မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ယခုနှစ်ကုန်ပိုင်းမှစ၍ ရှိတော့မည် မဟုတ်ကြောင်းနှင့် လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်တော့မည် ဖြစ်ကြောင်း လန်ဒန်ရောက် သမ္မတ ဦးသိန်းစိန်က ကတိပေး ပြောကြားလိုက်သည်။
“နိုင်ငံရေး အကျဉ်းသားဆိုတာ ဒီနှစ်ကုန်ပိုင်းမှာ ထောင်ထဲမှာတဦးတလေမှ ရှိတော့မှာမဟုတ်ဘူးလို့ ကျနော့်အနေနဲ့ ခင်ဗျား တို့ကိုကို အာမခံတယ်”ဟု ဦးသိန်းစိန်က ယမန်နေ့ကကျင်းပသော လန်ဒန်မြို့ရှိ Chatham House မြန်မာ့အရေး ဆွေးနွေးပွဲ၌ ပရိသတ်ကို ပြောကြားသည်။
ထို့အပြင် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအနေဖြင့် သေနတ်သံများ ချုပ်ငြိမ်းသွားတော့မည်ဖြစ်ပြီး တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ အားလုံးနှင့် တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကိုလည်း လာမည့် ရက်သတ္တပတ်များအတွင်း အမြန်ဆုံး ဖော်ဆောင်မည် ဖြစ်ကြောင်းလည်း ဦးသိန်းစိန်က ထပ်ဆင့် ပြောကြားသည်။
သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန်း အပါအဝင် ပြည်ထဲရေး ဝန်ကြီး မစ္စတာ ဖိလစ် ဟန်းမွန်၊ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဝန်ကြီး ဂျက်စတင်း ဂရင်းနင်းတို့နှင့် သီးသန့် တွေ့ဆုံပြီးနောက် ထိုကဲ့သို့ ပြောဆိုခြင်း ဖြစ် သည်။
လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး စသည့် မြန်မာ့နိုင်ငံရေး ပြဿနာများ ဖြေရှင်းရန်၊ နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးရန် အစဉ်တစိုက် တိုက်တွန်းနေချိန်၌ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးမည်ဟု သမ္မတ ဦးသိန်းစိန်က ကတိပေးပြောဆိုမှုအပေါ် ကြိုဆိုကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံ ရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီကို ပြောသည်။
“အခုလို သမ္မတ ဦးသိန်းစိန်က လူသိရှင်ကြား နိုင်ငံတကာမှာရော နိုင်ငံရေး အကျဉ်းသားအားလုံးကို ဒီနှစ် မကုန်ခင်မှာ လွှတ် ပေးမယ် ဆိုတဲ့ စကားကိုတော့ ကျနော်တို့ ပြောချင်တာက ဖြစ်သင့်တယ်၊ ကြိုဆိုတယ်။ ဒါပေမယ့် ဒီကိစ္စဟာ စကား အဖြစ် သာ မဟုတ်ဘဲ တကယ်ဖြစ်ဖို့ လိုတယ်”ဟု သူက ဆိုသည်။
မြန်မာနိုင်ငံတွင် ယခုအချိန်အထိ မတရားဖမ်းဆီးမှုများ ရှိနေသေးပြီး ထိုလုပ်ရပ်များလည်း အဆုံးသတ်သင့်ကြောင်း ဦးဘိုကြည် က ဆက်ပြောသည်။
ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက သမ္မတ ဦးသိန်းစိန်ကို ဇူလိုင် ၁၅ ရက်နေ့ နံနက်ပိုင်းက အမှတ် ၁၀ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးတွင် တွေ့ဆုံပြီး မြန်မာ့ပြုပြင်ပြောင်းလဲမှုကို ကြိုဆိုကြောင်း၊ ဗြိတိန်နှင့် မြန်မာ ၂ နိုင်ငံ အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စစ်ဘက်ရေးရာများ စသည်တို့ကို တိုးမြှင့် ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတိုးမြှင့်ရန်၊ စိုးရိမ်နေရသည့် လူနည်းစု မွတ်စလင် များအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှု၊ ဖိနှိပ်မှုများ အဆုံးသတ်ရေး၊ လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတစေရေး တို့အတွက်လည်း ဒေးဗစ် ကင်မရွန်းက တိုက်တွန်း ပြောကြားကြောင်း သိရသည်။
ဗြိတိန်နိုင်ငံရောက် သမ္မတ ဦးသိန်းစိန်က ဗြိတိန် ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန်းနှင့် တွေ့ဆုံဆွေးနွေးရာ၌ ပြည်တွင်း ပဋိပက္ခများ ဖြေရှင်းရာတွင် လိုအပ်သည့် အကူအညီများနှင့် စစ်ဘက်ဆိုင်ရာ သင်တန်းများပေးရန် ကမ်းလှမ်းမှုလည်း ပါဝင်ကြောင်း ဗြိတိန်အခြေစိုက် The Telegraph အွန်လိုင်း သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပိုမိုအားကောင်းစေရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေစဉ် စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်းသည် အရေးကြီးကြောင်း၊ လူမျိုးရေး ပဋိပက္ခများ ဖြေရှင်းရေး ကဏ္ဍများတွင် ဗြိတိန်အနေဖြင့် မြန်မာကို ရှေ့တန်းမှ ကူညီဆောင်ရွက် မည် ဖြစ်ကြောင်း၊ ထိုသို့ ကူညီဖြေရှင်းရန် ကိုလိုနီခေတ် သမိုင်းအတွေ့ အကြုံများကို အသုံးပြုသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရုံး တာဝန်ရှိသူ Hugo Swire ကပြောသည်။
မြန်မာ့တပ်မတော်နှင့် ရဲ လုံခြုံရေး တပ်ဖွဲ့များကို လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရာတွင် လူ့အခွင့်အရေး လေးစားသည့် အရည်အသွေးပြည့်မီသော နိုင်ငံတကာ အဆင့်မီ တပ်ဖွဲ့များဖြစ်ရေး ဗြိတိန် တပ်မတော်အနေဖြင့် စစ်သင်တန်း များပေးရန် လွန်ခဲ့သည့် လပိုင်းက မြန်မာနိုင်ငံကို အလည်အပတ်လာရောက်ခဲ့သော ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဆွေးနွေးပြောကြား ထားသည်။
မြန်မာနိုင်ငံကို လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဥရောပ သမဂ္ဂမှ စီးပွားရေး ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများ ပြုလုပ် ခဲ့ရာ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာသည့် အတွက် ဖြေလျှော့ ပလပ်မှုများ လုပ်ဆောင်ခဲ့ သော် လည်း စစ်လက်နက် ပစ္စည်းရောင်းဝယ်မှုကိုမူ ယခုအထိ ပိတ်ပင် တားဆီးထားဆဲဖြစ်သည်။
မြန်မာ့ တပ်မတော်သည် အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အခြေစိုက်ရာဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကျယ်ပြန့်စွာ ရှိနေသည်ဟု ဝေဖန်မှုများ ကျယ်ပြန့်နေချိန်တွင် ဗြိတိန်တပ်မတော်က မြန်မာ့ တပ်မတော်အား စစ် သင်တန်းပေးရန် အစီအစဉ် သတင်းများ ပေါ်ထွက်လာခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်ခရီးစဉ်ကို ဗြိတိန်ရှိ မြန်မာ့ အရေးလှုပ်ရှားနေကြသော အဖွဲ့များက ကန့်ကွက် ဆန္ဒပြမှုများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။
မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ယခုအထိ ရှိနေဆဲဖြစ်၍ မြန်မာစစ်တပ်များ ကချင်ပြည်နယ်မှ ဆုတ်ခွာ ပေး ရန်တောင်းဆိုခြင်း၊ လူနည်းစု မွတ်စလင်များအပေါ် မတရားပြုကျင့်နေမှုများကို ကန့်ကွက်ခြင်း၊ ကျန်ရှိ နိုင်ငံရေး အကျဉ်းသား များ အားလုံး လွှတ်ပေးရေး တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်သည် ယမန်နေ့ နံနက်ပိုင်းက တည်းခိုရာ Sofitel St.James Hotel ၌ Roll Royce ကုမ္ပဏီ ဥက္ကဋ္ဌ၊ Lioyds Insurance ကုမ္ပဏီ ဥက္ကဋ္ဌ၊ Jubilan Oil and Standard Life ကုမ္ပဏီ ဒါရိုက်တာ၊ Jardine Matheson ကုမ္ပဏီ ဒါရိုက်တာ၊ Bank of England ဒုတိယ ဥက္ကဋ္ဌ ဟောင်း၊ Diethelm ကုမ္ပဏီ ဥက္ကဋ္ဌ စသည့် ဗြိတိန် စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံကို ဗြိတိန်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရေး ဦးသိန်းစိန်က ဆွဲဆောင်ပြောကြားမှုများ ရှိကြောင်း ဗြိတိန်အခြေစိုက် သတင်းတချို့က ဖော်ပြသော်လည်း အသေးစိပ်ကိုမူ မသိရှိရပေ။
သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်ရောက် မြန်မာမိသားစုဝင်တချို့နှင့် တွေ့ဆုံရန်လည်း ရှိပြီး အဆိုပါတွေ့ဆုံမှုသည် လန်ဒန်ရှိ မြန်မာသံရုံးက လူရွေးဖိတ်ကြားမှုများ ရှိကြောင်း၊ ဗြိတိန်ရောက် ကချင်၊ ချင်း တိုင်းရင်းသားနှင့် မွတ်စလင် များကိုမူ ဖိတ်ကြားခြင်း မရှိကြောင်း မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ ဖြစ်သည့် ဘားမားကင်ပိန်း ယူကေ မှ တာဝန်ခံ မစ္စတာ မာ့ခ် ဖာမနာ က ဧရာဝတီ ကို ပြောသည်။
ဗြိတိန်အစိုးရ အနေဖြင့် မြန်မာကို ဆက်ဆံနေခြင်းသည် နိုင်ငံရေးအချိုးအကွေ့တခုအတွက် ဥရောပက မူဝါဒ အသစ်ချမှတ် ချဉ်းကပ်ခြင်းဖြစ်ကြောင်း၊ ဆီးရီယား လွတ်မြောက်ရေး စစ်တပ်ကို လက်နက် ကူညီရန် ဆုံးဖြတ်ထားသည့် ဗြိတိန်အစိုးရ အနေဖြင့် မြန်မာနှင့် စီးပွားရေး၊ နိုင်ငံရေး ပုံမှန်ဆက်ဆံခြင်းသည် မထူးဆန်းကြောင်း လန်ဒန်ရောက် နိုင်ငံရေး အကျဉ်းသား ဟောင်း ဦးခွန်ဆိုင်းက ပြောဆိုသည်။
ယမန်နေ့က သမ္မတ ဦးသိန်းစိန်သည် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ၁၉၄၇ ခုနှစ်က လွတ်လပ်ရေး အတွက် ဆွေးနွေးရန် လန်ဒန်သို့လာစဉ် တည်းခိုခဲ့သည့် ဟိုတယ်သို့ သွားရောက်လေ့လာခဲ့ကြောင်းလည်း သမ္မတ ပြောခွင့်ရ ဦးရဲထွဋ် က သူ၏ ဖေ့စ်ဘုတ်တွင် ဖော်ပြထားသည်။
သမ္မတ ဦးသိန်းစိန်သည် ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြင်သစ်နိုင်ငံသို့ ဆက်လက် ခရီးထွက်မည်ဖြစ်ပြီး လက်ယာစိုက်ပျိုးရေး ကဏ္ဍအပါအဝင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ လက်မှတ်ရေးထိုးမှုတချို့ လုပ်ဆောင်ရန် ရှိကြောင်း သိရသည်။