မြန်မာ နိုင်ငံသား ၃ ဦးကို ဘတ် သန်း ၅၀ ခန့် တန်ဖိုးရှိသည့် ဘိန်းဖြူများနှင့်အတူ ထိုင်း-မြန်မာ နယ်စပ်တွင် ထိုင်း အာဏာပိုင်များက ယမန်နေ့က ဖမ်းဆီးလိုက်သည်။
မလေးရှားနိုင်ငံသို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းဝယ်ရေး လုပ်ကိုင်နေသည်ဟု ယူဆရသော ယင်းဘိန်းဖြူ သယ်ယူလာသူများသည် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင်၊ မယ်ဆိုင်မြို့နယ်အတွင်းရှိ တည်းခိုခန်း တခုတွင်နားနေစဉ် သတင်းအရ ထိုင်းအာဏာ ပိုင်များက ဝင်ရောက် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
အဖမ်းခံရသူများသည် မြန်မာနိုင်ငံသားများ ဖြစ်ပြီး အသက် ၂၈ နှစ် အရွယ် အမျိုးသမီး တဦး၊ ၃၀ အရွယ် အမျိုးသား တဦးနှင့် ၁၆ နှစ် အရွယ် အမျိုးသား တဦးတို့ ဖြစ်ကြောင်း၊ ဘိန်းဖြူ ၈.၅ ကီလိုဂရမ်နှင့် ခရီးသွားအိတ်တို့ကို သက်သေခံ ပစ္စည်းများအဖြစ် ဖမ်း ဆီးရမိကြောင်း ထိုင်းသတင်းများက ဆိုသည်။
စစ်ဆေး တွေ့ရှိချက်များ အရ ယင်း ဘိန်းဖြူများကို မလေးရှားနိုင်ငံသို့ မယ်ဆိုင် လေဆိပ်မှ တဆင့် ပို့ဆောင်ရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု သိရကြောင်း ထိုင်းအခြေစိုက် မန်နေဂျာ အွန်လိုင်း သတင်းဝက်ဘ်ဆိုက်တွင် ယနေ့ ရေးသားထားသည်။
ထိုင်း မူးယစ်ဆေးဝါး နှိမ်နှင်းရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက“ဘိန်းဖြူတွေဟာ ဈေးကွက်အထိ ရောက်သွားမယ် ဆိုရင် ၅၉ သန်း ကျော် ရမှာဖြစ်တယ်၊ ဒါကြောင့် ကွင်းဆက် တရားခံတွေကို ဖမ်းဆီးနိုင်ဖို့လည်း ဆက်လုပ်သွားမယ်”ဟု ပြောကြောင်း မန်နေဂျာ အွန် လိုင်း တွင် ပါရှိသည်။
ဖမ်းဆီးခံထားရသည့် ၃ ဦးကို ထိုင်း ဥပဒေအရ မည်သို့ အရေးယူဆောင်ရွက်မည်ကို သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။ သို့သော် ထိုင်း ဥပဒေအရ မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်၍ ပြစ်မှု ထင်ရှားပါက သေဒဏ် သို့မဟုတ် တသက် တကျွန်း ပစ်ဒဏ် ကျနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကက်မြို့နယ်တွင် စိတ်ကြွဆေးပြား၊ ဆေးခြောက်၊ အိုက်စ် (ICE)ဟု ခေါ်သည့် မူးယစ်ဆေးဝါးများနှင့်အတူ အသက် ၂၅ နှစ်အရွယ် ဇော်ကိုကိုအောင်ကိုလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။
ဇော်ကိုကိုအောင်ထံမှ ဆေးခြောက် ၃.၅၀ ဂရမ် ၄၅ ထုပ်၊ အိုက်စ် ဝ.၄၅ နှင့် ဝ.၅၀ ဂရမ် စုစုပေါင်း ၃၄ ထုပ်၊ စိတ်ကြွဆေးပြား(ခေါ်) ရာဘ ၅၈ လုံးတို့ကို သိမ်းဆည်း ရမိထားကြောင်း သိရသည်။
ဇွန် ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးနေ့တွင် ထိုင်း အစိုးရက ဘတ်ငွေ သန်းပေါင်း ၁၀၀၈၀ ခန့် တန်ဖိုးရှိသည့် ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါး ၃.၃ တန်ကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထိုင်း အစိုးရ အနေနှင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသော်လည်း မြန်မာအစိုးရက မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ၁၉၉၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ သတ်မှတ်ထားသော်လည်း ၂၀၁၉ အထိ ပြန် လည် ရွှေ့ဆိုင်း ထားသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနှင့် မြန်မာ အစိုးရကလည်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် တို့မှ ဖမ်းဆီးရမိသည့် ကျပ်ငွေ သိန်း ၄၄၀၇၀ ကျော် တန်ဖိုးရှိသော မူးယစ်ဆေးဝါး ၁၅ မျိုးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။