မြန်မာ့ တပ်မတော် အနေဖြင့် ပြည်တွင်းစစ်ကို ချက်ချင်းရပ်တန့်ပေးရန် ထိုင်းနိုင်ငံရောက် မွန်နှင့် အခြားတိုင်းရင်းသား ၁၅၀ ခန့်က ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့၌ ယနေ့ နံနက်ပိုင်းက ဆန္ဒပြ တောင်းဆိုကြသည်။
မြန်မာ့ တပ်မတော် က တိုင်းရင်းသား ဒေသများ၌ လူနေကျေးရွာများ မီးရှို့ခြင်း၊ ဒေသခံ တိုင်းရင်းသားများကို ဖိနှိပ်ခြင်း၊ တိုင်းရင်း သား အလံများကို ဖျက်ဆီးခြင်း၊ ဒေသခံများကို ဥပဒေမဲ့ ဖမ်းဆီးခြင်းများ ရှိနေဆဲဖြစ်၍ ယင်းလုပ်ရပ်များကိုလည်း ချက်ချင်း ရပ် တန့်ပေးရန် ဆန္ဒပြတိုင်းရင်းသားများက တောင်းဆိုကြသည်။
“အစိုးရက ငြိမ်းချမ်းရေးလုပ်နေတယ်၊ တပ်မတော်က နောက်မှာတိုက်နေတယ်၊ သေနတ်သံမကြားရတော့တာ ကြာပြီဖြစ်တဲ့ မွန်ပြည်သစ်နဲ့တောင် ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးမှ ပြန်ဖြစ်နေတယ်၊ မွန်ရွာမီးရှို့သွားတယ်၊ အပစ်မဲ့သူတွေကို ဖမ်းတယ်၊ ဒါတွေကို မလုပ်တော့ဖို့ အစိုးရ စစ်တပ်ကိုတောင်းဆိုတာ”ဟု ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သူ ဦးလယီထော က ဧရာဝတီသို့ ပြောသည်။
ဆန္ဒပြပွဲတွင် မွန်တိုင်းရင်းသားများ အများစုပါဝင်ကာ ကရင်၊ ရှမ်းနှင့် အခြားတိုင်းရင်းသားများလည်း ပါဝင်ခဲ့ကြပြီး တောင်းဆိုချက် များကို မြန်မာသံရုံး တာဝန်ရှိသူများက ကိုယ်တိုင်ထွက်၍ လက်ခံရယူခြင်း မရှိသော်လည်း ရုံးအစောင့်တဦးမှတဆင့် ယူသွားကြောင်း ဆန္ဒပြသူများက ပြောသည်။
ယင်းဆန္ဒပြပွဲတွင် မွန်တိုင်းရင်းသားများက ယခုလ ၁၇ ရက်နေ့က မြိတ်ခရိုင်ထဲတွင် အစိုးရ စစ်တပ်နှင့် ပစ်ခတ်မှု၌ ကျဆုံးခဲ့သော မွန်ပြည်သစ်ပါတီ (NMSP) မှ တပ်သား ၂ ဦးပုံကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြသကဲ့သို့ တိုက်ပွဲဖြစ်ပွားရာနေရာက မွန်ရွာ ကိုမီးရှို့ခဲ့သည့် အစိုးရ တပ်ရင်းကိုလည်း အရေးယူပေးရန်နှင့် ဖမ်းဆီးသွားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။
ဆန္ဒပြပွဲတွင် ပါဝင်သူ တဦးက“အစိုးရက မွန်ပြည်သစ်နဲ့ငြိမ်းချမ်းရေး ယူပြီးပြီ၊ အဆင်မပြေတာတွေရှိရင် နှုတ်နဲ့ ဆွေးနွေးရမယ့် ဟာကို သေနတ်နဲ့ပစ်ပြီး ရှင်းတာမျိုး မဖြစ်သင့်တော့ဘူး၊ ဒါတင်မကသေးဘူး ကျနော်တို့ မွန်ရွာကိုလည်း မီးရှို့သွားတယ်၊ အပြစ် မရှိတဲ့ လူတွေလည်း ဖမ်းသွားတယ်၊ အခုထိ ပြန်မလွှတ်သေးဘူး၊ ဒါတွေက မဖြစ်သင့်တော့ဘူး”ဟု သူက ဧရာဝတီသို့ ပြောသည်။
ယခုလ ၁၇ ရက်နေ့က မြိတ်ခရိုင် မဏ္ဍိုင်မြို့နယ်ခွဲ၊ သုမင်္ဂလံ မွန်ရွာအနီးတွင် NMSP နှင့် အစိုးရ စစ်တပ်အကြား အပစ်အခတ် ရပ်စဲ ထားသည့် ၁၈ နှစ် အကြာ ပထမဆုံး အကြိမ်အဖြစ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
ယင်းပစ်ခတ်မှုတွင် NMSP ဘက်မှ ရဲဘော် ၂ ဦးကျဆုံးခဲ့ကာ အနီးရှိ သုမင်္ဂလံ မွန်ရွာကိုလည်း မီးရှို့သွားသဖြင့် အိမ်ခြေ ၁၅ အိမ်ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း၊ နေရပ်ပြန် တပ်ဖွဲ့ဝင် ၂ ဦး၊ အရပ်သူ ၁ ဦးနှင့် အကျိုးဆောင် တဦး အဖမ်းခံထားရကြောင်း NMSP မြိတ်ခရိုင် တပ်မှူး ဗိုလ်မှူး နိုင်တမော့ချမ်း က ဧရာဝတီ သို့ ပြောသည်။
“စစ်တပ်မီးရှို့လိုက်တဲ့ ရွာက ဆောက်ထားတာ ၃-၄ လလောက်ပဲရှိပါသေးတယ်၊ ဖမ်းသွားတဲ့ အထဲက ၂ ဦးက ကျနော်တို့ တပ်ဖွဲ့ဝင်တွေ၊ အမျိုးသမီးက တပ်ဖွဲ့ဝင်ရဲ့ မိန်းမပါ၊ နောက်တယောက်က ကျနော်တို့ မွန်ပြည်သစ်ပါတီရဲ့ အကျိုးဆောင်ပါ၊ အဖမ်းခံထား ရတဲ့လူတွေ ပြန်လွတ်ရေး သွားပြောရင်းနဲ့ သူပါ အဖမ်းခံထားရတာ”ဟု ဗိုလ်မှူး နိုင်တမော့ချမ်း က ပြောဆိုသည်။
လတ်တလော အခြေအနေတွင် မီးရှို့ထားသော ရွာအနီးတွင် အစိုးရစစ်တပ်များ တပ်စွဲထားကြောင်း နှစ်ဖက် စစ်ရေးတင်းမာသည့် အနေအထား မရှိတော့ကြောင်း သူက ဆက်ပြောသည်။
ယင်းသို့ ဖြစ်စဉ်များနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ဖြေရှင်းပေးရန်အတွက် NMSP က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီ နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း တို့ကို စာပို့ အကြောင်း ကြား ထားကြောင်း NMSP ၏ မော်လမြိုင်ဆက်ဆံရေး ရုံး တာဝန်ခံ နိုင်တလညီ ကလည်း ပြောပြသည်။
“ကျနော်တို့အနေနဲ့ကတော့ ဝန်ကြီး ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးအဖွဲ့ကိုလည်း တင်ပြထားတယ်၊ နောက် အခုဖြစ်တာက ဗိုလ်ချုပ် ကြီး သက်နိုင်ဝင်းရဲ့ အောက်က တပ်တွေနဲ့ဖြစ်တာဆိုတော့ သူ့ကိုလည်း ပို့ထားတယ်၊ ဗိုလ်ချုပ်သက်နိုင်ဝင်း ကတော့ ဖြေရှင်းပေး မယ်လို့ အကြောင်းပြန်ထားပါတယ်၊ ဒါပေမယ့် အခုချိန်ထိတော့ မဖြေရှင်းရသေးပါဘူး”ဟု နိုင်တလညီ က ဧရာဝတီသို့ ပြောသည်။
NMSP သည် ၁၉၉၅ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် နယ်ခြား စောင့်တပ်နှင့် ပြည်သူ့စစ် အသွင်ပြောင်းရန် အစိုးရက ဖိအားပေးခဲ့ရာ ၁၅ နှစ်ကြာ ထိန်းသိမ်းခဲ့သော ငြိမ်းချမ်းရေး ပျက်ပြယ်ခဲ့ရ သည်။ အစိုးရနှင့် NMSP တို့အကြား ၂၀၁၂ ခုနှစ်ထဲတွင် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြန်လည်ပြုလုပ်ထား သည်။