ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တည်ဆောက်နေသည့် ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့များ စတင် ပို့လွှတ် သည့် ဖွင့်ပွဲအခမ်းအနားကို ကျောက်ဖြူ မြို့၊ ရန်ကုန် နှင့် မန္တလေးမြို့များ၌ မထင်မရှား ကျင်းပကြောင်း သိရသည်။
ကျောက်ဖြူတွင် ပြုလုပ်မည့် အခမ်းအနားသို့ ဒု သမ္မတ ဦးဉာဏ်ထွန်း ကိုယ်တိုင် လာရောက်ဖွင့်လှစ်ရန် စီစဉ်ထားသော် လည်း မလာရောက်ဘဲ အာဏာပိုင် တချို့ကသာ တိတ်တဆိတ် လုပ်ဆောင်ခဲ့မှုအပေါ် ဒေသခံများ က ကျေနပ်မှုမရှိဟု ပြော ဆိုကြသည်။
“ဒေသခံတွေရဲ့ နစ်နာ ဆုံးရှှုံးမှုတွေကို ဆန္ဒပြမယ်ဆိုတာသိလို့ ဒု သမ္မတက ကျောက်ဖြူမလာဘဲ မန္တလေးကိုပဲ သွားတယ်လို့ ကျနော်တို့ ယူဆတယ်၊ လူသိမခံဘဲ တိတ်တဆိတ် ခိုးကြောင်ခိုးဝှက်လုပ်တယ်လို့ပဲ ပြောချင်တယ်”ဟု ဂက်စ် ပိုက်လိုင်း ကြောင့် ဒေသခံများ နစ်နာ ဆုံးရှှုံးမှုများ ရရှိရေး ဆောင်ရွက်နေသူ ဦးထွန်းလွင်က ဧရာဝတီ ကို ပြောသည်။
ဒု သမ္မတသည် ရာသီဥတု အကြောင်းပြ၍ မလာရောက်ခြင်းဟု သိရကြောင်း၊ လေယာဉ် မဆင်းသက်နိုင် လောက်အောင် ရာသီဥတု ဆိုးရွားမှု မရှိကြောင်း၊ တခြားသော လေယာဉ်များ ပုံမှန်ဆင်းသက်နေသည်ကို တွေ့ရကြောင်း၊ ကျောက်ဖြူ ဖွင့်ပွဲကို ယမန်နေ့ နံနက် ၇ နာရီဝန်းကျင်က ပြည်နယ် စစ်တိုင်းမှူးနှင့် အာဏာပိုင်တချို့က တိတ်တဆိတ် ကျင်းပသွားသည်ဟု ကျောက်ဖြူ ဒေသခံများ က ပြောသည်။
မန္တလေးမြို့၌ ယမန်နေ့ညနေ ၄ နာရီဝန်းကျင်က ဖွင့်ပွဲ ပြုလုပ်ကြောင်း ဆင်ဟွာ သတင်း၌ ဖော်ပြထားသည်။ ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်၌လည်း ယမန်နေ့ နံနက်ပိုင်းက ကျင်းပကြောင်း သမ္မတ ရုံး ဝက်ဘက်ဆိုက်တွင် ပါရှိသည်။
ကျောက်ဖြူ ဂက်စ်(သဘာ၀ ဓာတ်ငွေ့)ပိုက်လိုင်း ဖွင့်ပွဲကို ဒု သမ္မတ ဦးဉာဏ်ထွန်းနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စု ဝန်ကြီးများ၊ တရုတ် ကုမ္ပဏီမှ တာ ဝန်ရှိသူများ စသည်တို့ တက်ရောက်မည်ဟု စီစဉ်ထားသည့်အတွက် ဂက်စ်ပိုက်လိုင်း ဖြတ်သန်းရာ ကျေးရွာ ၂၀ ကျော်မှ ဒေသခံများက ဆန္ဒထုတ်ဖော် တောင်းဆိုရန် စီစဉ်ထားခဲ့ကြသော်လည်း ဒုသမ္မတ ရောက်မလာသည့် အတွက် အစီအစဉ် ပျက်သွားခဲ့ရကြောင်း သိရသည်။
ဒေသခံများ ဆန္ဒထုတ်ဖော်တောင်းဆိုမည့် အချက်များတွင် ဂက်စ်ပိုက်လိုင်း တလျှောက်ရှိ ဆုံးရှှုံးသွားသည့် လယ်ယာမြေ များအတွက် ထိုက်တန်သည့် လျော်ကြေး ပေးရေး၊ ပိုက်လိုင်း တလျှောက်ကျေးရွာများ လျှပ်စစ်မီးရရှိရေး၊ ရခိုင် တပြည်လုံး လျှပ်စစ်မီးရရှိရေး တောင်းဆိုချက်များနှင့် Our Gas Our Future စသည့် ကြွေးကြော် သံများ ကြွေးကြော် တောင်းဆိုရန် ပြင် ဆင် ထားကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ရွှေဂက်စ် ပိုက်လိုင်းဖွင့်ပွဲကို ပုဂ္ဂလိက မီဒီယာ တချို့နှင့် နိုင်ငံတကာ မီဒီယာတချို့တွင်သာ ဖော်ပြထားသည်ကို တွေ့ ရပြီး အစိုးရ သတင်းစာများ၊ မီဒီယာများက ဖော်ပြထားခြင်းကို မတွေ့ရှိရပေ။
ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ ဓာတ်ငွေ့များကို တရုတ်နိုင်ငံ၏ စွမ်းအင်လောင်စာ လိုအပ်ချက်ကို ဖြည့်ဆည်းပေး
နိုင်တော့မည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် စက်မှု ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးပြုသွားမည်ဟု မန္တလေး မြို့၌ ပြုလုပ်သည့် ဂက်စ်ပိုက်လိုင်း ဖွင့်ပွဲတွင် ဒု သမ္မတ က ပြောဆိုသွားကြောင်း Weekly Eleven အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ဂက်စ်ပိုက်လိုင်း၊ ရေနံပိုက်လိုင်း တို့နှင့် ဆက်စပ်နေသည့် စီမံကိန်းအများအပြားကို တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း China National Petroleum Corporation(CNPC) က အဓိကဦးဆောင်၍ ကိုရီးယား၊ အိန္ဒိယ၊ မြန်မာနိုင်ငံတို့မှ ကုမ္ပဏီများက ပါဝင်လုပ်ကိုင်ပြီး ဖိလစ်ပိုင်၊ မလေးရှား စသည့် နိုင်ငံများမှ ကုမ္ပဏီ တချို့ကလည်း အသေးစား လုပ်ငန်းများကို လုပ်ကိုင် တည်ဆောက် ခဲ့ကြခြင်း ဖြစ်သည်။
စီမံကိန်း ပြီးစီးသွား၍ ဂက်စ်များ ပို့လွှတ်နေပြီ ဖြစ်သော်လည်း စီမံကိန်းနှင့်ပတ်သက်၍ လယ်ယာမြေ အဓမ္မသိမ်းယူမှု၊ ကျေး ရွာများ ပြောင်းရွှေ့ရမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှှုံးမှု၊ ဒေသခံ အလုပ်သမားများ အပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု စသည်တို့ကို ဖြေရှင်းမပေးဘဲ ပိုက်လိုင်းဖွင့်ပွဲ လုပ်သည့် အပေါ်တွင်လည်း ဒေသခံများက ကျေနပ်မှု မရှိကြပေ။
“ဒေသခံတွေရဲ့ နစ်နာဆုံးရှှုံးမှုတွေ၊ ဒေသတွင်း လျှပ်စစ်မီးရရှိရေး၊ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်မပေးသရွေ့ ဆန္ဒပြ မှုတွေ၊ ဆန့်ကျင်ကန့်ကွက်မှုတွေ ဆက်လုပ်သွားဖို့ ဒေသခံတွေက ဆုံးဖြတ်ချက် ချထားပြီးပါပြီ”ဟု ကျောက်ဖြူ မြို့ခံတဦးက ဧရာဝတီ ကို ပြောသည်။
ဂက်စ်ပိုက်လိုင်းသည် ၂၀၁၀ ပြည့်နှစ် စတင်တည်ဆောက်ချိန်မှ စ၍ ယခုပြီးဆုံးချိန် အထိ ပွင့်လင်းမြင်သာမှု မရှိသည့်အပေါ်မှာလည်း လူမှုအဖွဲ့များ၊ ရွှေဂက်စ်လှှုပ်ရှားမှုအဖွဲ့များ၊ ဒေသတွင်း နိုင်ငံရေးပါတီများ၏ ဝေဖန်မှုများ ရှိနေပြီး စာချုပ်ပါ အချက် အလက်များကို ပြန်လည် သုံးသပ်၍ ပြည်သူ လူထုထံ ချပြပေးရန် တောင်းဆိုသွားမည်ဟုလည်း ရခိုင်နိုင်ငံရေး ပါတီ တချို့ က ပြောဆိုထားသည်။
ဂက်စ်ပိုက်လိုင်းသည် ရခိုင်ပြည်မှ စတင်၍ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ် တို့ကို ဖြတ်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အ ဆုံးသတ်မည်ဖြစ်ပြီး တရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၂၀၀ ပို့လွှတ်နိုင်မည်ဟု CNPC က ထုတ်ပြန်ထားသည်။