အစိုးရဝန်ကြီးဌာနများက အသုံးစရိတ် ဘတ်ဂျက် ငွေစာရင်းများ တင်ပြ တောင်းခံရာတွင် မှားယွင်းမှု၊ လိုအပ်သည်ထက် ပိုမို ငွေတောင်းခံမှု၊ ပိုလျှံငွေများကို အချိန်မီ ပြန်လည် မပေးသွင်းမှုများကို အရေးယူဆောင်ရွက်ရန် အထူး လိုအပ်လျက် ရှိပြီး ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အရေးယူနိုင်မည့် နည်းလမ်းများ ရှာဖွေ နေကြောင်း သတင်းရရှိသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်က ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် နိုင်ငံတော် အရအသုံးစာရင်းအပေါ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတရပ် ပြည်ထောင်စု လွှတ်တော်သို့ ဇူလိုင်လဆန်းပိုင်းတွင် တင်ပြလာခဲ့ပြီး ယင်း တင်ပြချက်တွင် အစိုးရဝန်ကြီးဌာနများ၏ ငွေစာရင်းမှားယွင်းမှု၊ လိုအပ်သည်ထက် ပိုမို ငွေတောင်းခံမှု၊ ပိုလျှံငွေများကို သတ်မှတ်ရက်အတိုင်း ပြန်လည် အပ်နှံခြင်းမပြုဘဲ နောက်ကျ အပ်နှံမှုများရှိကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မြို့ စည်ပင်သာယာရေးအဖွဲ့၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ နှင့် အစိုးရဝန်ကြီးဌာနများလက်အောက်ရှိ ဗဟိုအဖွဲ့အစည်းများ၏ ရငွေ၊ သုံးငွေများကို မစစ်ဆေးနိုင်ခဲ့ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ပြည်သူ့ဘဏ္ဍာငွေ ရသုံးစာရင်းများနှင့် ပတ်သက်ပြီး အစိုးရ ဝန်ကြီးဌာနများ၏ စည်းစနစ် မကျမှုတို့ကြောင့် မမှန်မကန် ဆောင်ရွက်မှု၊ အလွဲသုံးမှု၊ စာရင်းလွဲမှားဖော်ပြမှု ဖြစ်ပေါ်စေနိုင်သည့်အပြင် ပြည်သူ့ဘဏ္ဍာငွေ လိုအပ်ချက်များကို ဖြစ်ပေါ်စေသောကြောင့် အစိုးရက လိုအပ်သလို ပြုပြင်ပြောင်းလဲရမည် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲသည့်အတိုင်း လိုက်နာဆောင်ရွက်ရေး ကြပ်မတ်ကွပ်ကဲရန် နှင့် စီမံခန့်ခွဲမှုရေး နည်းလမ်းများနှင့်အညီ အရေးယူရန် အထူးလိုအပ်သည်ဟု လွှတ်တော်ပြည်သူ့ ငွေစာရင်းကော်မတီက တိုက်တွန်းလိုက်ပြီး လွှတ်တော်အနေဖြင့် ဘတ်ဂျက်ငွေစာရင်း မှားယွင်း ဖော်ပြသော အစိုးရဝန်ကြီးဌာနများကို အရေးယူနိုင်သော စည်းမျဉ်း၊ စည်ကမ်းနှင့် ဥပဒေများ ထုတ်ပြန်ရေး ဆွေးနွေးမှုများရှိနေကြောင်း လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဆိုသည်။
“အစီရင်ခံစာမှာ ဝန်ကြီးဌာနတွေကို အရေးယူပေးဖို့ အစိုးရကိုတိုက်တွန်းထားတယ်။ ကျနော်တို့ လွှတ်တော်ဘက်ကလည်း အရေးယူလို့ရမယ့် နည်းလမ်းတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးနေကြတယ်။ ဆိုလိုတာက စာရင်းစစ်ချုပ်ရုံးက အခုနောက်ပိုင်း အားလုံးပြေလည်သွားပြီဆိုပြီး တင်ပြနေတယ်။ ဦးလွန်းမောင် (ယခင် စာရင်းစစ်ချုပ်ဟောင်း) တုန်းက ဘာဖြစ်တယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာ ကို ထောက်ပြတယ်။ အခု စာရင်းစစ်ချုပ်အသစ်က အဲလိုမဟုတ်ဘူး။ သိပ်ပြီး သဘော မကျဘူး။ စာရင်းစစ်က ပြေလည်ပါတယ်ဆိုတိုင်း ပြီးသွားမှာလား။ ဒါဆိုရင် ပြည်သူ့ငွေစာရင်း ကော်မတီဆိုတာ ထားဖို့ မလိုတော့ဘူး။ ကျနော်တို့က စာရင်းစစ်ချုပ် စစ်ဆေးဖို့ လိုတာတွေကို ထောက်ပြဖို့ နည်းလမ်းတွေရှာနေကြတယ်။ အစိုးရပိုင်းက အရေးယူဖို့ တိုက်တွန်းထားသလို လွှတ်တော်ဘက်ကလည်း စည်းမျဉ်း၊ စည်းကမ်း ဥပဒေတွေ ထုတ်တာတွေရှိလာမယ်” ဟု ဦးလှဆွေက ဆိုသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာန ၂၂ ခုသည် ခွင့်ပြုထားသည့် ဘတ်ဂျက်ငွေများအနက်မှ သုံးမကုန် ပိုလျှံသော ငွေကျပ်သန်းပေါင်း ၇၁၂၅၇ ကို အချိန်မီ ပြန်လည် မပေးသွင်းခဲ့သည့်အပြင် ဝန်ကြီးဌာန လက်အောက်ရှိ ဗဟိုအဖွဲ့အစည်း ၅ ခုကလည်း ပိုလျှံငွေ ကျပ်သန်းပေါင်း ၄၂၄၇ သန်းကို သတ်မှတ်ချိန်ထက် အလွန်နောက်ကျ အပ်နှံခဲ့ ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့သစ်လုပ်ငန်း၊ ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့စီးပွားရေး ဘဏ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ရှိ အမှတ် ၁ သတ္တုတွင်းလုပ်ငန်း၊ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်လုပ်ငန်း၊ မြန်မာ့ပုလဲလုပ်ငန်း၊ မြန်မာ့ဆားလုပ်ငန်း၊ စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်း အပါအဝင် ဝန်ကြီးဌာန ၁၁ ခုလက်အောက်ရှိ နိုင်ငံတော် စီးပွားရေးအဖွဲ့အစည်း ၂၀ ခုသည် စာရင်း ကွဲလွဲ ဖော်ပြမှုများ ရှိနေသည်ဟု စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်ကမူ လွှတ်တော်၏ အဓိက လုပ်ငန်းတာဝန်များတွင် မလိုအပ်ဘဲ ပြည်သူ့ဘဏ္ဍာငွေများ မဖြုန်းတီးရေးဆိုသော အရေးကြီးသော လုပ်ငန်းတာဝန်တရပ် ပါဝင် နေသည့် အတွက် ဥပဒေပြုရေး နည်းလမ်းပိုင်းမှ ထိန်းသိမ်းလုပ်ဆောင်သင့်သည်များကို လုပ်ဆောင်လျက်ရှိကြောင်း ပြောသည်။
“စာရင်းစစ်ချုပ်ဥပဒေကို လွှတ်တော်ကနေ ပြင်ခဲ့တယ်။ အဲဒီဥပဒေကို ပြင်ခဲ့တဲ့အဓိက အကြောင်းက စာရင်းစစ်ချုပ်က သမ္မတက ခန့်အပ်တာဖြစ်ပေမယ့် စာရင်းစစ်ချုပ်အနေနဲ့ စစ်ထားတဲ့စာရင်းတွေကို သမ္မတဆီ တင်တာနဲ့ တပြိုင်နက် လွှတ်တော်ကိုလည်း တင်ပြရမယ်ဆိုတဲ့ အချက်ကို လွှတ်တော်က ပြင်ခဲ့တာ။ အဲဒီဥပဒေကို ပြင်တာကို သမ္မတက သဘောမတူလို့ ဥပဒေမှာ လက်မှတ်မထိုးပေးခဲ့ဘူး။ ဒါပေမယ့် ဥပဒေက အတည်ပြုနိုင်ခဲ့တယ်။ ဆိုလိုတာက လွှတ်တော်ရဲ့ တာဝန်က ပြည်သူ့ဘဏ္ဍာမဖြုန်းတီးအောင် လုပ်ဆောင်သင့်တာကို လုပ်ရမှာပဲ” ဟု ဦးကြည်မြင့်က ရှင်းပြသည်။
ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဘောဂဗေဒဌာန၊ အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးက ယခင်စစ်အစိုးရ လက်ထက်က ပြည်သူ့ဘဏ္ဍာငွေများကို အတိုင်းအဆမရှိ သုံးစွဲခဲ့သော်လည်း လက်ရှိအခြေအနေတွင်မူ မလိုအပ်သော ဘဏ္ဍာငွေ သုံးစွဲမှုများကို ဟန့်တားနိုင်သည့် စည်းမျဉ်း၊ စည်းကမ်းများ ထုတ်ပြန်သင့်သည်ဟု သုံးသပ်ပြောဆိုသည်။
“မလိုအပ်ဘဲ ဘဏ္ဍာငွေ တောင်းတာ၊ သုံးစွဲတာမျိုးတွေကို ထိထိရောက်ရောက် အရေးယူမယ့် စည်းမျဉ်း စည်းကမ်းတွေ လိုအပ်သလို စံပြ အရေးယူမှုတွေ လုပ်ပေးရမယ်။ ဒါက မဖြစ်မနေ လုပ်ဖို့ လိုတယ်။ ဟိုတုန်းက ဖြစ်ခဲ့တာတွေကို နမူနာ ယူပြီး အခုခေတ်အခြေအနေမှာ ပြောင်းလဲသင့်တယ်။ ပြောသာပြောရတာ အခု လွှတ်တော်ထဲက ပုဂ္ဂိုလ်တွေဆိုတာလည်း ဟိုအရင်ခေတ်က ဝန်ကြီးတွေ၊ ထိပ်တန်းခေါင်းဆောင်တွေ ဖြစ်ခဲ့တဲ့သူတွေချည်းပဲ။ အဲဒီတော့ တယောက်နဲ့ တယောက် အပြစ်တင်နေမယ့်အစား လက်တွေ့အခြေအနေမှာ မဖြစ်ေအောင် လုပ်ကြမယ်ဆိုတဲ့ စိတ်ဓာတ်တွေ အရမ်းလိုအပ်နေတယ်” ဟု ဒေါက်တာမောင်မောင်စိုးက ဆိုသည်။
၂၀၁၂ ခုနှစ်အတွင်းက လွှတ်တော်သို့ သမ္မတ၏ ခွင့်ပြုချက်မရဘဲ ဝန်ကြီးဌာနများ၏ ဘဏ္ဍာငွေအလွဲသုံးစားမှု အစီရင်ခံစာ တရပ် ပေးပို့ခဲ့မှုကြောင့် သမ္မတဦးသိန်းစိန်က ပြည်ထောင်စုစာရင်းစစ်ချုပ်ဟောင်း ဗိုလ်ချုပ်လွန်းမောင်ကို ရာထူးမှ ဖယ်ရှားပြီး အငြိမ်းစား ပေးခဲ့သည်။