မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် ရရှိခဲ့ပြီးဖြစ်သည့် Telenor နှင့် Ooredoo ကုမ္ပဏီများက ၎င်းတို့၏ ဝန်ဆောင်မှုကို အသုံးပြုကြမည့် ဖောက်သည်များအနေဖြင့် မည်မျှကုန်ကျမည် ဆိုသည့် သတင်းအချက်အလက်များကို ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
နော်ဝေနိုင်ငံ အခြေစိုက် Telenor ကုမ္ပဏီက ကောက်ခံမည့် ဖုန်းခေါ်ဆိုခမှာ တမိနစ်လျှင် ၂၅ကျပ် (အမေရိကန် ဝ.၀၃ ဒေါ်လာ) ဖြစ်ပြီး ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီ၏ ဝန်ဆောင်ခမှာ ကွန်ယက်တူချင်း ခေါ်ဆိုခ တမိနစ်လျှင် ၃၅ကျပ် (အမေရိကန် ဝ.၀၄ ဒေါ်လာ)ဖြစ်ပြီး အခြား ကွန်ယက်များသို့ ခေါ်ဆိုခမှာ တမိနစ်လျှင် ၄၅ကျပ် (အမေရိကန် ဝ.၀၅ ဒေါ်လာ)ဖြစ်သည်။ ယခု လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့၏ ကောက်ခံမှုမှာ တမိနစ် ၅၀ ကျပ် ဖြစ်သည်။
မြန်မာနိုင်ငံသားများအတွက် ပိုမို အရေးကြီးသော အရေးကြီးသောအချက်က ဆင်းကဒ်ခေါ် လိုင်းကဒ်ဈေးနှုန်းဖြစ်သည်။ လွန်ခဲ့သောနှစ် အထိ လိုင်းကဒ်တကဒ်လျှင် ၂၀၀၀၀၀ကျပ် (အမေရိကန် ၂၀၄ဒေါ်လာ) ဖြင့် အစိုးရက ရောင်းချခဲ့သည်။ ထိုပမာဏသည် မြန်မာနိုင်ငံသားတဦးချင်း ပျမ်းမျှတနှစ်ဝင်ငွေ၏ သုံးပုံနှစ်ပုံလည်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုသည် သာမန်ပြည်သူတယောက်တတ်နိုင်သည့် အနေအထားနှင့် ဝေးကွာခဲ့ရသည်။
ယခုနှစ်အတွင်းက မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ၁၅၀၀ ကျပ် လိုင်းကဒ်ကို မဲစနစ်ဖြင့် ရောင်းချသည်။ အပြင်ဈေးကွက်တွင် အနည်းဆုံး ကျပ် ၇၀၀၀၀ ပေါက်ပြီး ဝယ်ချင်တိုင်း ဝယ်၍ မရပေ။
Telenor နှင့် Ooredoo ကုမ္ပဏီများကလည်း လိုင်းကဒ်ကို တကဒ်လျှင် ၁၅၀၀ ကျပ်ဖြင့်ရောင်းချမည်ဟု ဆိုသည်။ နောက်ပိုင်းကျလျှင် လိုင်းကဒ်ကို အခမဲ့ ပေးနိုင်အောင် စီစဉ်နေသည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၏ ကြေညာချက်တွင် “ပြည်ထောင်စု အစိုးရက အရမ်းကို အင်အားကောင်းပြီးတော့ အတွေ့အကြုံရှိတဲ့ နိုင်ငံတကာ အော်ပရေတာ နှစ်ခုကို ရွေး ချယ်လိုက်တာပါ။ မြန်မာနိုင်ငံတလွှားမှာ တယ်လီဖုန်းဆက်သွယ်ရေး ကွန်ယက်တွေ အလျှင်အမြန် တိုးတက်ဖွံ့ဖြိုး လာပါလိမ့်မယ်” ဟု ဖော်ပြထားသည်။
Telenor နှင့် Ooredoo ကုမ္ပဏီများသည် ဇွန်လအတွင်းက ၎င်းတို့၏ ပြိုင်ဖက် ကိုးခုကို ကျော်ဖြတ်ကာ မြန်မာနိုင်ငံ၏ မိုဘိုင်း တယ်လီဖုန်းဈေးကွက်တွင် အော်ပရေတာ လိုင်စင်ရရှိခဲ့ကြသည်။ Orange ကုမ္ပဏီက တတိယနေရာတွင် အရန်အဖြစ်ရွေးချယ်ခံရပြီး Telenor နှင့် Ooredoo ကုမ္ပဏီများက ၎င်းတို့ အပေါ် သတ်မှတ်ပေးထားသည့် လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းပေးရန် မအောင်မြင်ခဲ့ပါက အစားထိုးဝင်ရောက် လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။
Telenor ကုမ္ပဏီက ၎င်းတို့ အနေဖြင့် လာမည့် ငါးနှစ်အတွင်းတွင် နိုင်ငံ၏ နေရာ ၈၃ ရာခိုင်နှုန်းတွင် ဖုန်းဝန်ဆောင်မှု ပေးနိုင်ပြီး အင်တာနက် ဝန်ဆောင်မှုကို ၇၈ ရာခိုင်နှုန်းအထိ ပေးနိုင်အောင် ဆောင်ရွက်မည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ အထိ ရင်းနှီးမြှုပ်နှံ သွားမည်ဟု ကြေညာထားသော Ooredoo ကုမ္ပဏီကလည်း တယ်လီဖုန်းနှင့် အင်တာနက်လွှမ်းခြုံမှုကို ငါးနှစ် အတွင်း ၈၄ ရာခိုင်နှုန်းအထိ ရရှိစေမည်ဟု ပြောဆိုခဲ့သည်။
Ooredoo ကုမ္ပဏီက လိုင်းကဒ် ၂၄၀၀၀၀ စရောင်းသွားမည် ဖြစ်ပြီး Telenor ကုမ္ပဏီက လိုင်းကဒ် ၇၀၀၀၀ ရောင်းမည်ဟု ယနေ့ ပြောကြားလိုက်ကြသည်။ ထို့ပြင် Telenor နှင့် Ooredoo ကုမ္ပဏီများက ကြိုတင်ငွေဖြည့်ကဒ် ၇၂၀၀၀၀ နှင့် ၉၅၀၀၀ စီ အသီးသီး ရောင်းသွားမည်ဟုလည်း ဆိုသည်။
“လိုင်စင် အောင်မြင်သွားတဲ့ ကုမ္ပဏီ နှစ်ခုလုံးဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှာ တောရောမြို့ပါမကျန် သိပ်သည်းဆ ကောင်းတဲ့ကွန်ယက်တွေဖြန့်ကျက်ပြီး ထပ်တိုးတန်ဖိုးဝန်ဆောင်မှုတွေကို သက်သာတဲ့ဈေးနှုန်းနဲ့ ဝန်ဆောင် ပေးသွားကြမှာ ဖြစ်ပါတယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနက ပြောသည်။
Telenor ကုမ္ပဏီက ၎င်းအနေဖြင့် ဘဏ္ဍာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများကို အာရုံစိုက်လုပ် ဆောင်သွားမည်ဖြစ်ပြီး အစိုးရ၊ ပြည်သူ့ဝန်ဆောင်မှု၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဝက်ဆိုက်များကို အခမဲ့ဝန်ဆောင် ပေးသွားမည်ဟု ဆိုသည်။ ထို့နည်းတူ Ooredoo ကုမ္ပဏီ ကလည်း ဘဏ္ဍာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ ကို ကူညီပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးရေးထွက်ကုန်ဈေးနှုန်း၊ မိုးလေဝသအခြေအနေနှင့် စက်ပစ္စည်းငှားရမ်းမှု ဆိုင်ရာ ဝန်ဆောင်မှုများပါဝင်သည့် ဝက်ဆိုက်ကွန်ယက်တခုကို တည်ထောင်ပေးသွားမည်ဟု သိရသည်။
“အခု ရွေးချယ်ခံလိုက်ရတဲ့ လျှောက်ထားသူ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်နယ်နဲ့ တိုင်းဒေသ အသီးသီးမှာ ရှိတဲ့မြန်မာပြည်သူတွေ အကျိုးအမြတ်ရရှိဖို့ကို ထိထိရောက်ရောက် ပါဝင်ဆောင်ရွက် ပေးသွားကြမှာ ဖြစ်ပါတယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနက နိဂုံးချုပ် ပြောကြားလိုက်သည်။