ဇွန်လ ၂၇ ၇က်နေ့က ကျင်းပခဲ့တဲ့ အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်က သံဃာတော်အပါး ၁၅၀၀ ကျော် တက်ရောက်ခဲ့သော အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲမှာ မျိုးစောင့်ဥပဒေကို အတည်ပြု ပြဌာန်းနိုင်ဖို့အပါအဝင် အချက် ၅ ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ထိုထုတ်ပြန်ချက်တွေက အစိုးရနဲ့ သံဃမဟာနာယကတို့ကို အမျိုး ဘာသာ သာသနာရေးကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ကူညီပေးဖို့၊ နိုင်ငံသားများရဲ့ ငြိမ်းချမ်းစွာနေထိုင်ရေးအတွက် ပဋိပက္ခတွေ ထပ်မဖြစ်အောင် ဝိုင်းဝန်း ဆောင်ရွက်သွားဖို့၊ အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့ ဖွဲ့စည်းခြင်းကို ထောက်ခံအတည်ပြုပြီး မျိုးစောင့်ဥပဒေ ကိုပြဌာန်းနိုင်ဖို့ တိုင်းနဲ့ ပြည်နယ် အသီးသီးက တက်ရောက်လာတဲ့ အစည်းအဝေး တက်လာတဲ့ သံဃာတော်တွေ တညီတညွတ်ထဲ ထောက်ခံအတည်ပြုကြောင်းနဲ့ Time မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း စတဲ့ အချက်တွေ ဖြစ်ပါတယ်။
ယနေ့မနက် ၉ နာရီထဲက စတင်လိုက်တဲ့ သံဃအစည်းအဝေးပွဲကို တက်ရောက် သံဃာတော်များထဲမှ ပိဋကတ် ၃ ပုံကို အာဂုံဆောင်သော သံဃာတော် ၂ ပါလည်း တက်ရောက်ခဲ့သလို အိန္ဒိယ၊ အမေရိကန်စသော နိုင်ငံခြားများတွင် သီတင်းသုံးနေသော ဆရာတော်များ၊ ပြည်နယ်နဲ့တိုင်း အသီးသီးက မြို့နယ် သံဃအဖွဲ့အစည်းအဆင့်ရှိ သံဃာတော်များလည်း တက်ရောက်ခဲ့ပါတယ်။
မနက်ပိုင်းအစည်းအဝေးမှာ အမျိုးဘာသာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရေး၊ မျိုးစောင့်ဥပဒေလိုမျိုး အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်သော ဥပဒေတစ်ရပ်ကို အသိပညာရှင်များ၊ အတတ်ပညာရှင်များနှင့် နိုင်ငံတကာ စံနှုန်းထားလောက်တဲ့ ဥပဒေများကို တင်သွင်းပေးရန်နှင့် တိုင်းနှင့် ပြည်နယ်အသီးသီးမှ သံဃာတော် များကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်း အတည်ပြုပေးရန် မိုးကုတ်မြို့မှ ညောင်သုံးပင် ပရိယတ္တိဆရာတော် ဦးတေဇောသာရာဘိဝံသက အဆိုတင်သွင်းခဲ့တာကို ထောက်ခံကြောင်း သာမန်လို မပြောဆိုချင်ဘဲ ပိုမိုလေးနက်စေဖို့ မြစေတီဆရာတော် ဦးဝိမလဗုဒ္ဓိက လျှောက်ထားပါတယ်။
အမျိုးစောင့်ဥပဒေကိုသာ လွှတ်တော်တွင် တကယ်လို့များ ပြောဆိုဆွေးနွေး အတည်ပြုဖို့ မဲခွဲဆုံးဖြတ်ကြမယ်ဆိုရင် ထောက်ခံတာ ဘယ်သူဆိုတာ မသိချင်ပေမယ့် ကန့်ကွက်ခဲ့မယ်ဆိုရင် ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ် ဆိုတာကို အမည် နာမကအစ သိချင်တယ်လို့ မော်လမြိုင် မြစေတီဆရာတော် ဦးဝိမလဗုဒ္ဓိရဲ့ လျှောက်ထားချက်အပြီးမှာ မနက်ပိုင်း အစည်းအဝေးကို ရုတ်သိမ်းလိုက်ပါတယ်။
“ထောက်ခံတယ်ဆိုတာကို မပြောလိုပေမယ့် ကန့်ကွက်တဲ့ ဘယ်ပုဂ္ဂိုလ်များ၊ ဘယ်ကိုယ်စားလှယ်တွေ ဒီသံဃာတော်တွေ အတည်ပြု ထောက်ခံထားတဲ့ ဒီဥပဒေကို ကန့်ကွက်သူက မည်သူဆိုတာကို တပည့်တော်တပါးထဲ အနေနဲ့ သိချင်ပါတယ်။ ဒီလူတွေကို ၂၀၁၅ ခုနှစ် မဲရွေးပွဲမှာ ဒီပုဂ္ဂိုလ်တွေကို မဲမပေးရုံပေါ့။ မဲမပေးအောင် တပည့်တော်တို့ရဲ့ ဒကာ၊ ဒကာမတွေကို စည်းရုံးလိုပါတယ်” လို့ ဆရာတော်က မိန့်ကြားခဲ့တာပါ။
ဇွန်လ ၂၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ လူအများ ထောက်ခံ၊ မထောက်ခံ ပြောဆိုဝေဖန်နေတဲ့ မျိုးစောင့်ဥပဒေဟာ ဆရာတော် ဦးဝီရသူ တစ်ပါးထဲ ပြုလုပ်တာမဟုတ်ဘဲ သံဃာတော် များ ဦးဆောင်လို့ ဥပဒေပညာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့က စုပေါင်းရေးဆွဲထားတာ ဖြစ်တယ်လို့လည်း တရားဝင်ကြေညာခဲ့ပါတယ်။
ဒီပွဲကို ဆရာတော်များရဲ့ တပည့်သာဝကတွေသာ မကပဲ တခြားသော ဗုဒ္ဓဘာသာလူမှုရေးအဖွဲ့ အစည်းတွေ၊ ရန်ကုန် လူထုများလည်း တက်ရောက်လာတာကို တွေ့ရပါတယ်။ တက်ရောက်လာသူတွေထဲမှာ တိုက်ပုံအဖြူရောင်နဲ့ ပုဆိုး အစိမ်းရောင်ကို ဝတ်ဆင်ထားတဲ့သူတွေကို တွေ့ခဲ့ရပေမယ့် ပင်နီဝတ်ဆင်ထားတဲ့သူတွေတော့ တစ်ဦးမှ မတွေ့ခဲ့ရပါဘူး။
သံဃအစည်းအဝေးကို နေ့လည်ပိုင်း ၁ နာရီမှာ ပြန်လည် စတင်တဲ့အခါ မလေးရှား ခရီးစဉ်က ပြန်ကြွလာတဲ့ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက သြဝါဒ မိန့်ကြားရာတွင် သံဃာတော်များ အနေနဲ့ သည်းခံစိတ်မွေးရန် လိုအပ်ကြောင်း၊ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ကော်မတီအနေနဲ့ တစိတ်တဝမ်းတည်း ရှိရန် လိုအပ်ကြောင်း၊ သံဃာတော်များ၊ သံဃ မဟာနာယကအဖွဲ့များ၊ အစိုးရနဲ့ ပြည်သူများ စုပေါင်းညီညာရန် လိုအပ်ကြောင်း ထည့်သွင်းမိန့်ကြားခဲ့ပါတယ်။
Time မဂ္ဂဇင်းကို လေးနက်စွာ ရှုတ်ချကန့်ကွက်ခဲ့ပါတယ်။ Time မှာ ရေးသားထားတဲ့ တချို့သော အချက်များက ဗုဒ္ဓဘာသာ ဖြစ်တည်လာသော သမိုင်းနဲ့ လွဲမှားနေခဲ့တယ် ဆိုတာကိုလည်း အချက်အလက်များနဲ့ ရှင်းလင်းခဲ့ပါတယ်။ Time မဂ္ဂဇင်းမှာ ရေးသားထားတဲ့ မြန်မာအစိုးရအနေနဲ့ ဒီလိုအကြမ်းဖက်တဲ့ ဘုန်းတော်ကြီးတွေကို ခွင့်လွှတ်ပေးထားတယ် ဆိုတာက ဘုန်းကြီးတွေကိုသာ စော်ကားရုံမဟုတ်ဘဲ အစိုးရရဲ့ ပေါ်လစီကိုပါ စော်ကားရာ ရောက်တယ်လို့ ထည့်သွင်း မိန့်ကြားခဲ့ပါတယ်။
ဒါပေမယ့် ယခုလို Time မဂ္ဂဇင်းပါ ရေးသားချက်များကို ကန့်ကွက်ခြင်းက Time မဂ္ဂဇင်းကိုသာ တုံ့ပြန်ခြင်းဖြစ်ပြီး မွတ်စလင်ဘာသာအပေါ် တုံ့ပြန်ခြင်းမဟုတ်ဘဲ မွတ်စလင်များအပေါ်မှာ ညီလို အစ်ကိုလို ချစ်မြဲချစ်စိတ် ရှိနေကြောင်း ဆရာတော်က ဆက်ပြောသည်။
ရန်တိုက်ပေးမှုကို ဒေါသမထွက်ကြရန် လိုတယ်၊ တည်တည်ငြိမ်ငြိမ်နဲ့ မဟုတ်တာကို မဟုတ်ကြောင်း ပြန်လည်ရှင်းလင်းရန် လိုအပ်တယ်လို့လည်း သီတဂူဆရာတော်က မိန့်ပါတယ်။ သံဃာတော်များအနေနဲ့က သွေးကွဲအောင် လုပ်တဲ့အထဲမှာ ရောက်သွားမှာကို သတိပြုရမှာဖြစ်ကြောင်း၊ စိတ်ဆိုးနေတဲ့ အရှိန်ကို ထိန်းရန်၊ အရှိန်မလွန်စေရန် လိုအပ်ကြောင်း ဆရာတော်က မိန့်ကြားပါတယ်။
“Time မဂ္ဂဇင်းလိုမျိုး၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ အသံလွှင့် သတင်းဌာနတွေက ဆွပေးနေတာကို ထိန်းသိမ်းနိုင်ဖို့ လိုအပ်တယ်။ မြန်မာနိုင်ငံမှာ သံဃာ အင်အား ၅ သိန်းကျော် ရှိနေတဲ့အတွက် သံဃာ့နာယက အဖွဲ့၊ အစိုးရနှင့် ပြည်သူတွေ အားလုံး ဟန်ချက်ညီဖို့ အရေးကြီးတယ်၊ မညီညွတ်ရင် အောင်မြင်နိုင်မှာ မဟုတ်ဘူး” လို့ မိန့်ပါတယ်။
အစ္စလမ်ဘာသာဝင် ၅၇ နိုင်ငံ စုပေါင်းထားသော OIC အဖွဲ့အစည်းကြီး ပေါ်ပေါက်နေပြီ ဖြစ်သောကြောင့် ဗုဒ္ဓဘာသာမှာလည်း ထိုကဲ့သို့သော အဖွဲ့အစည်းကြီး ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ ယခုနောက်ပိုင်းတွင် တစ်ခုတည်းသော ဗုဒ္ဓဘာသာအဖွဲ့အစည်း တည်ထောင်ဖို့ ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်း၊ ကမ္ဘာ့ ဗုဒ္ဓဘာသာ အစည်းအရုံးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တည်ထောင်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။
ညနေပိုင်း သတင်းစာရှင်း လင်းပွဲမှာ အင်းစိန် ရွာမဆရာတော် ဒေါက်တာ ဓမ္မပီယက မျိုးစောင့် ဥပဒေကြမ်းကို လူထုလက်မှတ်နဲ့ လွှတ်တော်မှာ ပြဌာန်းနိုင်ဖို့ မကြာခင် တင်သွင်းသွားမှာ ဖြစ်ကြောင်း၊ ဘယ်အချိန်ကာလမှာ ဆိုတာကိုတော့ မပြောနိုင်သေးကြောင်း၊ သံဃာတော်တွေက ကိုယ်တိုင်ဥပဒေပြုတာမဟုတ်ကြောင်း သတင်းထောက်များကို မိန့်ကြားခဲ့တာပါ။
ဒါပေမယ့် “တကယ်လို့များ ပယ်ခဲ့မယ်ဆိုရင်တော့ ဘာဆက်လုပ်မယ်ဆိုတာ ပြောဖို့ အချိန်စောနေသေးတယ်၊ မျိုးစောင့်ဥပဒေက အမျိုးသားရေးစိတ်နဲ့လုပ်တာ၊ ဥပဒေပြုတာတွေက နိုင်ငံရဲ့အစိုးရ အကြီးအကဲတွေက ပြုလုပ်ပေးရမှာ” လို့ ဒေါက်တာဓမ္မပီယက မိန့်ပါတယ်။
မျိုးစောင့်ဥပဒေကြမ်းဟာ ဘာသာခြားနဲ့ ဗုဒ္ဓဘာသာ အမျိုးသမီးတို့ လက်ထပ်ခဲ့တဲ့အခါမှာ ဗုဒ္ဓဘာသာအမျိုး သမီးတွေ ထိခိုက်နစ်နာတာတွေ မရှိအောင်၊ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းတာလို့ ဥပဒေပြုအဖွဲ့ခေါင်းဆောင် ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်ကလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
ယခုရေးဆွဲနေသော ဥပဒေမူကြမ်းသည် မျှတမှု ရှိသည်၊ ဓမ္မဝိနယများနှင့် ညီညွတ်သည်ဟု ယူဆလို့ ရေးဆွဲနေတာဖြစ်ကြောင်း၊ ပဋိပက္ခများကို ငြိမ်းစေဖို့၊ ဘာသာခြားများနဲ့ အတူတကွ နေထိုင်နိုင်ဖို့၊ တဖက်နဲ့တဖက်ကြား ဖြစ်နေတဲ့ သံသယတွေ၊ မယုံကြည်မှုတွေ၊ မုန်းတီးမှုတွေအတွက် “ခြံစည်းရိုးကာခြင်း” သာဖြစ်ကြောင်း ဦးရဲခေါင်ညွန့်က ဆိုသည်။
ဗုဒ္ဓဘာသာအမျိုးသမီးများ ထိခိုက်နစ်နာနေသည်ဟူသော တင်ပြပြောဆိုမှုနှင့်ပတ်သက်၍ သီးခြား သုသေသန ပြုလုပ်ထားခြင်း ရှိ မရှိ သတင်းထောက်တဦး၏ မေးမြန်းချက်ကို သုတေသနပြုထားခြင်း မရှိသော်လည်း အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည်များ အထောက်အထားများ ရှိကြောင်း၊ မီဒီယာများကိုတော့ ထုတ်ပြောသင့်သည့် ကိစ္စမဟုတ်သောကြောင့် ထုတ်ပြောလိုခြင်း မရှိကြောင်း ဒေါက်တာ ဓမ္မပီယက မိန့်ကြားသည်။
အမျိုးသမီးအခွင့်အရေး ဆုံးရှုံးတယ်ဆိုတဲ့ ဝေဖန်ကန့်ကွက်မှုများကိုတော့ တကယ်လို့များ ဥပဒေထွက်ပေါ်လာမှသာ ကန့်ကွက်လိုရင် ကန့်ကွက်နိုင်ကြောင်း၊ ရဟန်းသံဃာတော်များ လုပ်သောကြောင့် ကန့်ကွက်ဝေဖန်နေလို့ မရကြောင်း၊ ယခု ဥပဒေကြမ်း ရေးဆွဲနေစဉ်မှာတော့ လိုအပ်ရင် လိုအပ်သလို သက်ဆိုင်ရာအဖွဲ့၊ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေး ညှိနှိုင်းသွားမှာ ဖြစ်တယ်လို့ ဒေါက်တာ ဓမ္မပီယက ဆက်ပြောပါတယ်။
ဒါပေမယ့် အခုထောက်ပြနေကြ၊ ဝေဖန် တိုက်ခိုက်နေကြရုံနဲ့တော့ ပြန်လှန်ဖြေရှင်းပါက အချိန်ကုန်နေမှာသာဖြစ်လို့ မိမိတို့ လုပ်စရာများကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဒေါက်တာ ဓမ္မပီယက သတင်းထောက်များ၏ အမေးကို ဖြေ ကြားခဲ့ပါတယ်။
“လူ့အခွင့်အရေးဆိုတာ ကိုယ်တိုင် ပြောပေးရတာရှိတယ်။ ပညာနည်းတဲ့ ပုဂ္ဂိုလ်တွေဆို သူတို့ကိုယ်စား ဘုန်းဘုန်းတို့က ပြောပေးရတာရှိတယ်။ နယ်တွေမှာဆိုရင် အမျိုးသမီးတွေက ဘာသာခြားကဖြစ်စေ၊ ကိုယ့်အချင်းချင်းကဖြစ်စေ နှိပ်စက်မှုကို ခံနေရတာ သံဃာတော်များကသာ အများဆုံး တွေ့နေရတဲ့အတွက်ကြောင့် ဘုန်းဘုန်းတို့က တင်ပြလိုတာပဲ ဖြစ်ပါတယ်” လို့ ဆရာတော်က ဧရာဝတီသတင်းဌာနရဲ့ အမေးကို ပြန်လည် ဖြေဆိုပါတယ်။
ဒါ့အပြင် သံဃမဟာနာယကအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမယ့် အစီအစဉ်များကိုလည်း ဒီအစည်းအဝေးပွဲရဲ့ ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒီ မျိုးစောင့်ဥပဒေသည် လူမျိုးကို အခြေမခံဘဲ ဘာသာပေါ်မှာသာ အခြေခံကြောင်း၊ ဗုဒ္ဓဘာသာ အမျိုးသမီးတို့ရဲ့ ထိန်းသိမ်းတဲ့ အနေနဲ့ တရုတ်လူမျိုးဖြစ်စေ၊ ဘယ်လူမျိုးမဆို မဟာယန ဗုဒ္ဓဘာသာဖြစ်စေ၊ ဗုဒ္ဓဘာသာဖြစ်ရင် လက်ခံတယ်လို့ ဦးရဲခေါင်ညွန့်က မီဒီယာများကို ပြောကြားခဲ့ပါတယ်။
ဒီသံဃာ့ အစည်းအဝေးပွဲနဲ့ ပတ်သက်လို့ မီဒီယာများအနေနဲ့ သတင်းထဲမှာ မှန်မှန်ကန်ကန် ဖော်ပြဖို့ ပန်ကြားခဲ့တဲ့အပြင် မမှန်မကန် ရေးသားမယ်ဆိုရင်တော့ အဲဒီ ဥပဒေရေးသားနေတဲ့ ဥပဒေပညာရှင်အဖွဲ့က ထိုက်သင့်သလို အရေးယူမှုတွေ လုပ်ရလိမ့်မယ်လို့ မီဒီယာများကို အတိအလင်း ပြောဆိုသွားခဲ့ပါတယ်။