သူရဦးရွှေမန်း၏ တောင်းဆိုမှုကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကို ယမန်နေ့ မနက်ပိုင်းက ကျင်းပခဲ့စဉ် သူရ ဦးရွှေမန်းက ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်ဟု သတိပေး ပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် သူရဦးရွှေမန်းက ယမန်နေ့က ကျင်းပခဲ့သော ကာလုံ အစည်းအဝေး အခြေအနေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ပြန်လည် ရှင်းပြခဲ့ပြီး ကာလုံ အစည်း အဝေးသည် ပြည်သူနှင့် နိုင်ငံအတွက် အောင်မြင်သော အစည်းအဝေး တခုဖြစ်သည်ဟုလည်း ပြောဆိုခဲ့သည်။
ကာလုံ အစည်းအဝေးတွင် သူရဦးရွှေမန်းက ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆောင်ရွက်ရာတွင် ဥပဒေနှင့် မညီညွတ်ပါက ပြည်သူ များ၏ ဘဝလုံခြုံရေး ထိပါးမှုများ၊ ပြည်သူများ၏ ဘဝလုံခြုံရေးကို အကာအကွယ် မပေးနိုင်ခြင်းများ စသည့် ဘေးထွက် ဆိုးကျိုး ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်လေ့လာ သုံးသပ်သပ်ရမည်ဖြစ်ကြောင်း သတိပေး ပြောဆိုသွားသည်။
“ဒီနေရာမှာ ဘေးထွက်ဆိုးကျိုး ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး မိမိတို့ နားလည် လက်ခံထားတဲ့အချက်က ငြိမ်းချမ်းရေး ရအောင် တည်ထောင်တဲ့ အခါမှာ ဥပဒေနဲ့မညီရင် ပြည်သူများရဲ့ ဘဝလုံခြုံရေးကို ထိပါးလာလျှင် (သို့မဟုတ်) ပြည်သူများရဲ့ ဘ၀ လုံခြုံရေး ကာကွယ် မပေးနိုင်တဲ့ ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်လို့ရှိရင် မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းကို ကြိုတင် လေ့လာသုံးသပ်ပြီး ဆောင်ရွက်ဖို့လည်း စဉ်းစားသုံးသပ်ကြပါတယ်” ဟု သူရဦးရွှေမန်းက ပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံ၊ ပြည်ပ အဖွဲ့အစည်းများက ပေးအပ်မည့် အကူအညီနှင့် ငွေကြေး များကို မျှော်လင့်ချက်မထားဘဲ ပြည်သူ့ဘဏ္ဍာကို အဓိကထား သုံးစွဲ ဆောင်ရွက်ရန်လည်း သဘောတူညီ ဆုံးဖြတ်ခဲ့သည်ဟု သိရှိရသည်။
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး စုစုပေါင်း အဖွဲ့ဝင် ၁၁ ဦးပါဝင်ပြီး ယင်းကောင်စီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၁ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် အရေးပေါ် အခြေအနေနှင့် စစ်အုပ်ချုပ်ရေး အမိန့်များ ထုတ်ပြန်နိုင်သော အမြင့်ဆုံး အာဏာပိုင်အဖွဲ့ အစည်းတခု ဖြစ်သည်။
လတ်တလော ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့က ဆောင်ရွက်လျက်ရှိပြီး ယခု ဇူလိုင်လအတွင်း နေပြည်တော်တွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတခု ကျင်းပရန် အစိုးရက ရည်ရွယ်ချက် ရှိကြောင်း အစိုးရ တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရှိရသည်။