ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ခဲ့သော မိတ္ထီလာမြို့တွင် တရုတ်နိုင်ငံထုတ် သေနတ်တလက် အပါအဝင် ပိုင်ရှင်မဲ့ သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးစခန်းတွင်း နေထိုင်လျှက်ရှိသော ဒေသခံတဦးက မိတ္ထီလာကန်တွင် ငါးဖမ်းရန် လာစဉ် ရတနာမာန်အောင် ရပ်ကွက်ပိုင် မိတ္ထီလာကန် ရေစပ်ရှိ ခြုံတခု၌ ကာဘိုင်သေနတ် တလက်နှင့် တရုတ်နိုင်ငံထုတ် တလုံးထိုးပြောင်းရှည် သေနတ် တလက်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မိတ္ထီလာ အမှတ် ၁ ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်တဦးက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
“ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းမှာ ဒေသခံတဦးက သတင်းပို့လို့ သွားကြည့်တော့ ခြုံထဲမှာ ပိုင်ရှင်မဲ့ သေနတ် ၂ လက်ကို တွေ့တယ်။ ဒါကြောင့် အထက်ကို တင်ပြထားတယ်။ ကျန်တာတော့ အသေးစိတ် စုံစမ်းနေတုံးပဲ။ အထက်က ဘာ ညွှန်ကြားချက် မှလည်း ပြန်မရသေးတော့ မပြောတတ်သေးဘူး” ဟု ၎င်းက ဆိုသည်။
အဆိုပါ လက်နက်များသည် လက်နက်အင်္ဂါစုံသော်လည်း ကျည်ဆံနှင့် ကျည်ဆံထည့်သည့် ကျည်ဘောက်များ မပါကြောင်း ၎င်းက ဆက်ပြောသည်။
လက်နက်များ တွေ့ရှိခဲ့ခြင်းကြောင့် စုံစမ်းစစ်ဆေးမှုကို ဆက်လက် လုပ်ကိုင်နေသော်လည်း အကြောင်းရင်းကို မပြောနိုင် သေးကြောင်း၊ ထိုသို့ လက်နက်တွေ့ရှိခဲ့သော်လည်း နယ်မြေ လုံခြုံရေးကို ယခင်အတိုင်း ဆောင်ရွက်လျှက် ရှိကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
“လုံခြုံရေးကို ပုံမှန်အတိုင်းပဲ ဆောင်ရွက်နေပါတယ်။ ရပ်ကွက်တွေမှာရော၊ ညပိုင်း လှည့်ကင်း လှည့်တဲ့ဆီမှာရော ဘာမှ ထွေထွေထူးထူး စီမံတာမျိုး မလုပ်ပါဘူး။ သက်ဆိုင်ရာ တွေကလည်း ဒီကိစ္စကို စုံစမ်းဆဲဆိုတော့ မပြောတတ် သေးပါဘူး” ဟု မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်က ရှင်းပြသည်။
အဆိုပါ လက်နက်များသည် လုံခြုံရေး ရဲတပ်ဖွဲ့၊ စစ်ဘက်ဆိုင်ရာတို့ ကိုင်ဆောင်သော သေနတ်မျိုး မဟုတ်သောကြောင့် မည်သည့်နေရာမှ လာသည်ကို မိတ္ထီလာခရိုင်အတွင်းမှ တာဝန်ရှိသူများ ဆက်လက် စုံစမ်းဆဲဖြစ်ကြောင်း၊ အဆိုပါ လက်နက်နှင့် ပက်သက်ပြီး မသင်္ကာသူများကိုလည်း လိုအပ်လျှင် ခေါ်ယူ စစ်ဆေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ရဲမှူး ဦးစိုးငြိမ်းက ဧရာဝတီသို့ ပြောသည်။
“မိတ္ထီလာမှာပဲ စစ်ဆေး နေတုန်းပါပဲ။ ကျနော်တို့က သူတို့ဘက်ကလာမှ ပြောလို့ရမယ်။ အခုကတော့ အဲဒီမှာပဲ စစ်နေတာ ဆိုတော့ တိတိကျကျတော့ မပြောနိုင်သေးဘူး” ဟု ၎င်းက ဆိုသည်။
အဆိုပါ သေနတ်များသည် ရွာများတွင် အမဲလိုက်လျှင် အသုံးပြုသော တူးမီး သေနတ်များနှင့် ဆင်တူကြောင်း၊ ဟိုးယခင် အချိန်များက နယ်ကျေးရွာများတွင် ကိုင်ဆောင်လေ့ ရှိသည်ကိုတွေ့ဖူးကြောင်း မိတ္ထီလာမြို့ အရှေ့ပိုင်းမှ ဒေသခံ ဦးရန်အောင်က ပြောသည်။
“မြို့မှာတော့ ထွေထွေထူးထူး ပြောင်းလဲတာမျိုးတော့ မရှိပါဘူး။ အရင်တိုင်းပါပဲ။ သေနတ်တွေ တွေ့တယ် ဆိုတာကြောင့် ဘာမှ အပြောင်းအလဲ မတွေ့သေးဘူး။ ဒေသခံတွေ အနေနဲ့ကလည်း အဲဒီအတွက် လှုပ်လှုပ်ရှားရှား ဖြစ်သွားတာမျိုး မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
မိတ္ထီလာမြို့သည် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ခဲ့သော နေရာများတွင် လက်နက်တွေ့ရှိသည့် ဒုတိယမြို့ဖြစ်ပြီး ရခိုင် ပြည်နယ် ကျောက်တော်မြို့တွင်လည်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက လူမျိုးစု ၂ ဘက် ထိပ်တိုင်တွေ့ကာ ပဋိပက္ခ ဖြစ်ပွားစဉ်က အခင်းဖြစ်ပွားရာ နေရာတွင် လက်လုပ် တူးမီးသေနတ် ၇၁ လက် သိမ်းဆည်း ရမိခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန် ထားချက်အရ သိရသည်။