တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ဖွင့်လှစ်ထားတဲ့ ရိုးမဘဏ်ကို ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ် မတော် တောင်ပိုင်း(RCSS/SSA) အမည်နဲ့ ဆက်ကြေးငွေ ကျပ်သိန်း ၁၀၀ တောင်းခံမှုတခု ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖြစ်ပွားခဲ့ပါတယ်။
အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ RCSS/SSA အမည်ခံပြီး ဆက်ကြေးငွေတောင်းခံမှုကို ရိုးမဘဏ်က သက်ဆိုင်ရာ ရဲစခန်းမှာ တိုင်ကြား ထားတယ်လို့လည်း ဒီနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ပါရှိပါတယ်။
SSA တောင်ပိုင်း စစ်ဒေသ ၇၀၁ အနေနဲ့ ငွေတောင်းခံရာမှာ ရိုးမဘဏ်သာမက စစ်တပ်ပိုင် မြဝတီဘဏ်ကိုလည်း ကျပ် သိန်း ၁၀၀ တောင်းခံထားပြီး SSA စစ်ကြောင်းထံ လာရောက်အခွန်ဆောင်ဖို့ ဆင့်ခေါ်တယ်လို့ ငွေတောင်းစာမှာ ရေးသားထားပါတယ်။
RCSS/SSA အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက “ဗဟိုအမိန့်နဲ့ လုပ်တာမဟုတ်နိုင်ပါဘူး၊ ဒီလိုမျိုး မူလည်း မရှိပါဘူး၊ ဒါပေ မယ့် ပြန်စိစစ်ကြည့်ဖို့တော့ လိုပါလိမ့်မယ်၊ အောက်ခြေ ရဲဘော်တွေလုပ်တာ ဖြစ်နိုင် မဖြစ်နိုင်ကတော့ အတိအကျပြောလို့ မရပါဘူး”လို့ ဆိုပါတယ်။
ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို မကြာသေးခင်က သွားရောက်စဉ် ဆက်ကြေးကောက်မှု၊ လူသစ် စုဆောင်းမှုတွေ များပြားနေတဲ့အကြောင်း ဒေသ ခံတွေရဲ့ တိုင်ကြားပြောဆိုတာတွေကို ဖြေရှင်းခဲ့ရတယ်လို့လည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ပြောပါတယ်။
RCSS/SSA အနေနဲ့တော့ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ရေးအရ စစ်သားစုဆောင်းမှု၊ ဆက်ကြေးကောက်ခံမှုတွေ မလုပ်ကြောင်း၊ လုပ်ခဲ့ရင်လည်း စစ်စည်းကမ်းအရ အရေးယူမှာဖြစ်တယ်လို့ ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ၂ လ လောက်ကတော့ မူဆယ်-နမ့်ခမ်းဒေသ အခြေစိုက်တဲ့ SSA တောင်ပိုင်း စစ်ဒေသ ၇၀၁ တပ်ရင်းကို အစိုးရတပ်က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသေးတယ်။
ရှမ်းပြည်နယ်ဟာဆိုရင် လက်နက်ကိုင်အုပ်စု အများဆုံးရှိတဲ့ ဒေသဖြစ်ပြီး အဖွဲ့အစည်း အသီးသီးရဲ့ ဆက်ကြေးငွေ တောင်းခံမှုကို ဒေသခံတွေ အနေနဲ့ ဆက်တိုက်ကြုံတွေ့ နေရပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N)၊ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အပြင် နမ့်ခမ်းဒေသမှာ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ ၄ တို့ လှုပ်ရှားနေပါတယ်။
အဲဒီ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဆက်ကြေးကောက်ခံမှုဟာ ကျေးလက်တောရွာများသာမက အခုဆိုရင် ကျောက်မဲ၊ သီပေါ စတဲ့ မြို့ပေါ်ဒေသများအထိ ရောက်ရှိနေပြီလို ဒေသခံတွေက ဆိုပါတယ်။
ကျောက်မဲ ဒေသခံတဦးက“မြောက်ပိုင်းမှာတော့ တော်တော်ဆိုးတယ်၊ ကျောက်မဲမှာ တပ်တွေထိုင်လို့ မြို့ထဲမဝင်ပေမယ့်၊ ပတ်ဝန်း ကျင် ရွာတွေကတော့ အကုန်ကောက်တယ်၊ သီပေါကတော့ မြို့ပေါ်မှာကို ဝင်ကောက်တာ၊ ဒေသခံတွေ အရမ်းစိတ်ညစ်နေတယ်” လို့ ပြောဆိုပါတယ်။
ပွဲရုံ၊ ဈေးဆိုင်၊ လမ်းဘေးဓာတ်ဆီဆိုင်၊ ကားပိုင်ရှင်၊ ထော်လာဂျီပိုင်ရှင်၊ လယ်ယာမြေပိုင်ဆိုင်သူများကို ကောက်ခံပြီး ဆက်ကြေး နှုန်း ထားမှာလည်း သိန်းဂဏန်းအထိ ပေးရတယ်လို့ ကျောက်မဲ ဒေသခံ က ဆိုပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းမှာတော့ ပြည်သူ့စစ် အသွင်ပြောင်းထားတဲ့ လက်နက်ကိုင် အုပ်စုတွေသာ များပြီး ဆက်ကြေးထက် ဘိန်းနဲ့ မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်ဖြန့်ဖြူးခြင်းနဲ့ ငွေကြေးရှာဖွေကြတယ်လို့ သိရပါတယ်။