ်သောကြောင့် တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။
ကျုံပျော်မြို့နယ် ကုလားကုန်း ကျေးရွာတွင်နေထိုင်သူ အသက် ၁၃ နှစ် အရွယ် မိန်းကလေးကို ယခုလ ၁၆ ရက်တွင် တာမွေမြို့နယ်မှ ရဲ ၂ ဦးနှင့် ယခင်က ၎င်း အလုပ်လုပ်ကိုင်ခဲ့သည့် နေအိမ်မှ အိမ်ရှင် ၂ ဦးက လာရောက်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်ဟု ကလေးသူငယ်များ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ တဦးဖြစ်သူ ဦးမန်းထောင်စိန်က ပြောသည်။
“ဖမ်းပြီဆိုရင် တိုင်းရဲ့ ခွင့်ပြုမိန့်ပါရမယ်၊ ဝရမ်းပါရမယ်၊ နောက် ရှာဖွေပုံစံပါရမယ်၊ တခါတည်း ရှာရမယ်။ အခု ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်ကတဆင့် ကလေးကို ခေါ်ခိုင်းပြီး တခါတည်း ရန်ကုန်ကိုဖမ်းသွားတာ။ အာမခံလည်း မရဘူး။ အချုပ်ထဲမှာ ၁၀ ရက်ရှိပြီ” ဟု ဦးမန်းထောင်စိန်က ဆိုသည်။
၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့တွင် မနန့်ပန်းအိဖြူသည် တရွာတည်းနေသူ မနန့်ယဉ်ဌေး၏ ဆက်သွယ်ပေးမှုဖြင့် တာမွေ မြို့နယ်တွင် နေထိုင်သူ မအေးစုစုမွန်၏ နေအိမ်တွင် တလလျှင် ၃၀၀၀၀ ကျပ်ဖြင့် အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ ယခု လဆန်းပိုင်းတွင် တလလျှင် လစာ ၂ သောင်းကျပ်သာ ပေးတော့မည်ဟု အိမ်ရှင်က ပြောသောကြောင့် မနန့်ပန်းအိဖြူက ယခုလ ၉ ရက်နေ့တွင် မနန့်ယဉ်ဌေး၏ ပြန်လည် ခေါ်ဆောင်မှုဖြင့် ကျုံပျော်မြို့နယ်ရှိ ၎င်းနေအိမ်သို့ ပြန်လာခဲ့ကြောင်း၊ ယခုလ ၁၆ ရက်နေ့တွင် မနန့်ပန်းအိဖြူ အလုပ်လုပ်ခဲ့သည့် အိမ်ရှင်ဖြစ်သူ မအေးစုစုမွန် နေအိမ်မှ ဆွဲကြိုး ၁ ကုံး၊ နားကပ် ၂ ရံ နှင့် ငွေကျပ် ၅ သိန်း ခိုးယူသည်ဟု တာမွေမြို့နယ်တွင် အမှုဖွင့်၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တာမွေရဲစခန်းမှ ဒုရဲအုပ် မျိုးမြင့်ဆွေအား ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ၎င်းက “ဒီကောင်မလေးကို ပစ္စည်းတွေ ခိုးပါတယ်ဆိုပြီး နာမည်တပ်ပြီး တိုင်တာဖြစ်လို့ ကျနော်တို့က တာဝန်ရှိတဲ့အတွက် စုံစမ်းစစ်ဆေးရတာပါ။ အိမ်ထောင်စု စာရင်းနဲ့ အသက် ဆေးစစ်ချက်ကို ယူပါတယ်။ ဆေးစစ် ထားတာတော့ အခုထိ မသိရသေးပါဘူး” ဟု ဆိုသည်။
အိမ်ထောင်စု စာရင်းတွင် မနန့်ပန်းအိဖြူ၏ မွေးနှစ်မှာ ၁၉၅၉ ခုနှစ် ဖြစ်နေပြီး မှားယွင်းနေကြောင်း၊ ၎င်းသည် ကျုံပျော်မြို့နယ် မရမ်းရိုး ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ဒုတိယတန်းအထိ ပညာသင်ကြားဖူး၍ ကျောင်းဝင် မှတ်ပုံတင် စာရင်းအရ မွေးသက္ကရာဇ်မှာ ၂၆ ရက် ဇွန်လ ၂၀၀၆ ခုနှစ် ဖြစ်သောကြောင့် အသက်မှာ ၁၃ နှစ်မပြည့်သေးကြောင်း သိရသည်။
ကုလသမဂ္ဂ ကလေးသူငယ်များ ဆိုင်ရာ ရန်ပုံငွေအဖွဲ့မှ ပြည်ထဲရေး ဝန်ကြီးဌာနသို့ ပေးပို့သော တိုင်ကြားစာတွင် အသက် မပြည့်သေးသော မိန်းကလေးတဦးအား မိဘအုပ်ထိန်းသူ မပါရှိဘဲ ရဲစခန်း၌ ချုပ်ထားခြင်းသည် ကလေးသူငယ် ကာကွယ် စောင့်ရှောက်မှု ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်းနှင့် ဖမ်းဆီး ချုပ်နှောင်ထားခြင်းနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးပေးပါရန် တောင်းဆို ထားသည်။
“ကျမ အနေနဲ့ ကျမ သမီးလေးကို လွတ်အောင် အမြန် လုပ်ပေးချင်တယ်။ သူပြန်လာတုန်းကလည်း ဘာမှ ပါမလာပါဘူး။ အဝတ်ကလေး ၂ ထည်နဲ့ သူတို့ပေးတဲ့ ပိုက်ဆံ ၂၅၀၀ ပဲ ပါပါတယ်။ ၁၆ ရက်နေ့က ပိုက်ဆံခိုးတယ် ဆိုပြီး လာဖမ်းတော့ ကျမတို့က ယူလည်း မယူပါဘူး၊ သမီးလေးကိုလည်း မထည့်ပါရစေနဲ့ ပြောတော့ ကျေးရွာဥက္ကဋ္ဌက သူတာဝန်ယူပါတယ်၊ ထည့်ပေးလိုက်ပါ ဆိုလို့ ထည့်ပေး လိုက်ရတာပါ။ အခု သမီးကိုတွေ့ချင်လို့ ရန်ကုန်ကို လာတာပါ” ဟု နန့်ပန်းအိဖြူ၏ အမေဖြစ်သူ ဒေါ်စန်းအေးက ပြောသည်။
ယခုကဲ့သို့ ပြဿနာမျိုးကို ရန်ကုန်တွင် အများဆုံး ကြုံတွေ့နေရကြောင်းနှင့် အိမ်ရှင်က အိမ်တွင်ရေး အရှုပ်အထွေး ငွေကြေး ပြဿနာများကို အိမ်အကူများသို့ လွှဲချ တရားစွဲမှုများ ရှိနေကြောင်း အစိုးရမဟုတ်သော အဖွဲ့အစည်း ဖြစ်သည့် မြို့ပြ၊ ကျေးလက် သာသနာ အဖွဲ့မှ လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်နော်မေလျှံက ဆိုသည်။
“မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ကလေးတွေဟာ အဓမ္မ ခိုင်းစေမှု ခံနေရတယ်။ ပညာသင်ရမယ့် အချိန်မှာ စားဝတ်နေရေး အတွက် အလုပ် လုပ်ကိုင်နေရတယ်။ အလုပ်သမား တယောက်ရဲ့ အလုပ်ချိန်ဟာ တရက်ကို ၈ နာရီပဲ လုပ်ခွင့်ရှိတယ်။ ဒါပေမယ့် ဒီကလေးတွေဟာ ဈေးပေါပေါနဲ့ အချိန်ပြည့် ခိုင်းလို့ရတယ်။ အဲဒီတော့ အလုပ်ရှင်နဲ့ လူပွဲစားတွေရဲ့ ပစ်မှတ်ဟာ ဆင်းရဲတဲ့ ကလေးတွေ ဖြစ်လာတယ်” ဟု ILO နှင့် ဆက်သွယ် ဆောင်ရွက်သူများ ကွန်ရက်မှ ဥက္ကဋ္ဌ ဦးသက်ဝေက ပြောသည်။
၂၀၁၂ ခုနှစ် ဧပြီလ အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ် ရေးထိုးခဲ့သည့် ILO နှင့် မြန်မာအစိုးရ အကြား သဘောတူညီချက်တွင် ရှေ့သုံးနှစ်အတွင်း အဓမ္မ ခိုင်းစေမှု လုံး၀ ပပျောက်ရမည့် သဘောတူညီချက် ပါဝင်သည်။
ဇွန် ၁၂ ရက်နေ့တွင် ကျရောက်သည့် ကလေးလုပ်သား အသုံးပြုမှု ဆန့်ကျင်ရေးနေ့တွင် ILO ကထုတ်ပြန်သည့် အစီရင်ခံစာ အရ ကမ္ဘာပေါ်တွင် အရွယ် မရောက်သေးသော ကလေးလုပ်သား ၂၁၅ သန်းရှိကြောင်း သိရသည်။