မြန်မာ နေရှင်နယ်လိဂ်(MNL) ရဲ့ ၂၀၁၃ ခုနှစ် နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန် ယူနိုက်တက် (YUFC)နဲ့ ဒုတိယနေရာက လိုက်နေတဲ့ နေပြည်တော် အသင်း (NPTFC) တို့ နေပြည်တော်မြေမှာ ကစားခဲ့ရာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး MNL ပွဲစဉ် အဆုံးသတ် သွားပါတယ်။
MNL ပွဲစဉ် သက်တမ်း တလျှောက်လုံးမှာလည်း အဆိုးဝါးဆုံး ဖြစ်ရပ် ဖြစ်ပါတယ်။
ဒီပွဲ မတိုင်ခင်ကတည်းက ရမှတ်ကွာခြားချက်အရ ရန်ကုန် ယူနိုက်တက် အသင်းက ချန်ပီယံ ဖြစ်နေပြီဖြစ်တဲ့ အတွက် ဒီပွဲဟာ ၂ သင်းလုံး အတွက် ရမှတ်အရ အရေးပါမှု အဓိကမကျပေမယ့် ၂ သင်းလုံးက အိမ်ရှင်နဲ့ ချန်ပီယံ ဂုဏ်သိက္ခာအတွက် ပြိုင်ဆိုင်မှု ပြင်း ထန် ခဲ့တယ်လို့ ကွင်းထဲကို လိုက်ပြီးကြည့်ရှုခဲ့တဲ့ ပရိသတ်တွေက ပြောပါတယ်။
ပထမပိုင်း ပွဲချိန် နာရီဝက်လောက် အကြာမှာ ရန်ကုန် ယူနိုက်တက် အသင်းရဲ့ ကစားသမား တဦးကို နေပြည်တော် အသင်း နောက်ခံ လူတွေက ဂိုးဧရိယာအတွင်း ဖျက်ထုတ်ရာမှာ ကြမ်းတမ်းတယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပယ်နယ်တီ အဖြစ် ဆုံးဖြတ် ပေးခဲ့ပြီး ရန်ကုန် အသင်းက ပယ်နယ်တီကနေတဆင့် ဂိုးရရှိသွားပါတယ်။
ဂိုးဝင်ပြီး မကြာခင်မှာပဲ နေပြည်တော် အသင်း ပရိသတ်တဦး ကွင်းထဲကို ဆင်းလာပြီး ဒိုင်လူကြီးကို တွန်းထိုးရန်ရှာခဲ့တဲ့ အတွက် ဖြန်ဖြေ ပေးခဲ့ရသေးတယ်လို့ ပွဲကြည့်ပရိသတ်တွေက ပြောပါတယ်။
မိနစ်ပိုင်းအကြာမှာပဲ နှစ်ဖက် ကစားသမားတွေအကြား မတော်တဆ ထိခိုက်မှုဖြစ်ပွားရာကနေ နေပြည်တော် ကစားသမား တဦး က ရန်ကုန် ယူနိုက်တက် ကစားသမားတဦးရဲ့ မျက်နှာကို ဖိနပ်နဲ့ ကန်ရာကနေ နှစ်ဖက်ကစားသမားတွေ၊ နည်းပြ အဖွဲ့ဝင်တွေအကြား စကားများခဲ့ပြီး ထိုးကြိတ်၊ ကန်ကျောက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော် ကိုယ်တိုင် ဆင်းပြီးတားမြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ပွဲမစခင်ကတည်းက ရန်ကုန်အသင်း ပရိသတ်တွေနဲ့ ကစားသမားတွေကို ရေဘူး၊ အရက်ပုလင်းခွံ အပါအဝင် အရာဝတ္ထုမျိုးစုံနဲ့ ပစ်ပေါက်နေတဲ့ နေပြည်တော် ပရိသတ်တွေဟာလည်း ပွဲကြည့်စင် ထိုင်ခုံတွေ အပါအဝင် ဘောလုံးကွင်းအတွင်းမှာရှိတဲ့ ပစ္စည်း တချို့ကို ရိုက်ချိုးဖျက်ဆီးခဲ့ပြီး ကွင်းအတွင်းကို လွှင့်ပစ်ခဲ့ကြပါတယ်။
ဒါ့အပြင် နေပြည်တော် ပရိသတ်တွေ ကွင်းထဲကို ပြေးဝင်လာပြီး ပယ်နယ်တီ အဖြစ် သတ်မှတ်ပေးခဲ့တဲ့ ဒိုင်လူကြီးနဲ့ ရန်ကုန် ယူနိုက် တက် အသင်း ကစားသမား တွေကို ရန်မူခဲ့ကြတဲ့ အတွက် ရန်ကုန်ယူနိုက်တက် ကစားသမားတွေ ကွင်းပြင်ကို ထွက်ပြေး ခဲ့ရတယ်လို့ မျက်မြင် ပရိသတ်တွေက ဧရာဝတီကိုပြောပါတယ်။
“ပွဲမစခင်ကတည်းက နေပြည်တော် ပရိသတ်က ရန်ကုန်အသင်းဘက်ကို အော်ဆဲနေကြတာ၊ ပယ်နယ်တီပေးလိုက်တော့ ပိုဆိုး ကုန်ရော၊ ကွင်းထဲမှာ နေပြည်တော် ကစားသမားတွေ ကိုယ်တိုင် လိုက်ကန်နေပြီဆိုတော့ အပေါ်က ပရိသတ်တွေကလည်း ပွဲကြမ်းကြတာ၊ ပွဲကြည့်စင်က ထိုင်ခုံတွေဆိုရင် ဖြုတ်ပြီး ပစ်ထားတာ ကွင်းထဲမှာပြားနေတာပဲ”လို့ ဒေသခံလူငယ် တဦးက ပြောပါတယ်။
ဒီပွဲမကန်ခင်ကတည်းက ရမှတ်ကွားခြားချက်နဲ့ ချန်ပီယံဖြစ်နေတဲ့ ရန်ကုန်ယူနိုက်တက် အသင်းအတွက် ဆုဖလား ချီးမြှင့်ပွဲ အခမ်း အနားကို ဒီကွင်းမှာပဲ ပြုလုပ်မှာဖြစ်သလို ဒီနှစ်သင်းဟာ ပြိုင်ဆိုင်မှုအားကောင်းတဲ့ အသင်းတွေ ဖြစ်တာမို့ ဒီပွဲကို လုံခြုံရေး တွေထိထိရောက်ရောက် ချမထားတာ MFF ရဲ့အားနည်းချက်တွေဖြစ်တယ်လို့ ပွဲကြည့်ပရိသတ်တချို့က ဝေဖန်ကြပါတယ်။
သမ္မတ ပြောရေးဆိုခွင့်ရှိသူနဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် ကလည်း ပွဲစဉ်ကိုကြည့်လိုက်ရပြီးတဲ့နောက် စိတ်ပျက် မိကြောင်း၊ မကြာခင် အရှေ့တောင်အာရှ အားကစားပွဲတော်ကြီးကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရထားတဲ့ မြန်မာတွေ အနေနဲ့ ကိုယ့် အသင်းရှုံးတိုင်း ဒီပုံစံအတိုင်း တုန့်ပြန်မယ်ဆိုရင် နိုင်ငံတကာ အားကစားပွဲတွေ ကျင်းပခွင့်ပိတ်ပင်ခံရတာမျိုး၊ လိုက်ပါ အားပေးခွင့် ပိတ်ပင်ခံရတာမျိုးတွေ ကြုံတွေ့ရနိုင်တယ်လို့ သူ့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြောဆိုထားပါတယ်။
ပွဲစဉ် အခြေအနေ ဆိုးရွားသွားတဲ့ အတွက်ကြောင့် လက်ကျန်အချိန်ကို ဆက်လက် ကစားနိုင်ခြင်း မရှိတော့သလို ပွဲအပြီး ချန်ပီယံ ရန်ကုန်ယူနိုက်တက်ကို ပေးမယ့် ဆုပေးပွဲ အခမ်းအနားကိုလည်း ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။
ဒီနှစ်သင်းကစားပြီး ရန်ပွဲဖြစ်ခဲ့တဲ့ကွင်းဟာ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အမီ ပြုလုပ်ထားတဲ့ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဖြစ်ပြီး ပြီးခဲ့တဲ့လကမှ တည်ဆောက်မှု ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ဖျက်ဆီးခံ ထားရတဲ့ ထိုင်ခုံတွေနဲ့ အခြားပျက်စီးမှုတွေကို ပြန်ပြင်ရတော့မှာပါ။
ဒီဖြစ်ရပ်ဟာ ၂၀၀၉ ခုနှစ်က ပြည်တွင်း အမှတ်ပေး ပြိုင်ပွဲအဖြစ်စတင်လာခဲ့တဲ့ MNL ပြိုင်ပွဲရဲ့ အဆိုးဝါးဆုံး အခြေအနေဖြစ်ပြီး မြန်မာ ဘောလုံးလောက အတွက်လည်း အရှက်ရစရာဖြစ်သလို MFF အနေနဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ ဒီလိုအဖြစ်ပျက်မျိုး မဖြစ်စေဖို့ ကြိုတင်ပြင်ဆင်သင့်ကြောင်း မြန်မာ့အားကစား ကလောင်ရှင်တချို့က ပြောပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး နှစ်ဖက်သဘောထားတွေကို သိရှိနိုင်ဖို့နဲ့ MFF အနေနဲ့ ဘယ်လိုအရေးယူ ဆောင်ရွက်သွားဖို့ ရှိလဲ ဆိုတာကို သိရှိနိုင်ဖို့ ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် မရရှိခဲ့ပါဘူး။ ဒီပြိုင်ပွဲ ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့လည်း MFF နဲ့ သက်ဆိုင်ရာ အသင်းတာဝန်ရှိသူတွေကလည်း ရှင်းလင်းချက် ထုတ်ပြန်တာ မရှိသေးပါဘူး။
ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ နေပြည်တော် (NPTFC) အသင်း ရဲ့ ဥက္ကဋ္ဌမှာ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်း ဖြစ်ပြီး ရန်ကုန် ယူနိုက်တက် (YUFC) အသင်းရဲ့ ဥက္ကဋ္ဌ ကတော့ ဦးပြည့်ဖြိုးတေဇ ဖြစ်ပါတယ်။ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်း ဟာ မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း ရဲ့ သားဖြစ်ပြီး ဦးပြည့်ဖြိုးတေဇ ကတော့ မြန်မာနိုင်ငံရဲ့ ခရိုနီ သူဌေးကြီး ဦးတေဇ ရဲ့ သားဖြစ်ပါတယ်။
ရန်ကုန်ယူနိုက်တက် အသင်းဟာ MNL စတင်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက ရပ်တည်ခဲ့တာဖြစ်ပြီး ဒီနှစ်ရရှိတဲ့ ဆုဖလား အပါအဝင် ၃ နှစ်ဆက် ချန်ပီယံဖြစ်ပါတယ်။
နေပြည်တော် အသင်း ကတော့ ၂၀၁၀ ခုနှစ်မှ MNL အမှတ်ပေး ပြိုင်ပွဲကို ဝင်ရောက်လာတာဖြစ်ပေမယ့် ၂၀၁၃ ခုနှစ်ရာသီမှာ ဒုတိယ အဆင့်မှာ ရပ်တည်နေပြီး ချန်ပီယံ ဖြစ်သွားတဲ့ ရန်ကုန်ယူနိုက်တက်နဲ့ ထိပ်တန်း အသင်း တွေ ကို ခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။