အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ကချင်ပြည်နယ် တာဝန်ခံ ဒေါ်ဘောက်ဂျာကို မြစ်ကြီးနားမြို့ ရဲတပ်ဖွဲ့က မနေ့ ညနေပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားကြောင်း ဒေါ်ဘောက်ဂျာရဲ့ ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။
ဒေါ်ဘောက်ဂျာကို ကချင်ပြည်နယ် ကားမိုင်းမြို့နယ် ဒေသခံတဦးနဲ့ ရဲအရာရှိနှစ်ဦးက တရားလိုအဖြစ် ပြုလုပ်ပြီး ဖားကန့်မြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ လူသေစေမှု ပုဒ်မ ၃၀၄ (က)၊ မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်းများ ကိုင်ဆောင်မှု ဆေးကောင်စီ အက်ဥပဒေ ပုဒ်မ ၄၁၊ လိုင်စင်မရှိဘဲ ဆေးဝါးများ ကိုင်ဆောင်မှု ပုဒ်မ ၃၃ တို့နဲ့ စွဲဆိုထားတာလို့ သိရပါတယ်။
“ဒေါ်ဘောက်ဂျာ မောင်တွေ၊ ညီမတွေက ဆရာဝန်တွေ၊ Nurse မတွေ ရှိတယ်ခင်ဗျ။ သူတို့ရွာဘက်တွေမှာ တောသူတောင်သား တွေအတွက် ဆရာဝန်တွေ မရှိတဲ့အခါမှာ၊ ဆေးဝါးတွေ ကုသတယ်လို့ သိရပါတယ်။ အဲဒီမှာ စွပ်စွဲထားတာက ဒေါ်ဘောက်ဂျာ ဆေးကုပေးလိုက်တဲ့ လူတယောက်က လွန်ခဲ့တဲ့ တနှစ်ကျော်က သေသွားတဲ့အတွက် ဒေါ်ဘောက်ဂျာကို တရားစွဲတာလို့ သိရတယ်” လို့ ရှေ့နေ ဦးမြင့်သွင်က ဧရာဝတီကို ရှင်းပြပါတယ်။
ဒေါ်ဘောက်ဂျာ အမှုရုံးချိန်းရက်ကို ဖားကန့်မြို့နယ် တရားရုံးမှာ ဒီလ ၂၃ ရက်နေ့ကို ချိန်းဆိုထားကြောင်း သိရပါတယ်။ ပုဒ်မ ၃၀၄ (က) ပုဒ်မ ၃၀၄ (က) တခုတည်းမှာပဲ ထောင်ဒဏ် ၇ နှစ်ကနေ ၁၀ နှစ်အထိ ချက်မှတ်နိုင်တယ်လို့ ဥပဒေအရာရှိတွေ ထံကနေ စုံစမ်းသိရှိရပါတယ်။
ဒေါ်ဘောက်ဂျာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မှန်ကန်တဲ့ တရားစီရင်ရေး ဖြစ်ဖို့အတွက် NDF ပါတီကလည်း အစွမ်းကုန် ကြိုးစားသွားမှာဖြစ်ပြီး လိုအပ်လျှင် နေပြည်တော်မှာရှိတဲ့ ဝန်ကြီးတွေနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် တို့ကိုပါ စာပို့ အကြောင်းကြား သွားမယ်လို့ NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။
“ဒီကိစ္စကတော့ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ဖြစ်ခဲ့တဲ့ အဖြစ်ဟောင်းတွေကို ပြန်ကိုင်တဲ့ သဘောပါပ။၊ ဒါလည်း အမှုက ပိတ်ပြီးနေပြီ။ တရားလိုဖြစ်တဲ့ လူကတောင်မှ ပိတ်ဖို့အတွက် တင်ပြီးပြီ။ အဲဒါ ဘာကြောင့် ပြန်ပေါ်လာလဲ ဆိုတာတော့ ကျနော်တို့ဘက်က မန္တလေးက ရှေ့နေ ဦးမြင့်သွင် ကိုင်ပါတယ်” လို့ ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောပါတယ်။
ဒေါ်ဘောက်ဂျာဟာ NDF ပါတီအတွက် မြစ်ကြီးနားမြို့နယ်ရဲ့ အားထားရတဲ့ ခေါင်းဆောင်တဦးဖြစ်တယ်လို့ NDF လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။
ဒေါ်ဘောက်ဂျာကို မနေ့ကညနေ ၅ နာရီခွဲမှာ မြစ်ကြီးနားမြို့နယ် အမှတ် (၁) နှင့် အမှတ် (၂) ရဲစခန်း ၂ ခုက ပူးပေါင်း ရဲတပ်ဖွဲ့ဝင်တွေက လာရောက် ခေါ်ဆောင်သွားပြီး ကားမိုင်းကတဆင့် ဒီကနေ့မှာ ဖားကန့်မြို့ကို ပို့ဆောင်လိုက်တာလို့ သိရပါတယ်။
ဖမ်းဆီးမှု အသေးစိတ်နဲ့ ပတ်သက်ပြီး ဧရာဝတီက သက်ဆိုင်ရာ ရဲစခန်းနဲ့ မြို့နယ်မှူး၊ စခန်းမှူးတွေကို ဆက်သွယ် မေးမြန်းတဲ့အခါ ဖမ်းဆီးခဲ့ကြောင်းကို အတည်ပြုပြောကြားပေမယ့် အသေးစိပ်ဖြေဆိုခြင်းတော့ မရှိပါဘူး။
ဒေါ်ဘောက်ဂျာဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ဖားကန့်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူ့ရဲ့ပြိုင်ဘက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) က အငြိမ်းစား ဗိုလ်ချုပ်ဟောင်း သမဝါယမ ဝန်ကြီး ဦးအုန်းမြင့်က အနိုင်ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲ အပြီးမှာ ဦးအုန်းမြင့်ကို မဲလိမ်မှုနဲ့ ရွေးကောက်ပွဲခုံရုံးကို တိုင်းတန်းခဲ့ပါသေးတယ်။
ရွေးကောက်ပွဲကာလအပြီးမှာ ဒေသတွင်း မြစ်ဆုံစီမံကိန်း ရပ်စဲရေး ပညာပေးလှုံ့ဆော်မှု၊ အစိုးရ စစ်တပ်ရဲ့ ဒေသတွင်း လူအခွင့်အရေး ချိုးဖောက်မှု၊ ယုဇန ကုမ္ပဏီက လယ်ယာမြေသိမ်းမှု အပါအဝင် အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို ကူညီဆောင်ရွက်ခဲ့တဲ့ သတင်းမှတ်တမ်းတွေလည်း ရှိထားသူပါ။
၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုတွေကို အားပေးတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က လူရွှင်တော် ဇာဂနာ (ဦးသူရ)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဒေါ်ခင်သန်းမြင့် တို့နဲ့ အတူ ဒေါ်ဘောက်ဂျာကို ဝါရှင်တန် ဒီစီမြို့ နိုင်ငံခြားရေးဌာနမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။