စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်း ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင်အစီရင်ခံစာပါ အကြံပြုချက်ဖြင့်ပေါ်ပေါက် ခဲ့ သည့် လုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီသည် တာဝန်ပျက်ကွက်နေကြောင်း ဒေသခံများနှင့် လက်ပံတောင်း အရေး ဆောင်ရွက်သူများက ဝေဖန် ပြောဆိုကြသည်။
လက်ပံတောင်း ကြေးနီစီမံကိန်းဒေသ၊ တုံရွာမှ စီမံကိန်း ရပ်ဆိုင်းရေး ဦးဆောင်လှုပ်ရှားသူ မစန္ဒာက လက်ပံတောင်း စုံ စမ်းရေး ကော်မရှင် အစီရင်ခံစာ အကြံပြုချက်ပါ သဘာ၀ ပတ်ဝန်းကျင်ထိခိုက်မှု ဆိုင်ရာ အကဲဖြတ် စိစစ်မှု(EIA) နှင့် လူ မှု ဘ၀ ထိခိုက်မှု ဆိုင်ရာ အကဲဖြတ် စိစစ်မှု(SIA) ကို အကောင်အထည်ဖော်ရေး ကော်မတီက ဆောင်ရွက်ပေးမှု မရှိ ကြောင်း ဧရာဝတီကို ပြောသည်။
“တခြား ကျန်းမာရေး၊ လူမှုရေး၊ သဘာ၀ ပတ်ဝန်းကျင်ဘေးထွက် ဆိုးကျိုးတွေနဲ့ ပတ်သက်တာတွေကိုလည်း သူတို့ လက်တွေ့ အကောင်အထည် မဖော်ပေးသေးဘူး”ဟု သူက ဆိုသည်။
ထို့အပြင် လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီက စိုက်ပျိုးမြေများ ပြန်လည်ဖော် ဆောင်ပေးမည်ဟု ကတိပေးထားသော် လည်း လက်တွေ့ဖြစ်မလာကြောင်း၊ စာချုပ်အသစ်များလည်း ထပ်မံ မချုပ်ဆိုဘဲ ဒေသခံများထံမှ မြေယာ အဓမ္မ ဝယ်ယူ နေကြောင်း ဆက်ပြောသည်။
“မြေမရောင်းပေးတဲ့ နေရာတွေကို သူတို့က ပုဒ်မ ၁၄၄ ထုတ်တယ်။ ရွာသူရွာသားတွေကို ဖမ်းမယ် ဆီးမယ်၊ ပြီးတော့ ကျမတို့ကို လာကူညီတဲ့ ကျောင်းသားတွေကိုလည်း ဖမ်းမယ်ဆီးမယ်နဲ့ ပြောတဲ့အတွက် ကျမတို့ ဒေသခံတွေ အနေနဲ့ နေ့မှာလည်း အလုပ်လုပ်ရ၊ ညမှာလည်း တချို့ ကင်းစောင့်ရတယ်။ မအိပ်ရဘူး၊ တအားကို ကျမတို့ ဒေသခံတွေဟာ အနေ ဆင်းရဲ အစားဆင်းရဲ ဖြစ်နေတယ်ရှင့်”ဟုလည်း မစန္ဒာ က ပြောသည်။
ရာဂဏန်း ပမာဏရှိ ရဲလုံခြုံရေးများက ညဘက်၌ မျက်နှာကို အိုးမည်းများ သုတ်လိမ်းကာ ရွာအနီး ဝန်းကျင်တွင် လုံခြုံရေး ယူထားမှုများ ရှိသည်ဟုလည်း ဆိုသည်။
“ရွာအပြင်ဘက်တွေမှာ မျက်နှာတွေကို အိုးမည်းတွေ သုတ်ထားပြီးတော့ အရပ်ဝတ်တွေနဲ့လူတွေက မြေမရောင်းတဲ့ရွာ တွေကို ဝိုင်းထားတယ်”ဟု မစန္ဒာက ပြောသည်။
ဒေသခံ လယ်သမားတချို့က သီးနှံလျော်ကြေးနှင့် လယ်ယာမြေလျော်ကြေးငွေများ လက်ခံမှု ရှိခဲ့သော်လည်း လျော်ကြေး မလို မြေကိုသာလိုသည်ဟူသည့် ဒေသခံရွာသား စုစုပေါင်း ၄၀၀၀ ခန့် ရှိကြောင်းလည်း သူက ပြောပြသည်။
“ကျမတို့ ဒေသခံတွေကတော့ ဒီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆက်လက် လုပ်ဆောင်သွားကြမှာပါ”ဟု မစန္ဒာက ဆို သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်း လှိုင်က ဒေသခံများ၏ လုပ်ငန်းကော်မတီအပေါ် မကျေနပ်၍ တိုင်ကြားသည့်စာများ လက်ခံရရှိထားကြောင်း၊ စုံစမ်းရေး ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည် မဖော်ပါက လွှတ်တော်ကို ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“လုပ်ငန်း ကော်မတီအနေနဲ့ ဒေသခံတွေ ကျေနပ်အောင် ဆောင်ရွက်မပေးဘူး၊ ကော်မရှင်ရဲ့ အစီရင်ခံစာမှာပါတဲ့ အချက် တွေ အတိုင်း မလိုက်နာဘူး၊ ဒေသရဲ့ အကျိုးစီးပွား ဖြစ်ထွန်းဖို့ရာအတွက် ဆောင်ရွက်တဲ့ လုပ်ငန်းဟာလည်း မလိုလား အပ်ဘဲနဲ့ အရမ်းကြာရှည်နေပြီးတော့ ပြည်သူလူထု အကျိုးစီးပွား မဖြစ်ထွန်းဘူးဆိုလို့ ရှိရင် ကျမတို့က ပြည်သူ တွေရဲ့ ဆန္ဒအရ လွှတ်တော်ကို ဆက်တင်သွားမှာပါ”ဟု သူက ဆိုသည်။
သို့သော် ကော်မတီ၏လုပ်ဆောင်ချက်သည် အခုချိန်ထိ ပြီးဆုံးသေးသည့် အခြေအနေ မရှိသေး၍ လည်းကောင်း၊ အချိန် လုံလောက်မှု မရှိသေး၍လည်းကောင်း လွှတ်တော်သို့ လတ်တလော တင်ပြရန်မရှိသေးကြောင်း သူက ဆက်ပြောသည်။
ဒေါ်ခင်စန်းလှိုင်သည် လက်ပံတောင်း စုံစမ်းရေးကော်မရှင်ပေါ်ပေါက်လာရေး လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သူ ဖြစ် ပြီး လက်ပံတောင်း စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် တဦးလည်း ဖြစ်သည်။
လက်ပံတောင်း စုံစမ်းရေး ကော်မရှင်ကို NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဥက္ကဋ္ဌအဖြစ်နှင့် စုစုပေါင်း အဖွဲ့ဝင် ၁၆ ဦးတို့အား သမ္မတ ဦးသိန်းစိန်က ယမန်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့က ဖွဲ့စည်းပေးခဲ့သည်။
လက်ပံတောင်း စုံစမ်းရေးကော်မရှင်က ယခုနှစ် မတ်လ ၁၂ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
ယမန်နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လုံခြံရေးတပ်ဖွဲ့က အင်အားသုံး၍ လက်ပံတောင်းကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ သပိတ်စခန်း ဖြိုခွဲမှုနှင့်ပတ်သက်ပြီး မည်သို့ ဆောင်ရွက်ဆိုသည်ကို စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတွင် ပါဝင်မှု မရှိခြင်း အပါအဝင် တချို့သော အချက်များ အပေါ် ကန့်ကွက်သူများလည်း ရှိသည်။
လက်ပံတောင်း ကော်မရှင်အစီရင်ခံစာအား အကောင်အထည် ဖော်ဆောင်ရေး ကော်မတီကို ဥက္ကဋ္ဌ အဖြစ် သမ္မတရုံး ဝန်ကြီး ဦးလှထွန်း၊ ဒု ဥက္ကဋ္ဌ ၂ ဦးအဖြစ် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးနှင့် ဦးပိုင် တာဝန်ခံ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ပြည်ထဲရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦိးဖြင့် သမ္မတ ဦးသိန်းစိန်က ယခုနှစ် မတ်လ ၁၁ ရက် နေ့က ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။