ရန်ကုန်မြို့က အငှားယာဉ်မောင်းတွေကို စည်းကမ်းစနစ်တကျ သင်တန်းပေးတန်ပေး၊ ကြပ်မတ်တန် ကြပ်မတ်ဖို့လိုနေပြီလို့ ခရီးသွားတွေက ပြောဆိုလာနေပါပြီ။ ဒါကို ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အာဏာပိုင်တွေက တာဝန်ရှောင်နေကြပေမယ့် ပုဂ္ဂလိက အငှားယာဉ်ကုမ္ပဏီ တချို့က စပြီး ပြင်ဆင်လုပ်ဆောင်လာနေပါတယ်။
“မြန်မာပြည်က ယာဉ်မောင်းတွေက ရိုင်းစိုင်းကြတာ များတယ်လေ။ ဒါကြောင့် ယာဉ်မောင်းတွေရဲ့ စိတ်ဓာတ်ကို ပြင်ဆင်လာနိုင်အောင် လစဉ် အစည်းအဝေးထိုင်တယ်။ သင်တန်းတွေ၊ ဟောပြောပွဲတွေလည်းလုပ်ဖြစ်တယ်။ အဓိက က ယာဉ်မောင်းတွေရဲ့ စိတ်ဓာတ်တွေကို ပြင်ဆင်နိုင်အောင်လို့ပါ” လို့ ရောင်နီဦး ကုမ္ပဏီ အငှားယာဉ်ဌာန မန်နေဂျာ ဦးကြည်စိုးက ဧရာဝတီကို ပြောပါတယ်။
ရောင်နီဦးကုမ္ပဏီက ၂၀၁၃ ဖေဖော်ဝါရီလ မှာ စတင်ပြီးတော့ အငှားယာဉ်အစီးရေ ၁၀၀ ကို မြို့တွင်းမှာ ဝန်ဆောင်မှုကောင်းကောင်းနဲ့ ပြေးဆွဲနေတာ လက်ရှိအချိန်ထိပါပဲ။ အဲဒီကုမ္ပဏီရဲ့ အငှားယာဉ်ဝန်ဆောင်မှုက ရေသန့်ဗူး၊ အဲကွန်း အပြင် ယာဉ်စီးခ နှုန်းထားကလည်း သင့်တင့်တာကြောင့် စီးနင်းသူအများစုက သဘောကျတယ်လို့ သိရပါတယ်။
ကုမ္ပဏီက ယာဉ်ပြင်ဆင်စရိတ်နဲ့ ရေသန့်ဗူးဝန်ဆောင်မှုစရိတ်တွေကို ကုန်ကျခံပေးပြီး ယာဉ်မောင်းတွေကို တရက် ၁၃၀၀၀ ကျပ်ကုမ္ပဏီပြန်သွင်းစေပြီး အုံနာသဘောမျိုး ဆောင်ရွက်ထားတာလို့ သိရပါတယ်။
“ကျနော်တို့ ရဲ့ ယာဉ်မောင်းတွေအနေနဲ့ ခရီးသည်တွေကို ယဉ်ကျေးစွာဆက်ဆံဖို့ စည်းကမ်းသတ်မှတ်ထားတယ်။ ခရီးသည်က တိုင်ကြားရင် စစ်ဆေးပြီးတော့ ပထမအကြိမ် သတိပေးတယ်။ နောက်တခါဆိုရင် ကားသိမ်းတယ်”လို့ ဦးကြည်စိုးက ရှင်းပြပါတယ်။
ဒီလို လုပ်ဆောင်သင့်တာဟာ အငှားယာဉ်မောင်း တွေက စီးနင်းတဲ့ ခရီးသည်တွေအပေါ် ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံမှုတွေ၊ ယာဉ်စီးခ ပိုတောင်း တာတွေ၊ ပစ္စည်းလုပြေးတဲ့ ဖြစ်စဉ်တွေ ခဏခဏ ဖြစ်လာနေလို့ပါ။
ကြုံတွေ့ကြတဲ့ ခရီးသည်အများစုက အငှားယာဉ်မောင်းတွေကို ကြီးကြပ်ထားတဲ့ နေရာ၊ တိုင်ကြားဖို့ နေရာ သပ်သပ်မရှိတာ၊ အရေးယူလိုက်တယ်ဆိုတဲ့ အဖြစ်အပျက်မျိုးလည်း နည်းတာကြောင့် မတိုင်ဖြစ်ဘဲ ငြိမ်ခံနေကြရတယ်လို့ ဆိုပါတယ်။
“တက္ကစီသမားက ကျမကို အိမ်ထောင်ရှိလားမေးတယ်။ ရှိတယ်ပြောတော့ ထိကပါး ရိကပါးလုပ်တယ်။ ကားကို ပြောထားတဲ့အတိုင်း မောင်းရမယ့်အစား အမှောင်ဘက်ခြမ်း ကိုမောင်းတယ်။ ဒါနဲ့ ကျမလည်း ရဲစခန်းနဲ့ သူငယ်ချင်းတွေဆီကို ဖုန်းဆက်ချင်ယောင်ဆောင်တော့မှ အဲဒီယာဉ်မောင်းက ကျမကို ထားခဲ့ပြီး ကားမောင်းထွက်သွားတယ်။ ဒါပေမယ့် အဲဒီကားကို ဓာတ်ပုံရိုက်ဖို့ အချိန်မရလိုက်ဘူး။ ဒါက ကျမအတွက် သင်ခန်းစာကြီးတခုဖြစ်မယ်”လို့ ဂျက်ဆီကာ ဆိုတဲ့ နိုင်ငံခြားသူအမျိုးသမီးက အငှားယာဉ်စီးရင်း ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်ကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘုတ်ပေါ်မှာ ရှင်းပြထားတာ တွေ့ရပါတယ်။
တချို့ အငှားယာဉ်မောင်းတွေက သူတို့ရဲ့ ကားပေါ်မှာ ပါတဲ့ တီဗွီမှာ လိင်အသားပေးကားတွေကို အမြင်မသင့်အောင် ပြတာမျိုး၊ အငှားယာဉ်ကို ရပ်နားထားတုန်း ယာဉ်မောင်းက တကိုယ်တော် လိင်စိတ်ဖြေတဲ့ အပြုအမှုတွေ လုပ်နေတာမျိုးလည်း ကြုံဖူးကြောင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်ဘက်မှာ တက္ကစီသမားတွေက လူတချို့နဲ့ပေါင်းပြီး လမ်းသွား လမ်းလာတွေကို လုတာမျိုး၊ နှောင့်ယှက်တာမျိုးလည်း ရှိနေတယ်လို့ ကြုံတွေ့ဖူးတဲ့ ခရီးသည်တွေထံက သိရပါတယ်။
“ တက္ကစီသမားအချင်းချင်း ရန်ဖြစ်တော့ ကိုယ်က ကားပေါ်က ဆင်းပြေးရဖူးတယ်။ တချိန်လုံး သူတို့အချင်းချင်း မကျေနပ်လို့ ဆဲဆိုသမျှလည်း ငှားစီးတဲ့နေရာ မရောက်မချင်း နားထောင်ခဲ့ရသေးတယ်။ ဒါမျိုးက ခရီးသည်တွေ ပါလာတဲ့ အခါမှာတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်၊ စိတ်အနှောင့်အယှက်ဖြစ်စေတယ်လေ”လို့ ရုံးဝန်ထမ်းတဦးဖြစ်တဲ့ ကိုရဲလင်း က ပြောပြပါတယ်။
တက္ကစီမောင်းတဲ့သူတွေက ဆေးလိပ်မသောက်ရ၊ ကွမ်းမစားရ စာတန်းတွေ ကားပေါ်မှာ ကပ်ထားပေမဲ့ သူတို့ကိုယ်တိုင်က စည်းကမ်းမလိုက်နာတာတွေ့ရကြောင်း၊ နှစ်ဦးနှစ်ဖက် သဘောတူလို့ ငှားပြီးမှ ကားသမားက လမ်းကျဉ်း၊ လမ်းကြမ်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ငှားထားတဲ့နေရာအထိ မပို့ပေးချင်တာတွေကလည်း မဖြစ်သင့်ဘူးလို့ ကိုရဲလင်းက ပြောပါသေးတယ်။
ဇွန်လအတွင်းကလည်း အောင်မင်္ဂလာအဝေးပြေးကွင်းမှာ သံဃာတော်တွေ ငှားစီးလာတဲ့တက္ကစီက ကားပျက်လို့ ဆင်းတွန်းခိုင်းပြီး သံဃာတော်တွေရဲ့ ပစ္စည်းတွေကို ယူဆောင် ထွက်ပြေးသွားတာမျိုးလည်း ဖြစ်ခဲ့ပါသေးတယ်။
“ တက္ကစီ ဝန်ဆောင်မှု ကုမ္ပဏီတွေအများကြီး ရှိလာသင့်တယ်။ အခုဖြစ်နေတာက တက္ကစီမောင်းတဲ့သူတွေက ခရီးသည်ကို ဝန်ဆောင်မှုပေးတယ် လို့ ခံယူပုံ မရဘူး။ ဒါကြောင့် သူတို့ ဆက်ဆံချင်သလို ဆက်ဆံနေကြတာပေါ့” လို့ နေ့စဉ်အလုပ်ကိစ္စနဲ့ ခရီးသွားလာနေသူ မလွင်လွင်ကလည်း သုံးသပ်ပါတယ်။
သြစတြေးလျ အပါအဝင် နိုင်ငံတချို့မှာတော့ အငှားယာဉ်မောင်းတွေဟာ ပြစ်မှုကင်းရှင်းမှု ရှိမရှိ ဆိုတဲ့ နောက်ကြောင်းကို စုံစမ်းပြီးမှသာ ယာဉ်မောင်းနှင်ခွင့်ပေးတယ်လို့ မြန်မာနိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ သြစတြေးလျ နိုင်ငံသား စတိဗ်က ပြောပြပါတယ်။
ရန်ကုန်မြို့ရဲ့ City Taxi တွေကိုတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူအုပ်ချုပ်နေပါတယ်။ ဒါပေမယ့် အငှားယာဉ်တွေနဲ့ ပတ်သက်ပြီးတော့ တိုင်ကြားမှုမျိုး တခါမှ စည်ပင်ကော်မတီကို မရောက်သေးဘူးလို့ သိရပါတယ်။
“ အငှားယာဉ်တွေနဲ့ ပတ်သက်ပြီး တိုင်မယ်ဆိုရင် စာနဲ့ပဲ တိုင်လို့ရမယ်။ ဖုန်းနဲ့တိုင်ချက်ကျတော့ အထောက်အထား မခိုင်လုံတာဖြစ်နိုင်တယ်။ တိုင်စာရရင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီကို ဆက်လုပ်ရမယ့်ကိစ္စ တင်ပြတယ်။ ပြီးမှ သက်ဆိုင်ရာကိုလွှဲတယ်”လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာ ဒု-ဌာနမှူး ဦးညီညီဦးက ရှင်းပြပါတယ်။
အငှားယာဉ်မောင်းတွေနဲ့ ပတ်သက်ပြီးတော့ တိုင်ချက်ဖွွင့်ချင်တယ်ဆိုရင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ကိုင်တွယ်ထားတယ်လို့ စည်ပင်ကော်မတီက ပြောပေမယ့် ယာဉ်ထိန်းက အငှားယာဉ်တွေရဲ့ ကိစ္စတွေကို မကိုင်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းမှု ကြီးကြပ်မှုကော်မတီ ဒု-ရဲမှူးကြီး ဦးသာဌေးက ဆိုပါတယ်။
“ တက္ကစီတွေကို ကိုင်တွယ်ထိန်းချုပ်တဲ့ ဌာနက ရှိကို မရှိသေးတာ၊ အစကတော့ မထသကပဲ ကိုင်တွယ်မလို လုပ်ပြီးမှ ခု မလုပ်ဖြစ်ပြန်ဘူး”လို့ သူက ဆိုပါတယ်။
City Taxi တွေကို တာဝန်ယူကိုင်တွယ်နေတဲ့ စည်ပင်ကော်မတီကတော့ အငှားယာဉ်တွေနဲ့ ပတ်သက်ပြီး မှတ်ပုံတင်တာကိုပဲ အဓိက လုပ်ပေးနေတာဖြစ်ကြောင်း၊ စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီး တိုင်ကြားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
မကြာခင်မှာတော့ အငှားယာဉ်တွေနဲ့ပတ်သက်တဲ့ တက္ကစီကြီးကြပ်ရေး အသင်းအဖဲွဲ့ တခုကို ယာဉ်ပိုင်ရှင်တွေနဲ့ ဖွဲ့စည်းဖို့ ဆောင်ရွက်နေတာတော့ရှိတယ်လို့ စည်ပင်က စီမံရေးရာဌာန ဒု-ဌာနမှူး ဦးညီညီဦးက ရှင်းပြပါတယ်။
လက်ရှိ စည်ပင်ကော်မတီမှာ မှတ်ပုံတင်ထားတဲ့ အငှားယာဉ် စုစုပေါင်းနှစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အငှားယာဉ်အချို့မှာ နာမည်ဘုတ်တွေ တပ်မထားတာ၊ ယာဉ်မောင်း နာမည်မှားနေတာ၊ မောင်းတဲ့သူနဲ့ နာမည်ဘုတ်က လူမတူတာမျိုးတွေလည်း ရှိနေသလို ကားငှားတဲ့အခါမှာ သူလိုချင်တဲ့ ခရီးဈေးနှုန်းမပေးလို့ ဆဲဆိုသွားတဲ့ ယာဉ်မောင်းတွေ များလာနေတာကြောင့် အငှားယာဉ်တွေကို စည်းကမ်းထိန်းသိမ်းဖို့ လိုနေပြီဆိုတာ အသေအချာပါပဲ။