ထွန်တုံးတိုက်ပွဲ ဆင်နွှဲသဖြင့် တရားစွဲခံနေရသည့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့မှ လယ်သမား ၃၁ ဦးက ၎င်းတို့အပေါ် တရားစွဲဆိုထားသည့်ကိစ္စများနှင့် လယ်ယာမြေပြဿနာများအတွက် စုပေါင်း ဆန္ဒဖော်ထုတ် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မော်လမြိုင်ကျွန်းမြို့နယ် မြစ်ကြီးပိုး၊ အနန်းချောင်း၊ ကြက်လျှာ၊ မာလိန်၊ ကဿပေါင်း၊ တည့်တည့်ကူး စသည့်ကျေးရွာများမှ
ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သူ လယ်သမား ၃၀ နှင့် လယ်သူမ ၁ ဦးတို့အား ပုဒ်မ ၄၄၇ (ပိုက်နက်ကျူးလွန်မှု)၊ ၄၂၇ (အကျိုးဖျက်ဆီးမှု) တို့ဖြင့် လယ်လုပ်ခွင့် ရထားသူများက မော်လမြိုင်ကျွန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားရာ လယ်သမားများက မကျေနပ်သဖြင့် ဆန္ဒဖော်ထုတ်ရန် စီစဉ်ကြခြင်းဖြစ်သည်။
“နိုင်ငံတော် သမ္မတကြီးကိုယ်တိုင်က အကြောင်းကြောင်းကြောင့် သိမ်းဆည်းခံထားရတဲ့ လယ်တွေကို ပြန်ချထားပေးမယ် ဆိုလို့ ကျနော်တို့က ကိုယ့်ဘိုးဘွားပိုင် လယ်ကို ပြန်ဝင်ထွန်ကြတာပါ။ မထွန်ခင်ကလည်း လယ်ယာမြေ ပြဿနာတွေကို ဖြေရှင်း ပေးပါလို့ အုပ်ချုပ်ရေး အဆင့်ဆင့်ကို တိုင်ကြားခဲ့ပါတယ်။ သူတို့ ဖြေရှင်းပေးတာ မရှိလို့ ကျနော်တို့ ဝင်ထွန်ကြတာပါ။ အခုကျမှ ကျနော်တို့ကို တရားစွဲတာ မတရားဘူးလို့ ထင်ပါတယ်” ဟု မြစ်ကြီးပိုးကျေးရွာမှ လယ်သမား ကိုကျော်နိုင်ဦးက ဧရာဝတီကို ပြောသည်။
ဆန္ဒပြခွင့် လျှောက်လွှာ တင်ခြင်းကို တရားစွဲခံထားရသူ လယ်သမား ၃၁ ဦးအမည်ဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ လျှောက် ထားမည် ဖြစ်ပြီး ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ၂ ပတ်အတွင်း ဆန္ဒဖော်ထုတ် သွားမည်ဟု လယ်သမားများက ဆိုသည်။
ဧရာဝတီ တိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂ လအတွင်း မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိသည့်အနက် မော်လမြိုင်ကျွန်း အပါအဝင် မြို့နယ် ၁၃ ခု၌ ထွန်တုံးတိုက်ပွဲများ အနှံ့အပြား ဆင်နွှဲခဲ့ကြောင်း သိရှိရသည်။
ထွန်တုံးတိုက်ပွဲ ဖြစ်ပွားသည့် လယ်မြေအများစုမှာ စီမံကိန်း ပြုလုပ်မည်ဟု ပြောဆိုကာ ဌာနဆိုင်ရာနှင့် ကုမ္ပဏီတို့ သိမ်းယူခဲ့သည့် မြေများ၊ တာဝန်ကျေစပါး မသွင်းနိုင်၍ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက သိမ်းဆည်းခဲ့သည့် မြေများနှင့် ငွေရှင်များက အကြွေးဖြင့် သိမ်းယူခဲ့သည့် မြေများ ပါဝင်နေသည်။
မော်လမြိုင်ကျွန်းမြို့နယ် တခုတည်းမှာပင် မြစ်ကြီးပိုး၊ တည့်တည့်ကူးစသည့် ကျေးရွာများမှ လယ်သမား ၃၁ ဦး၊ သရက်ကုန်း၊ ကျွန်းဆိပ်စသည့် ကျေးရွာများမှ လယ်သမား ၁၃ ဦး စုစုပေါင်း ၄၄ ဦး တရားစွဲဆိုခြင်း ခံနေရသည်။
“ကျေးရွာဥက္ကဋ္ဌ ဆိုတာက အုပ်ချုပ်ရေး ယန္တရားမှာ ပါဝင်နေတဲ့ အစိုးရ ဝန်ထမ်းပါပဲ။ အရင်အစိုးရ လက်ထက်က ဥက္ကဋ္ဌတွေ လုပ်ခဲ့တဲ့ ကိစ္စတွေကို အခုအစိုးရက တာဝန်ယူဖြေရှင်း မပေးဘဲ တရားရုံးတွေဆီ လွှဲချနေတာဟာ ကိုယ်လုပ်ရမယ့် တာဝန်ကို ခေါင်းရှောင်နေတဲ့ သဘောမျိုး ဖြစ်နေပါတယ်” ဟု လယ်သမားအရေး လိုက်ပါ ကူညီပေးနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကွန်ရက်မှ ကိုကြည်လွင်က ပြောသည်။
ယခု တရားစွဲခံနေရသည့်လယ်သမားများမှာ ၂၀၀၈ ခုနှစ်က ဝင်ရောက်တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် နာဂစ်ဒုက္ခသည်များ ဖြစ်ပြီး ၎င်းတို့ဘ၀ ပြန်လည်ထူထောင်ရေး အတွက် လယ်ယာမြေများ ပြန်လည်လုပ်ကိုင်ခွင့် ရရန် လိုအပ်နေကြောင်း ကိုကြည်လွင်က ဆက်ပြောသည်။
“သူတို့မှာ ဆင်းရဲပါတယ် ဆိုကာမှ လယ်သိမ်းခံရတော့ အလုပ်လက်မဲ့တွေ ဖြစ်ပြီး ကြုံရာကျပန်း လုပ်စားကြရတယ်။ ၂၀၀၈ မှာ နာဂစ်ဖြစ်တော့ သူတို့ မိသားစုတွေသေ၊ အိုးအိမ် စီးပွားတွေလည်း အကုန်ပျက်စီးသွားတော့ ဘဝက ပိုဆိုးကုန်ရော။ နိုင်ငံတော် အစိုးရအနေနဲ့လည်း လက်ရှိမှာ သူတို့ဘဝတွေ ပြန်လည်ထူထောင်ရေး အတွက် လုပ်ပေးထားတာ မရှိဘူး။ အဲဒီတော့ သူတို့ ဘိုးဘွားပိုင် လယ်ယာမြေတွေ ပြန်ရအောင် ဆောင်ရွက်ပေးခြင်း အားဖြင့် သူတို့ဘ၀ ပြန်လည် ထူထောင်ရေး အတွက် ကူညီပေးရာရောက်သလို၊ ဆင်းရဲမွဲတေမှု လျှော့ချရေး လုပ်ဆောင်ရာလည်း ကျပါတယ်” ဟု သူက ဆိုသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် အငြင်းပွားမှု ဖြစ်နေသည့် လယ်မြေဧက ၇၅၀၀ ကျော်ရှိနေပြီး အလျင်အမြန် ဖြေရှင်းပေးရန် လိုအပ်နေကြောင်း လယ်သမားအရေး လှုပ်ရှားသူများက ပြောသည်။
“လယ်သမားအရေး ဖြေရှင်းရာမှာ ကျေးရွာ မြေယာစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌက ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်နေသမျှ ဒီပြဿနာတွေ ဘယ်တော့မှ မပြေလည်ဘူး။ ဘာလို့လဲ ဆိုတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ မြေစာရင်းတွေက ဒီ လယ်ပြဿနာတွေရဲ့ အဓိက တရားခံတွေ ဖြစ်နေလို့ပါ။ အဲဒီတော့ လယ်ယာမြေ အငြင်းပွားမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဆိုတာပဲ ဖြစ်ဖြစ်၊ လူမှုကွန်ရက်တွေပဲ ဖြစ်ဖြစ် တရားဝင် ပါဝင် ဖြေရှင်းမှသာ ပြေလည်နိုင်မယ်” ဟု လယ်သမား အရေး ကူညီပေးနေသည့် ဦးမောင်မောင်အေးက ဆိုသည်။
မော်လမြိုင်ကျွန်းမြို့ပေါ်၌ ဇူလိုင်လ ၁၅ ရက်နေ့က ဆန္ဒထုတ်ဖော်မှု တခု ပထမဆုံး ဖြစ်ပွားခဲ့ပြီး ဒေသခံ လယ်သမား ၄၀၀ ကျော်က အစိုးရ အာဏာပိုင်များ ဖမ်းဆီးထားသည့် လယ်သမားများ ပြန်လွှတ်ပေးရန်နှင့် လယ်ယာမြေ ပြဿနာများ အမြန်ဆုံး ဖြေရှင်းပေးရန် ဆန္ဒ ဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲမှုကြောင့် မော်လမြိုင်ကျွန်းအပြင် ငပုတောမြို့နယ်မှ လယ်သမား ၃ ဦး၊ အင်္ဂပူ မြို့နယ်မှ ၃ ဦး၊ လပွတ္တာမြို့နယ်မှ ၆ ဦး တရားစွဲဆိုခံထားရသည်။