မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)နှင့် ကရင်ပြည်နယ် အစိုးရ တို့အကြား ပြည်နယ် အဆင့် အပစ်အခတ်ရပ်စဲရေး ပဏာမဆောင်ရွက်ရန် ယနေ့ သဘောတူ လက်မှတ်ထိုးသည်။
ABSDF နှင့် အစိုးရတို့ကြား အလွတ်သဘော စုစုပေါင်း ၅ ကြိမ် ညှိနှိုင်း ပြင်ဆင်ခဲ့ကြအပြီး ယနေ့မှ စတင်၍ အပစ်အခတ် ရပ်စဲ ရေးနှင့် မြဝတီမြို့တွင် ဆက်ဆံရေး ရုံးဖွင့်ရေး အစီအစဉ်များ ပါဝင်သည့် အချက် ၄ ချက်ကို သဘောတူ လက်မှတ်ရေး ထိုးကြခြင်းဖြစ်ကြောင်း ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲက ဧရာဝတီကို ပြောသည်။
“ဒီနေ့ကစပြီး ၂ ဘက် အပစ်ရပ်ဖို့ သဘောတူတယ်။ ဒီလိုမျိုး အပစ်အခတ် ရပ်စဲထားတဲ့ ကာလမှာ မကဒတ ရဲဘော် တွေ အနေနဲ့ ခရီးသွားလာခွင့်တွေ သဘောတူတယ်။ နောက်တခုက ၂ ဘက် စစ်တပ် သတ်မှတ်နယ်မြေတွေ အတွင်းမှာ ကျနော် တို့ တပ်ဖွဲ့တွေကို စည်းကမ်းတကျ ဆက်လက်နေထိုင်ဖို့၊ ရှေ့ဆက်ပြီး နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ဆက်လက် ကျင်းပ သွားဖို့ သဘောတူတယ်”ဟု သူက ဆိုသည်။
သူက ဆက်လက်ပြီး“အခု ဟာက ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး အပါအဝင် ရှေ့ဆက်ပြီး နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ သွားနိုင်ဖို့အတွက် သဘောတူညီချက်လို့ ပြောရင် ဖြစ်ပါတယ်”ဟု ပြောသည်။
ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာတွင် ဥက္ကဋ္ဌ ရဲဘော် သံခဲ ဦးဆောင်သည့် ABSDF ကိုယ်စားလှယ် အဖွဲ့နှင့် ဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော်တို့ ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ တို့ တွေ့ဆုံဆွေးနွေးမှုအပြီး ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး လိုက်ကြခြင်း ဖြစ်ကြောင်း အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့သူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမြအေးကလည်း ဧရာဝတီကို ပြောသည်။
အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမှုကို ကရင်ပြည်နယ် အစိုးရဘက်မှ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ဗိုလ်မှူးကြီး အောင်လွင်(လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန- ဝန်ကြီး)၊ ဦးသိန်းလွင်(ကရင် ပြည်နယ် ဥပဒေချုပ်) ၊ ဒု ဗိုလ်မှူးကြီး နေလင်း (စစ်ဦးစီးမှူး- ပထမတန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်)တို့က လက်မှတ် ရေးထိုးကြောင်း သိရ သည်။
ABSDF ဘက်မှ ကိုဆန်နီ၊ ရဲဘော် မောင်မောင်ဦး၊ ရဲဘော် သူရ၊ ရဲဘော် အောင်ဆွေဦး၊ ရဲဘော် မင်းဇော် တို့က လက်မှတ်များ ရေးထိုးကြသည်ဟု ဆိုသည်။
ယနေ့ အပစ်ရပ် လက်မှတ်ထိုးပွဲ၌ အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဦးဇေယျာအောင် တို့ဖြစ်ပြီး ABSDF ဘက်မှ ဥက္ကဋ္ဌ ရဲဘော် သံခဲ၊ ဒု ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ ရဲဘော် ကျော်ကို၊ ရဲဘော် မိဆူးပွင့် နှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးမြအေး တို့ ပါဝင်ကြကြောင်း သိရသည်။
သဘောတူညီချက် ၄ ချက်မှာ
(က) နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် ၂၀၁၃ ခုနှစ် သြဂုတ်လ ၅ ရက်နေ့မှ စ၍ ၂ ဦး ၂ ဘက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန်။
(ခ) အပစ်အခတ် ရပ်စဲထားသည့် ကာလတွင် ABSDF တပ်ဖွဲ့ဝင်များနှင့် တပ်မတော်တပ်ဖွဲ့များ အကြား ပဋိပက္ခ ဖြစ်ပွားခြင်း၊ တိုက်ပွဲများ မဖြစ်ပေါ် စေရန် ထိန်းသိမ်း ဆောင်ရွက်သွားရန်နှင့် သတ်မှတ်နေရာမှ အပ အခြားဒေသများသို့ ABSDF တပ်ဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ လက်နက်မပါ၊ ဥပဒေနှင့်အညီ သွားလာခွင့် ပြုရန်၊ (သတ်မှတ်နေရာဆိုသည်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နယ်မြေများအတွင်း ABSDF တပ်များ လက်ရှိ အခြေပြု နေထိုင်သော နေရာများကို ဆိုလိုသည်)။
(ဂ) ဆက်ဆံရေး ရုံးကို ၂ ဘက်သဘောတူသည့် မြဝတီမြို့၌ လက်နက်မပါ ထားရှိရန်နှင့် အခြား ဆက်ဆံရေးရုံး နေရာများ ကိစ္စကို ပြည်ထောင်စု အဆင့်တွင် ဆက်လက်ဆွေးနွေးရန်။
(ဃ) ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင် ဖွဲ့စည်းပေးရန်နှင့် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှ စတင်၍ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို စတင်ကျင်းပသွားရန် တို့ ဖြစ်သည်။
ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာ(MPC) ၌ ယနေ့ နံနက်ပိုင်းက ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်သော ABSDF ကိုယ်စားလှယ် အဖွဲ့နှင့် ဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော် တို့ ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီ၊ ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း အပါအဝင် တပ်မတော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ ကိုယ်စားလှယ် များသည် တနိုင်ငံလုံးအတိုင်းအတာ ဆောင်သည့် အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးတို့အတွက် ဆွေးနွေး ညှိနှိုင်းမှုများလည်း ပြုလုပ်ကြသည်။
အဆိုပါ အပစ်ရပ် လက်မှတ်ရေးထိုးမှုပွဲသို့ ဂျပန်နိုင်ငံမှ နိပွန်ဖောင်ဒေရှင်းနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာမှု စင်တာ တို့က လေ့လာသူ အဖြစ် တက်ရောက်ကြောင်းလည်း သိရသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း ကလည်း ABSDF ကိုယ်စားလှယ်များသည် ပထမဆုံးအကြိမ် ပြည်တွင်းသို့ သွားရောက်၍ အစိုးရနှင့် တွေ့ဆုံခဲ့သေးသည်။
ယခုကဲ့သို့ ABSDF အဖွဲ့နှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးကြခြင်းသည် လက် နက်ချခြင်း မဟုတ်ကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် အင်အားစု အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးအတွက် ပဏမခြေလှမ်းများသာဖြစ်ကြောင်း ရဲဘော် သံခဲက ပြောသည်။
“အပစ်အခတ် ရပ်စဲရေးဆိုတာ လက်နက်ချတာ မဟုတ်ဘူးခင်ဗျ၊ ကျနော်တို့တွေရဲ့ တိုက်ပွဲ ပြီးသွားတာ မဟုတ်ဘူး၊ ကျနော် တို့ အညံ့ခံတာ မဟုတ်ဘူး၊ ABSDF ဟာ တပ်ဖွဲ့ အသွင်ပြောင်းတာမဟုတ်ဘူး”ဟု ရဲဘော် သံခဲက ဆိုသည်။
ယခု လက်မှတ်ရေးထိုးလိုက်သည့် အပစ်အခတ်ရပ်စဲရေးသည် တိုက်ပွဲ ပုံစံမှ သွေဖီသွားခြင်း မဟုတ်ကြောင်း၊ ပြည်သူ လူထု အားလုံး လိုချင်သော ပန်းတိုင်ကို သွားရန် တခြားသော တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေး အင်အားစုများ နှင့် လက်တွဲ လုပ်နိုင်ရန် လမ်းစ ရှာဖွေခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ရန်ကုန်သို့ ရောက်ရှိနေသည့် ABSDF ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ ဒေသများတွင် ကျင်းပမည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၅ နှစ်မြောက် အခမ်းအနားများ တက်ရောက်ရန်ရှိပြီး ABSDF ၏ ၂၅ နှစ်တာ ဖြတ်သန်းခဲ့ရမှုများကို ပြခန်းများဖြင့် ပြသသွားရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။
ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေးသည် ယခုအခါ အောင်ပွဲ မရသေးကြောင်း၊ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသား များ၏ တန်းတူ ရပိုင်ခွင့်၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးတို့ အတွက် ဆက်လက် ကြိုးပမ်းရမည် ဖြစ်ကြောင်း ရဲဘော် သံခဲ က ပြောဆိုသည်။