ရခိုင်ပြည်နယ် အတွင်းရှိ ရပ်ဆိုင်းထားရသော လူဦးရေ စာရင်းကောက်ခံမှု(ဆွဲ၊ တင်၊ စစ်) လုပ်ငန်းကို ပြန်စရန် အခက် အခဲများနှင့် ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့နှင့် မြို့နယ်တချို့တွင်နေထိုင်သည့် ဘင်္ဂါလီ(မွတ်စလင်)လူမျိုးများ၏ လူဦးရေ စာရင်းကောက်ခံရာတွင် အုပ်စုဖွဲ့ နှောင့်ယှက်မှုများကြောင့် ရပ်ဆိုင်းထားရကြောင်း၊ လူဦးရေ စာရင်း အတိအကျ မသိရှိရသည့်အတွက် ဘင်္ဂါလီဒုက္ခသည် များအား ကူညီပေးရေး လုပ်ငန်းများတွင် အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း ရခိုင်ပြည်နယ် အစိုးရ၏ ပြန်ကြားရေး တာဝန် ခံ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။
“လူစာရင်း အတိအကျ မသိရတော့ ရိက္ခာဝေပေးတာရော၊ နေအိမ်ဆောက်ပေးရေး လုပ်ငန်းတွေအတွက်ပါ အခက်အခဲတွေ ဖြစ်နေတယ်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ချင်တယ်ဆိုရင် ဒီနိုင်ငံက ထုတ်ထားတဲ့ ဥပဒေတွေကို လိုက်နာဖို့လိုအပ်တယ်၊ ကန့်ကွက်နေသမျှတော့ ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်ဘူး”ဟု ဦးဝင်းမြိုင် က ဆိုသည်။
ဆွဲ၊ တင်၊ စစ် ဆိုသည်မှာ နေရာဒေသ မြေပုံဆွဲခြင်း၊ မှတ်တမ်း တင်ခြင်းနှင့် စစ်ဆေးခြင်းတို့ ဖြစ်သည်။
လူဦးရေ စာရင်းကောက်ခံမှုနှင့်ပတ်သက်၍ “လူဝင်မှုကြီးကြပ်ရေးနှင့်နိုင်ငံသား စိစစ်ရေးလုပ်ငန်းကော်မတီ” က လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူအင်အားသုံးပြီး တားဆီးနှောင့်ယှက်သည့် အခက်အခဲများကြောင့် နိုင်ငံသား စိစစ်ခြင်း လုပ်ငန်းများ ကို ရပ်ဆိုင်းထားရသည်ဟု ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကလည်း ပြောဆိုကြောင်း ဇွန်လ ၂၈ ရက်နေ့ ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
နိုင်ငံသား စိစစ်ရေး လုပ်ငန်းများကို အခြေအနေပေးလျှင် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းလည်း ရခိုင်ပြည် နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနိုင်း အစည်းအဝေး၌ ကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ စိုင်းမောက်ခမ်း က ပြောဆိုသည်။
ယင်းသို့ ဘင်္ဂါလီ လူဦးရေစာရင်းကောက်ခံမှုအား ငြင်းပယ်နေခြင်းသည် အစိုးရအပေါ် ယုံကြည်မှု အားနည်နေခြင်းကြောင့် ဖြစ် ကြောင်း၊ အစိုးရ အနေဖြင့် ဘင်္ဂါလီများအတွက် အာမခံချက် တခုခုပေးရန်လိုအပ်ကြောင်း မြန်မာ-မွတ်စလင် လူငယ်များ ဘာသာရေးအဖွဲ့ (မမလ) ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ဧရာဝတီ ကို ပြောသည်။
“ဘင်္ဂါလီတွေကို နိုင်ငံသားအခွင့်အရေးရဖို့၊ တန်းတူအခွင့်အရေးရဖို့ တခုခု အာမခံချက်ပေးဖို့ လိုပါတယ်၊ အစိုးရက ဒီလူတွေ ဟာ ဘင်္ဂလားဒေ့ရှ်က ဝင်လာသူတွေပါလို့ ပြောလိုက်၊ ဝင်လာသူတွေ မရှိဘူး ပြောလိုက် လုပ်နေတယ်၊ ပြောတာ တမျိုး၊ လုပ်တာတမျိုးဆိုတော့ အစိုးရကို အယုံအကြည်နည်းနေကြတယ်”ဟု ၎င်းက ဆိုသည်။
မမလ အဖွဲ့အပါအဝင် မွတ်စလင်အဖွဲ့ ၄ ခုမှ ခေါင်းဆောင်များနှင့်မြန်မာအစိုးရ အဖွဲ့မှဝန်ကြီးတချို့တို့ တွေ့ဆုံစဉ် ရခိုင်ပြည် နယ်မှ ဘင်္ဂါလီ(မွတ်စလင်)များအား ဘင်္ဂါလီအဖြစ်လက်ခံပေးရန် တိုက်တွန်းပေးရေးကို ဝန်ကြီးများက ဆွေးနွေးကြောင်း၊ သို့သော် မည်သည့်အာမခံချက်မှ မရှိ၍ ထိုသို့တိုက်တွန်းရန် အခက်အခဲများရှိကြောင်းလည်း ဦးမြင့်ထွန်း က ပြောသည်။
ဧပြီလကုန်ပိုင်းမှစတင်၍ စစ်တွေမြို့နယ်အတွင်းမှ ဒုက္ခသည် စခန်းများရှိ လူဦးရေ ကောက်ခံခြင်းကို ဆွဲ၊ တင်၊ စစ် စနစ်ဖြင့် လူဝင်မှု ကြီးကြပ်ရေးဌာန၊ ပြည်နယ် အစိုးရ၊ ဒေသဆိုင်ရာ အာဏာပိုင်များက ကောက်ခံခဲ့ကြရာ အုံကြွကန့်ကွက်မှုများနှင့် ကြုံတွေ့ရ၍ ရပ်ဆိုင်းထားခဲ့ရသည်။ လူဦးရေ စာရင်းကောက်ခံရာ၌ လူမျိုးအမည်တွင် ဘင်္ဂါလီဟု မဖြည့်လိုဘဲ ရိုဟင်ဂျာ ဟူ၍ စာရင်းသွင်းမှသာ လက်ခံမည်ဟုဆိုကာ အုပ်စုဖွဲ့ ကန့်ကွက်ကြခြင်း ဖြစ်သည်။
အစိုးရ အနေဖြင့် ဘင်္ဂါလီလူမျိုး အမည်ဖြင့်သာ ကောက်ခံမည် ဖြစ်ကြောင်း၊ နိုင်ငံတော် သတင်းစာများကလည်း ဘင်္ဂါလီ လူမျိုး ဟု တရားဝင်ကြေညာထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ မရှိသည့် လူမျိုးအမည်ကို ပြောဆို၍ လှှုံ့ဆော်မှု မပြုလုပ်ကြရန် ဘင်္ဂါလီ ရပ်မိရပ်ဘများကိုလည်း ခေါ်ယူဆွေးနွေးပြောဆိုထားကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင် က ပြောသည်။
စစ်တွေရှိ ဒုက္ခသည်စခန်းများသို့ တခြားဒေသများမှ ဘင်္ဂါလီများ မကြာခဏ ဝင်ရောက်လာနေခြင်းကြောင့် လူဦးရေ စာရင်း အတိအကျ မရှိ၍ ၎င်းတို့၏ အမိုးအကာ အောက်ရောက်ရှိရေး၊ စားဝတ်နေရေးတို့ စသည်တို့ ဆောင်ရွက်ရာတွင် အခက် အ ခဲများရှိကြောင်း၊ ထို့ကြောင့် လူဦးရေစာရင်း ကောက်ခံမှု အဆင်ပြေမှသာ အားလုံးပြေလည်သွားမည် ဖြစ်ကြောင်းလည်း ဦးဝင်းမြိုင် က ပြောဆိုသည်။
မိုးရာသီရောက်ရှိနေ၍ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များအတွက် အမိုးအကာ မလုံလောက်မှု၊ စားရေရိက္ခာ၊ ကျန်းမာရေး စသည့် အခက်အခဲများ ရှိသည်ဟုလည်း သိရသည်။
၂၀၁၂ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ မြောက်ဦး၊ မြေပုံစသည့် မြို့နယ် များတွင် ဒုက္ခသည် စခန်း ၂၀ ဝန်းကျင်ရှိပြီး ဒုက္ခသည် ဦးရေ တသိန်းကျော် ရှိနေသည်။
မြန်မာတနိုင်ငံလုံးတွင် လက်ရှိ စာရင်းများအရ ဘင်္ဂါလီ(မွတ်စလင်) ဦးရေ ၁ ဒသမ ၃၃ သန်းရှိပြီး ရခိုင်ပြည်နယ် တခုတည်း တွင် ၁ ဒသမ ၀၈ သန်း ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ က ဇွန် ၂၉ ရက်တွင် ပြုလုပ်သော ဝန်ကြီးများနှင့်မီဒီယာ တွေ့ဆုံပွဲတွင် ပြောဆိုသွားကြောင်း Eleven Mediaတွင် ရေးသားထား သည်။
ရခိုင်ဒေသရှိ ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပါ ပြဌာန်းချက် စည်းမျဉ်းများနှင့်ကိုက်ညီပါ က သတ်မှတ် ထားသည့် အထောက်အထား လက်မှတ်တခုခု ရရှိမှာဖြစ်သည်ဟု ဦးခင်ရီက ပြောဆိုကြောင်းလည်း သိရသည်။