မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေးမှ လွဲ၍ စစ်ရေးဆက်သွယ်မှု အားလုံးဖြတ်တောက် ထား သည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ရောက်ရှိနေသော ဦးသိန်းစိန်က ဘီဘီစီသတင်းဌာနနှင့် ယမန်နေ့က သီးခြားတွေ့ဆုံစဉ် ထိုသို့ပြော ကြားခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန်အနေဖြင့် အမေရိကန်၊ ဗြိတိန် အပါအဝင် အနောက်နိုင်ငံများက စိုးရိမ်မကင်း ဖြစ်နေသည့် အတွက် မြောက် ကိုရီးယားနှင့် စစ်ရေး ဆက်ဆံရေး ကင်းရှင်းကြောင်း ထပ်မံကတိပေးရသည်ဟု ယူဆကြောင်း၊ ယခင် စစ်အစိုးရ လက် ထက် က လုပ်ဆောင်ချက်များကို ဆက်လက်ရှင်းလင်းနေရခြင်းဖြစ်ကြောင်း အမေရိကန်တွင် နိုင်ငံရေး ခိုလှုံခွင့် ယူထားသည့် စစ်ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဧရာဝတီကို ပြောသည်။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်က အကြွင်းအကျန်ဖြစ်တဲ့ ဇာတ်လမ်း(လုပ်ရပ်)တွေကို အခုထိ သူ ရှင်းနေရတုန်းပဲလို့ ကျနော် ထင်တယ်”ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။
လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က အမေရိကန်အစိုးရက ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးကို နာမည်ပျက် စာရင်းသွင်း၍ ပိတ်ဆို့ ဒဏ်ခတ်မှု ပြုလုပ်ပြီးနောက် ယခုကဲ့သို့ မြောက် ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှုကို ဖြတ်တောက်လိုက်ခြင်းဖြစ် သည်ဟုလည်း ဦးသိန်းစိန်က ဘီဘီစီကို ပြောသည်။
ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးကို ဒဏ်ခတ် အရေးယူရခြင်းမှာ မြောက်ကိုရီးယား နိုင်ငံမှ စစ်လက်နက် ပစ္စည်းများ မဝယ်ယူရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ တားမြစ်ချက်ကို ချိုးဖောက်သည့် အတွက် ဖြစ်ကြောင်း အမေရိကန်က ဆိုသည်။
ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးသည် တပ်မတော် ကာကွယ်ရေး စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ အကြီးအကဲတဦး ဖြစ် သည်။
ယမန်နှစ် စက်တင်ဘာလအတွင်း က ကုလသမဂ္ဂ အစည်းအဝေး တက်ရောက်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ သမ္မတ ဦးသိန်းစိန် သွားရောက်ခဲ့စဉ် ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးသည် အတူ လိုက်ပါပြီး မြောက်ကိုရီးယားနှင့်ပတ်သက်၍ အဆက် ဖြတ်မည်ဟု ကတိပေးသွားခဲ့သော်လည်း မရှင်းလင်းသေး၍ အမေရိကန်က ၎င်းအား နာမည်ပျက် စာရင်းသွင်းခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဦးအောင်လင်းထွဋ်က ပြောသည်။
မြန်မာအစိုးရက မြောက်ကိုရီးယား စစ်လက်နက် ပစ္စည်းများအတွက် ငွေပေးချေမှုများ ရှိထားကြောင်း၊ မြောက်ကိုရီးယားထံမှ စစ်လက်နက် ပစ္စည်း ရရန် လက်ကျန်လည်း ရှိနေသည်ဟု သိရှိထားကြောင်းလည်း ၎င်းက ဆိုသည်။
“မြောက်ကိုရီးယားနဲ့ပတ်သက်ပြီးတော့ သူတို့ စာရင်း မပြတ်သေးဘူးပေါ့လေ။ အဲဒါကို အမြန်ဆုံး ဖြတ်ပါ့မယ် ဆိုပြီးတော့ ပြီး ခဲ့တဲ့ နှစ် ယူအန်(ကုလသမဂ္ဂ အစည်းအဝေး) လာတက်တုန်းက ကတိကဝတ်ပေးသွားတယ်။ ဒါပေမယ့် အခုချိန်ထိပေါ့လေ ဆက်လုပ်နေဆဲ ဖြစ်တဲ့အတွက်ကြောင့်မို့ အမေရိကန်က သတိပေးတဲ့ သဘောပါပဲ”ဟု ဦးအောင်လင်းထွဋ်က ပြောဆိုသည်။
အမေရိကန်က ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံသားများနှင့် ငွေကြေးဆက်နွှယ် လွှဲပြောင်းခွင့် မရ စေရန်နှင့် အမေရိကန်၌ ပိုင်ဆိုင်မှုများရှိလျှင်လည်း အသွင်းအထုတ် ပြုလုပ်၍ မရစေရန် ကန့်သတ် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း ဂျာမနီ စစ်လက်နက်ပညာရှင်များ ပြန်သွားခဲ့ပြီးနောက် ၁၉၉၂ ခုနှစ်ခန့်မှ စတင်ပြီး မြောက်ကိုရီးယား ပညာရှင်များ ခေါ်ယူ၍ လက်နက်စက်ရုံများကို လည်ပတ်ခဲ့ရကြောင်း၊ နှစ်ပေါင်း ၂၀ ဝန်းကျင် မြောက် ကိုရီးယား အကူအညီဖြင့် လက်နက်စက်ရုံများ လည်ပတ်နေသည်ကို အချိန်တိုအတွင်း မြောက် ကိုရီးယားနှင့် စစ်ရေး ဆက်ဆံရေး အဆက်ဖြတ်ရန် ခက်ခဲကြောင်းလည်း ဦးအောင်လင်းထွဋ်က ရှင်းပြသည်။
“ဗိုလ်ချုပ် သန်းရွှေ လက်ထက်ကစပြီး မြောက်ကိုရီးယား နည်းပညာရှင်တွေကိုခေါ်ပြီးတော့မှ လက်နက်စက်ရုံတွေကို လည် ပတ်ရတာ။ နောက် Tunnel (ဥမင်လိုဏ်ခေါင်း)၊ နျူကလီးယား စီမံကိန်းတို့ကလည်း သူတို့နဲ့ လုပ်ထားတာတွေ၊ အခုမှ ကောက်ပြီးတော့မှ တနှစ်၊ ၂ နှစ် လောက်မှာ ဖြတ်ပါ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး”ဟု ဦးအောင်လင်းထွဋ် က ဆိုသည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလ အတွင်းက တပ်မတော် ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း(ယခု ပြည် သူ့ လွှတ်တော် ဥက္ကဌ)သည် တရုတ်နိုင်ငံမှ တဆင့် မြောက်ကိုရီးယား နိုင်ငံ ပြုံယမ်း မြို့တော် သို့ ၇ ရက်ကြာခရီး သွားရောက်ပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာတချို့ကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းခရီးစဉ်ကို ထိုစဉ်က လျှို့ဝှက် သွားရောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဦးအောင်လင်းထွဋ်က ဆက်လက်ပြီး“အမေရိကန်ရော၊ အင်္ဂလန်ရောကလည်း အခုချိန်ထိ ဟုတ်တိပတ်တိ စစ်ရေးအရ ထောက်ပံ့တဲ့ အနေအထားမျိုး ဘာမှ မရှိဘူး။ အဲဒါလည်း သူတို့ တွက်မယ်”ဟု ပြောဆိုသည်။
ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်းက သမ္မတ ဦးသိန်းစိန်နှင့် ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ဆုံစဉ် မြန်မာနိုင်ငံ တွင်း က လတ်တလောဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများအပေါ် လွန်စွာ စိုးရိမ်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆုံးသတ် ရေး အတွက် တိုက်တွန်း ပြောကြားခဲ့ပြီး မြန်မာ-ဗြိတိန် စစ်ရေး ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရန် လိုလားသည်ဟု ပြောဆို ထားသည်။
ဦးသိန်းစိန်နှင့် မစ္စတာ ဒေးဗစ်ကင်မရွန်းတို့၏ ဆွေးနွေးမှုတွင် မြန်မာ့တပ်မတော်အား နိုင်ငံတကာ အဆင့်မီ လူ့အခွင့် အရေး လေးစားသည့် တပ်မတော် ဖြစ်ရေး နှင့် ဗြိတိန်တပ်မတော်က စစ်သင်တန်းများ ပေးရန်ကိစ္စလည်း ပါဝင်ကြောင်း ဗြိတိန် သတင်းများက ဆိုသည်။
လွန်ခဲ့သည့် လကလည်း ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်တွင်လည်း မြန်မာ့တပ်မတော်ကို ဗြိတိန် တပ်မတော်က သင်တန်းများပေးရန် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း ဗြိတိန်ရှိ တက်ကြွလှုပ်ရှားသူများကလည်း မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့်ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြမှုများ လုပ်ဆောင်ကြပြီး အထူးသဖြင့် မကြာသေးမီက အကြမ်းဖက် တိုက်ခိုက်မှုများ၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများအပေါ် ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့သည်။
ဇူလိုင် ၁၅ ရက်က လန်ဒန်မြို့ Chatham House မြန်မာ့ အရေးဆွေးနွေးပွဲတွင် သမ္မတ ဦးသိန်းစိန်က“ကျနော့်အနေနဲ့ အကြမ်းဖက်မှုတွေ၊ လူမျိုးရေးနဲ့ ဘာသာရေး မုန်းတီးမှုတွေ ပေါ်ပေါက်အောင် သွေးထိုးလှုံ့ဆော်သူ မည်သူ့ကို မဆို လုံး၀ သည်းခံ ခွင့်လွှတ်သွားမှာ မဟုတ်ဘူးဆိုတဲ့ မူဝါဒကို ဆက်လက်ကျင့်သုံး သွားမှာဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောဆိုထား သည်။
ဦးသိန်းစိန်သည် ယနေ့တွင် ပြင်သစ်နိုင်ငံသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ရာ ပြင်သစ် အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအသင်း(RSF) ကလည်း ယခင် စစ်အစိုးရ လက်ထက် စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ ရသည့် ဂျပန်သတင်းထောက် ကန်ဂျီး နာဂါအိ အပါအဝင် သတင်းထောက် ၆ ဦးအတွက် စုံးစမ်းရေး ကော်မရှင်ဖွဲ့ကာ ဖော် ထုတ် အရေးယူပေးရန် ယမန်နေ့က တိုက်တွန်းထားသည်။