လက်ပံတောင်းတောင် အရေး လှုပ်ရှားခဲ့သူများကို ရွှေဘိုခရိုင် တရားရုံးမှ တရားဥပဒေအရ ဖြေရှင်းခွင့်မပေးဘဲ ပုဒ်မပေါင်း များစွာဖြင့် ဇူလိုင်လ ၈ ရက်နေ့က ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
လက်ပံတောင်းအရေး လုပ်ဆောင်နေသည့် ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးကို ရွှေဘိုခရိုင် တရားရုံးက ပုဒ်မ ၁၄ ခုနှင့် ထောင်ဒဏ် ၁၁ နှစ်ခွဲ ချမှတ်လိုက်ပြီး ဒေသခံ ကိုစိုးသူနှင့် ကိုမောင်ဆန်းတို့ကို ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ် လိုက်ကြောင်း ၎င်းတို့၏ ရှေ့နေ ဦးအောင်သူရိန်ထွန်းက ဧရာဝတီသို့ ပြောသည်။
“တရားဥပဒေအရ တရားခံတွေဘက်ကနေပြီး ကျနော် ခုခံချေပ ပိုင်ခွင့် ရှိရပါမယ်။ ဒါပေမယ့် ဒီတခေါက် ရုံးချိန်းက နောက်ဆုံးအဆင့် ရောက်နေပြီလို့ သိရတယ်။ နောက်ဆုံးအဆင့် ဖြစ်တဲ့အတွက် ထုချေပိုင်ခွင့်မရှိဘဲ နားထောင်ပိုင်ခွင့်နဲ့ပဲ ကျနော် ကျေနပ်ခဲ့ရတယ်။ တရားခံတွေ ဘက်ကနေ ရှေ့နေလိုက်ပေးခွင့် ရပေမယ့် ရုံးချိန်းကို ၂ ခေါက်ပဲ တက်ရောက်ခွင့် ရတယ်။ ပထမ တခေါက်ကတော့ တရားခွင်ထဲ ဝင်ခွင့်မပေးဘူး။ သူတို့ကိုလည်း ၃ မိနစ်လောက်ပဲ မြင်လိုက်ရတယ်။ ကားပေါ် ပြန်တင်ပြီး ထောင်ထဲ ပြန်ခေါ်သွားတာ။ အခု တရားခွင်ကျတော့လည်း ဝင်ပြီး ဘာမှ မပြောရဘဲ အမိန့်ချတာကို နားထောင်ရုံ သက်သက်လို ဖြစ်သွားတယ်။ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး ဥပဒေနဲ့ မညီတဲ့အတွက် ကျနော်တို့ အထက်တရားရုံးအထိ တက်ပြီး အယူခံဝင်သွားဖို့ ပြင်ဆင်နေပါတယ်” ဟု ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောသည်။
ရှေ့နေ ဦးအောင်သူရိန်ထွန်းသည် ရန်ကုန်ရှေ့နေအသင်းမှ ဖြစ်ပြီး လက်ပံတောင်းအရေးတွင် ဖမ်းဆီးခံရသူများဘက်မှ ရှေ့နေလိုက်ပေးနေသူ ဖြစ်သည်။
ရွှေဘိုတရားရုံးက ၎င်းအား တရားဥပဒေအရ လျှောက်လွှဲပိုင်ခွင့်နှင့် ထုချေပိုင်ခွင့်များ မပေးခဲ့ဘဲ အမိန့်ချမှတ်သည့် အတိုင်းသာ တရားခွင်အတွင်းတွင် နားထောင်ခိုင်းခဲ့ကြောင်း သိရသည်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် လယ်ယာမြေပေါ်တွင် ဒေသခံများက ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့တွင် ဝင်ရောက် ထွန်ယက်ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ကိုအောင်စိုးနှင့်အတူ ဒေသခံနှစ်ဦး ဖြစ်သော ကိုမောင်ဆန်းနှင့် ကိုစိုးသူတို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ကိုအောင်စိုးတဦးတည်း အတွက် ချမှတ်လိုက်သည့် ထောင်ဒဏ်များမှာ ပုဒ်မ ၃၃၂၊ ၄၄၇၊ ၁၄၃ ဖြင့် တပေါင်းတည်း ကျခံရမည့် ထောင်ဒဏ် စုစုပေါင်း ၂ နှစ်၊ ပုဒ်မ ၂၉၅၊ ၂၉၅(က)၊ ၁၁၇ ဖြင့် တပေါင်းတည်း ကျခံရမည့် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၂၉၅၊ ၂၉၅(က)၊ ၁၁၇ ဖြင့် တပေါင်းတည်း ကျခံရမည့် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၁၃ ဖြင့် ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၁၁၇ ဖြင့် ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၁၈ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ လ၊ ပုဒ်မ ၁၄၃၊ ၁၄၇၊ ၅၀၀ တို့ဖြင့် ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၄၄၇၊ ၁၄၇၊ ၁၄၃ ဖြင့် ထောင်ဒဏ် ၆ လအပြင် ရှေ့တွင် စွဲဆိုထားသည့် အမှု ၃ မှုအတွက် ၆ လစီနှင့် ထောင်ဒဏ် ၁ နှစ်ခွဲ ကျခံရမည် ဖြစ်သည်။
စွဲဆိုထားသည့် ပုဒ်မထဲမှ ပုဒ်မ ၃ ခုမှာ တရုတ်ကုမ္ပဏီ ဝမ်ပေါင်မှ စွဲဆိုထားသည့် ပုဒ်မ ၃ ခုဖြစ်ပြီး ယင်းအတွက် တပေါင်းတည်း ထောင်ဒဏ် ၂ နှစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ဒေသခံများ အနေဖြင့် ဝမ်ပေါင် ကုမ္ပဏီကို တရားစွဲထားမှုများ ရှိသော်လည်း မည်သည့် ဥပဒေနှင့်မျှ ဆောင်ရွက်ပေးခဲ့ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။
ကျေးရွာသားများ ဖြစ်သော ကိုမောင်ဆန်းနှင့် ကိုစိုးသူတို့မှာ ရှေ့တွင် ချမှတ်ထားသော ထောင်ဒဏ် ၆လစီနှင့် နောက်ထပ် ချမှတ်လိုက်သည့် ထောင်ဒဏ် ၂ နှစ်များဖြင့် စုစုပေါင်း တဦးလျှင် ထောင်ဒဏ် ၂ နှစ် ၆ လစီ ကျခံရမည် ဖြစ်သည်။
လက်ပံတောင်းတောင်အရေး လှုပ်ရှားသူများကို စွဲဆိုထားသည့် ပုဒ်မများမှာ လိုအပ်သည်ထက် များပြားနေပြီး တချို့ပုဒ်မများမှာ ထပ်နေကြောင်း ဝေဖန်မှုများ ရှိသည်။
“ကိုအောင်စိုးတို့ကို စွဲဆိုထားတဲ့ ပုဒ်မတွေက ထပ်နေတယ်။ ဥပမာ ၁၄၃ တို့၊ ၄၄၇ တို့ဆို အမှုတခုစီမှာ နှစ်ခါ ပြန်ပါနေတယ်။ ၁၉၇၃ ခုနှစ် အနက်အဓိပ္ပာယ်ဖွင့်ဆို၊ ဥပဒေ ၂၀ အရ ပြဌာန်းချက်အရ ပြုလုပ်မှုတခုတည်းကို ပြစ်မှုနဲ့ ပြစ်ဒဏ် ၂ ကြိမ်ဆက်တိုက် မခံထိုက်စေရဆိုပြီး ပြဌာန်းထားပါတယ်။ ဒါ့ကြောင့်ဒါဟာ ဥပဒေနဲ့ မညီဘူးလို့ ပြောစရာရှိပါတယ်” ဟု ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောသည်။
ထို့ပြင် ဥပဒေနှင့် ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင် ဦးမြင့်သွင်ကလည်း “လူတဦးကို အမှုပေါင်း ၄ မှုထက် ပိုပြီး တပ်ခွင့် မရှိပါဘူး။ အမှုတွေအများကြီး တပ်တယ်ဆိုတာ စစ်အစိုးရခေတ် လက်ထက်က လုပ်ခဲ့တာပါ။ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံဆိုရင်တော့ တရားခွင်အတိုင်း ဖြစ်သင့်ပါတယ်” ဟု ပြောကြားသည်။
လက်ပံတောင်း စီမံကိန်းဒေသအတွင်း မတည်ငြိမ်မှုများ ဖြစ်အောင် နောက်ကွယ်မှ ကြိုးကိုင်သူ ၇ ဦးကို တရားဥပဒေနှင့် အညီ ဖမ်းဆီး အရေးယူတော့မည် ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းမှ အမိန့်စာများ ထုတ်ပြန်ထားသည်။
၎င်းတို့မှာ ကိုဗထူး ဦးဆောင်သော ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ၅ ဦး၊ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး ကွန်ရက်အဖွဲ့ဝင် ကိုဟန်ဝင်းအောင်နှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့မှ ကိုသောင်းထိုက်ဦးတို့ ဖြစ်သည်။
တရားခံများကို လက်ခံထားရှိသူများအား ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာထားသည်။
“လက်ပံတောင်းတောင် အရေး လှုပ်ရှားတဲ့သူတွေကို ဒီအတိုင်းပဲ ပုဒ်မတွေတပ်ပြီး ဖမ်းတယ်။ တရားရုံးရောက်တော့လည်း သူတို့တပ်ထားတဲ့ ပုဒ်မတွေအတိုင်းပဲ ထောင်ချတယ်။ ဒါဟာ ဘာနဲ့ တူသလဲဆိုရင် စစ်အာဏာရှင် ခေတ်တုန်းက လုပ်ခဲ့တဲ့ မူအတိုင်း ပြန်ကျင့်သုံးတာပါပဲ။ နောက်ကြောင်းကို ပြန်လှည့်တဲ့ သဘောပါ။ ဒါကို ကျနော်တို့က တရားဥပဒေအရ ရင်ဆိုင်ဖို့အတွက် တောင်းဆိုသွားမှာပါ။ ဒီမိုကရေစီနိုင်ငံမှာ ဒါလိုမျိုး လုပ်ရပ်တွေ ဆက်ရှိနေသေးတာ မကောင်းတဲ့ အလားလာပါ” ဟု ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ကိုဗထူးက ပြောသည်။
လက်ပံတောင်းတောင် စီမံကိန်း စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းမှ စတင်ပြီး ယခုအချိန်အထိ အမှုပေါင်း ၅၀ ကျော် ရှိပြီဖြစ်ပြီး လက်ရှိအနေထားအထိ ဒေသခံပြည်သူများနှင့် တရုတ်ကုမ္ပဏီ ဝမ်ပေါင်တို့ အဆင်မပြေမှုများ ဆက်လက် ဖြစ်ပေါ်လျက် ရှိသည်။