မှော်ဘီမြို့နယ်ရှိ ကျေးရွာတချို့တွင် ဝက်အများအပြား သေဆုံးသဖြင့် ဝက်မွေးမြူရေး ခြံပိုင်ရှင်များ အရှုံးပေါ်နေကြကြောင်း သိရသည်။
မှော်ဘီမြို့နယ် ညောင်နှစ်ပင်ဇုန်၊ ၉၁ နှင့် ၃၃ တပ်အနီးရှိ ကျေးရွာများမှ ဝက်မွေးမြူရေး ခြံတချို့တွင် မွေးထားသည့် ဝက်များ သေဆုံးမှု ရှိနေကြောင်း၊ အဆိုပါ သတင်းကြောင့် မှော်ဘီမြို့အတွင်းရှိ စီးပွားဖြစ် ဝက်မွေးမြူရေး ခြံများနှင့် ညောင်နှစ်ပင်ဇုန် အတွင်းမှ ဝက်မွေးမြူသူများမှာ ဝက်ကန်ထရိုက်များ ထံသို့ အရှုံးခံကာ ပြန်လည် ရောင်းချနေကြကြောင်း ညောင်နှစ်ပင် ကျေးရွာနေ ဝက်မွေးမြူရေး ခြံပိုင်ရှင် ဦးခင်မောင်မြင့်က ပြောပြသည်။
“သားခွဲဝက်လေးတွေက သေတာများတာဗျ၊ တချို့ ခြံတွေကတော့ အကောင်ကြီးတွေလည်း သေကြတယ်။ ကျန်းမာရေး အတွက်ကတော့ တိမွေးကု ဌာနက ဆရာဝန်လေး တယောက်တော့ ဆေးလာကုပေး၊ ကြည့်ပေးတာမျိုး လုပ်နေတာတွေ ရှိပါတယ်” ဟု သူက ရှင်းပြသည်။
ပြီးခဲ့သည့်လပိုင်းက ဝက်တပိသာလျှင် ၃၁၀၀ ကျပ် ရခဲ့သော်လည်း လက်ရှိတွင် ကတ္တားဈေး ၂၇၀၀ ကျပ်သာ ရတော့ကြောင်း၊ ဝက်တကောင်လျှင် ပိဿာ ၄၀၊ ၅၀ ကျော် ရှိသည့်အတွက် ငွေများစွာ အရှုံးပေါ်ကြကြောင်း သိရသည်။
တချို့ တနိုင်တပိုင် မွေးမြူသူများသည် ဝက်သေဆုံးသည့် သတင်းကြောင့် ၎င်းတို့ ဝက်များကို ရောင်းချသော်လည်း ဝယ်မည့်သူ မရှိသဖြင့် အခက်တွေ့နေရကြောင်း တနိုင်တပိုင် ဝက်မွေးသူ တဦးက ဆိုသည်။
မှော်ဘီမြို့နယ် တိုးချဲ့ ၄ ရပ်ကွက် ၁၅၀၀ ကွက်ရှိ တပိုင်တနိုင် ဝက်မွေးမြူသည့် အိမ်မှ ဝက် ၂ ကောင်မှာ ဝက်နားရွက်ပြာ ရောဂါဖြင့် သေဆုံးခဲ့ပြီး တိုက်ကြီးမြို့နယ် အတွင်းတွင်လည်း ဝက်တချို့ အဆိုပါ ရောဂါဖြင့် သေဆုံးသည်ဟု သိရကြောင်း မှော်ဘီမြို့နယ် NLD အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုရန်မျိုးအောင်က ဧရာဝတီသို့ ပြောသည်။
“အခုဖြစ်တာက အိမ်မှာမွေးတဲ့ ဝက်တွေမှာ ဖြစ်သွားတာပါ။ အများကြီး သေတာတော့မဟုတ်ဘူး။ စီးပွားဖြစ်မွေးမြူထားတဲ့ အိမ်တွေမှာတော့ မဖြစ်ပါဘူး။ အခု ရောဂါဖြစ်တဲ့ ခြံတွေကလည်း စီးပွားဖြစ် ခြံတွေနဲ့ ဝေးတော့ မကူးစက်နိုင်တော့ ပြဿနာ မရှိဘူး” ဟု ကိုရန်မျိုးအောင်က ရှင်းပြသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ ဒုညွန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးက ဝက်နားရွက်ပြာ ရောဂါသည် ၂၀၁၁ ခုနှစ် တွင်သာ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဖြစ်ပွားမှု မရှိသကဲ့သို့ ဌာနမှ တရားဝင် အတည်ပြု၍ မရသည့် ကိစ္စများ ရှိသည့်အတွက် ရောဂါကို ထိန်းချုပ်ထားနိုင်ကြောင်း ပြောပြသည်။
“တကယ်သာ ဖြစ်တယ်ဆိုရင် ရောဂါ ကူးစက်နှုန်း အရမ်းမြန်တယ်။ သေတိုင်းတော့ ဝက်နားရွက်ပြာ မဟုတ်ဘူး၊ ဌာနက တရားဝင် မသိတာကိုတော့ အတည်ပြုလို့တော့ မရဘူး” ဟု ဒေါက်တာအောင်ကြီးက ဆိုသည်။
ဝက်မွေးမြူရာတွင် ဇီဝလုံခြုံမှု စနစ် မြှင့်တင်သည့်အနေဖြင့် သန့်ရှင်းသည့် အစားအစာကျွေးရန်၊ ဝက်ခြံအနီး ဝက်သား မစားရန်၊ ခြံအနီး လူစိမ်းမလာရန်၊ ကာကွယ်ဆေး ထိုးရန်တို့ လိုအပ်ကြောင်း၊ ဝက်နားပြာ ရောဂါလက္ခဏာ ပြသည့်ဝက်သည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်း၊ အစာမစားခြင်းများ ဖြစ်ပြီး နေ့တွင်းချင်း သေဆုံးနိုင်ကြောင်း၊ ထို့ကြောင့် ရောဂါဖြစ်သည့် ဝက်မှ ပိုးများ ကူးစက်ပျံ့ပွားမှု မရှိစေရန် သေသည့်ဝက်ကို ကျင်းနက်နက် တူးကာ မြှုပ်သင့်ကြောင်း၊ ဝက်နားရွက်ပြာ ရောဂါကြောင့် သေဆုံးသည့် ဝက်၏ အသားကို စားမိသည့် လူ၊ တိရစ္ဆာန်သည် စားသည့်ပမာဏပေါ် မူတည်ကာ ရောဂါပြင်းထန်နိုင်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးက ရှင်းပြသည်။
အဆိုပါ ကိစ္စနှှုင့် ပတ်သက်၍ မှော်ဘီမြို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသို့ ဖုန်းဆက်မေးမြန်းသော်လည်း ဖြေကြားမည့်သူ မရှိပေ။