မြန်မာနိုင်ငံတွင် နိုင်ငံရေး ပုဒ်မ ဟု လူသိများသော ပုဒ်မ ၅(ည)နှင့် ပုဒ်မ ၁၀ စသည့် အရေးပေါ်စီမံမှု ဥပဒေ ပုဒ်မများကို ပယ်ဖျက်မည် မဟုတ်ကြောင်းနှင့် ပြစ်ဒဏ်များလည်း လျှော့ပေါ့ပေးရန် အစီအစဉ်မရှိသေးကြောင်း ပြည်ထဲရေး ဒု ဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ပြောသည်။
အဆိုပါ အရေးပေါ်စီမံမှု ဥပဒေများနှင့် ပတ်သက်ပြီး ပယ်ဖျက်ရန် အစီအစဉ် ရှိ မရှိ၊ ပြစ်ဒဏ်များကိုလည်း လျှော့ပေါ့ရန် ရှိ မရှိ ရန်ကုန်တိုင်း လသာမြို့နယ် ကိုယ်စားလှယ် ဦးကြည်မြင့်က ယမန်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မေးမြန်း ရာ ပြည်ထဲရေး ဒု ဝန်ကြီး က ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
ပုဒ်မ ၅(ည)သည် ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ဖြစ်ပြီး ပုဒ်မ ၁၀ သည် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ဖြစ်ကြောင်း သိရသည်။
အရေးပေါ် စီမံမှု ဥပဒေကို ကျင့်သုံးနေခြင်းသည် တိုင်းပြည်တွင် တည်ငြိမ်မှု မရှိသေးသည့် အခြေအနေကို ဖော်ပြရာ ရောက် ကြောင်း၊ အစိုးရအနေဖြင့် အကြောင်းပေါ်ပါက အဆိုပါ ပုဒ်မများဖြင့် ဖမ်းဆီးနိုင်ကြောင်း၊ ယခုအထိ တိုင်းပြည်တွင် တရား ဥပဒေ စိုးမိုးမှု အားနည်းနေသည်ကိုတွေ့ရကြောင်း၊ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီကို ပြောသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ရန်ကုန်မြို့နေ ကိုသက်ဦး ကလည်း အဆိုပါ အရေးပေါ် စီမံမှု ဥပဒေပုဒ်မ များ စသည့် နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီး အသုံးချခဲ့သော ဥပဒေများ မရှိသင့်တော့ကြောင်း ပြောဆိုသည်။
“ကျနော်တို့ကတော့ လုံး၀ လက်မခံဘူး၊ ပုဒ်မ ၅(ည) ကို ဖျက်သိမ်းပေးဖို့ ပြောဆိုတာတွေလည်း ရှိခဲ့တယ်။ နောက် ပုဒ်မ ၁၇ (၁/၂)မတရားအသင်း ဆိုင်ရာ ပုဒ်မလည်း အခုချိန်မှာ မရှိသင့်တော့ဘူးလို့ ပြောဆိုခဲ့ဖူးတာတွေ ရှိပါတယ်။ အဲဒါနဲ့ပတ်သက် တဲ့အသေးစိပ်ကို ကျနော်တို့ အဖွဲ့တွင်းမှာ ဒီနေ့ ဆွေးနွေးပြီးတော့ အချိန်မီထုတ်ပြန်သွားဖို့ ရှိတယ်”ဟုလည်း သူက ဆိုသည်။
ပုဒ်မ ၅ အတွက် ပြစ်ဒဏ်အား ထောင်ဒဏ် ၇ နှစ်အထိ တိုးမြှင့် ပြဋ္ဌာန်းထားချက်ကိုလည်း ထပ်မံပြင်ဆင်ရန် အစီအစဉ်မရှိ ကြောင်း ပြည်ထဲရေး ဒုဝန်ကြီးက ပြောသည်။
၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၁၀ ပြဋ္ဌာန်းချက်များမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း ၁၁ ရှိ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ညီညွှတ်နေဆဲဖြစ်၍ ပြစ်ဒဏ်များကိုလည်း ပြန်လည် လျှော့ပေါ့ရန် အစီအစဉ်မရှိကြောင်း ဒုဝန်ကြီးက လွှတ်တော်၌ ဖြေကြား သွားသည်။
အဆိုပါ ပုဒ်မ ၁၀ အရ ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု ပြင်ဆင် ပြဋ္ဌာန်းထားကြောင်းလည်း သိရသည်။
ယင်း ပုဒ်မ ၁၀ ပါ ပုဒ်မခွဲ(က)ဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင်များကို ယခင် စစ်အစိုးရများက အရေးယူ ပြစ်ဒဏ်ချမှုများ ပြုလုပ်ခဲ့သည်။
ပြည်ထဲရေး ဒု ဝန်ကြီးက ဆက်လက်၍“အလစ်သုတ်၊ ဆူညံ၊ ရန်ဖြစ်၊ ခါးပိုက်နှိုက်မှုများနှင့် ဝိသမ လောဘသမားများကို ၎င်း ၁၉၇၅ ဥပဒေနှင့် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေတို့ဖြင့် အရေးမယူဘဲ ပြစ်မှုဆိုင်ဥပဒေနှင့် အထူးဥပဒေ ပြဋ္ဌာန်း ချက်များနှင့်သာ အရေးယူကြောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူများ၏ လူမှုဘဝလုံခြုံရေးကို အကာအကွယ်ပေးထား သော ဥပဒေများဖြစ်ပြီး ထိရောက်သော ပြစ်ဒဏ်များကို ပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် ထပ်မံတိုးမြှင့်ရန်နှင့် လျှော့ပေါ့ရန် အစီ အစဉ် မရှိပါကြောင်း”လည်း ပြောကြားသည်။
AAPP တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်ကမူ ယခင်က ပုဒ်မ ၅ စသည်တို့ဖြင့် အလစ်သုတ်၊ ခါးပိုက်နှိုက်၊ စီးပွားရေး ဝိသမ လောဘသားများ ကို ဖမ်းဆီးခဲ့သည့် သာဓကများစွာ ရှိခဲ့ကြောင်း၊ ၎င်းတို့အား အဆိုပါ နိုင်ငံရေး ပုဒ်မများဖြင့် ဖမ်းဆီးသည့် အတွက် နိုင်ငံရေးလှုပ်ရှားသူများကို ရာဇဝတ်သားများနှင့် အတူတူဖြစ်သည်ဟု ပြည်သူက အထင်မြင်မှားနိုင်ကြောင်း ထောက်ပြ ပြောဆိုသည်။
“ခိုး၊ ဆိုး၊ ခါး(သူခိုး၊ လူဆိုးနှင့် ခါးပိုက်နှိုက်) တို့၊ တခြား မတော်လောဘ စီးပွားရေးသမားတို့ကို ဒီပုဒ်မတွေနဲ့ ဖမ်းတာက နိုင်ငံ ရေး လုပ်နေသူတွေကို ပုံဖျက်ချင်လို့ လုပ်ခဲ့တယ်လို့ ကျနော်တို့ အစောကြီးကတည်းက ပြောနေခဲ့တယ်၊ ဒီလိုမျိုး မလုပ်သင့် ဘူး၊ ခိုး၊ ဆိုး၊ ခါးဆိုလည်း သူ့ဟာနဲ့သူ အရေးယူရမယ့် ဥပဒေတွေ ရှိတယ်၊ ဒါတွေနဲ့ပဲ အရေးယူသင့်တယ်”ဟု သူက ဆို သည်။
နိုင်ငံရေး အကျဉ်းသားဟောင်း ဦးသက်ဦးကလည်း “အရင်က ဝိသမ စီးပွားရေးသမားတွေကို ဒီပုဒ်မတွေနဲ့ စွဲခဲ့တာ သာဓက တခုထုတ်ပြရမယ်ဆိုရင် လေအေးသာ ဆိုတဲ့ တည်းခိုခန်းပိုင်ရှင်ကို ပုဒ်မ ၅(ည) နဲ့ စွဲဆိုထောင်ချလိုက်တာပဲ၊ တခြား ပုဒ်မ ၅ တွေလည်း ပါသေးတယ်”ဟု ပြောသည်။
ယခုနောက်ပိုင်း ပုဒ်မ ၅၊ ပုဒ်မ ၁၀ တို့ဖြင့် အရေးယူမှုများ မရှိသေးသော်လည်း အခြား ပုဒ်မများဖြစ်သည့် ပုဒ် မ ၁၈၊ ပုဒ်မ ၅၀၅ တို့ဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို မတရား ဖမ်းဆီးအရေးုယူ ထောင်ချခြင်းများ ရှိလာကြောင်း တရား ဥပဒေ စိုးမိုးမှု ရှိရေးအတွက် မတရားသဖြင့် ဖမ်းဆီးသူများကို အရေးယူနိုင်သည့် ဥပဒေပြဋ္ဌာန်းပေးရန်လည်း လိုအပ်ကြောင်း ဦးဘိုကြည်က ဆိုသည်။
“အဓိက အရေးကြီးတာက ပုဒ်မ မဟုတ်ဘူး။ မတရားသဖြင့် မဖမ်းဖို့ လိုတယ်”ဟုလည်း သူက ပြောဆိုသည်။
နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို အီလက်ထရွန်နစ် ပုဒ်မ၊ မတရားသင်း ဆိုင်ရာပုဒ်မ ၁၇ ၊ ပုံနှိပ် ဥပဒေ ၁၇ နှင့် ၂၀ စသည့် ပုဒ်မများအပြင် အခြား ရာဇဝတ်မှု ပုဒ်မ တချို့နှင့်လည်း ဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ် ချမှတ်မှုများ ရှိခဲ့ပြီး အဆိုပါ ပုဒ်မများ တည်ရှိနေဆဲဖြစ်သည်။
ယခုအချိန်အထိ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား ၂၀၀ နီးပါး ကျန်ရှိနေသေးကြောင်း သိရ သည်။
မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် ၎င်းတို့၏ မိသားစုဝင်များက အရေးပေါ်စီမံမှု ဥပဒေများ ဆက် လက် တည်ရှိနေခြင်းအပေါ် စိုးရိမ်စိတ်ဖြစ်မိကြောင်း ပြောဆိုကြသည်။
မြန်မာ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်၌ အားလုံးပါဝင် လုပ်ဆောင်နေချိန်တွင် နိုင်ငံရေးအရ သဘောထား ကွဲသူများအပေါ် အချိန်မရွေး ဖမ်းဆီးနိုင်သည့် ဥပဒေများသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အနှောင့်အယှက်ဖြစ်နိုင်ကြောင်း ဝေဖန် ပြောဆိုမှုများလည်း ရှိနေသည်။