နယ်ပယ်အသီးသီးမှ အရပ်ဖက် လူ့အဖွဲ့အစည်းများက ကန့်ကွက်ထားသည့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို ပြန်လည် ဆွေးနွေးပေးရန် တောင်းဆိုချက်အား လွှတ်တော်က သဘောတူသဖြင့် လူမှုအဖွဲ့အစည်း ကွန်ရက်၂၀၀ ကျော်မှ ကိုယ်စားလှယ်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယခုလ ၁၅ ရက်တွင် ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။
“ဥပဒေမူကြမ်းထဲမှာ ၁၉၈၈ တုန်းက ပြဌာန်းခဲ့တဲ့ အသင်း ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို ဖျက်သိမ်းပေးမယ်ဆိုတဲ့ အချက်ကိုတော့ ကြိုဆိုပါတယ်။ အဲဒီအချက်တွေကလွဲရင် ကျန်တာတွေကို ကျမတို့က ပြောင်းလဲချင်တယ်” ဟု ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နွယ်ဇင်ဝင်းက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ အနှံ့အပြားရှိ အရပ်ဖက် လူ့အဖွဲ့အစည်း ၂၀၀ ကျော် စုပေါင်းဖွဲ့စည်းထားသည့် ကွန်ရက်က လွှတ်တော်ရေးရာ ကော်မတီများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် အလုပ်ရုံဆွေးနွေးပွဲ မတိုင်မီ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အကြို ဆွေးနွေးမှုများကို ယခုလ ၁၃ ရက်တွင် တပြိုင်တည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒေါ်နွယ်ဇင်ဝင်းက ပြောသည်။
သူကဆက်လက်၍ “ကွန်ရက်ချိတ်ထားတဲ့ အဖွဲ့ပေါင်း ၂၀၀ ကျော်ရဲ့နောက်မှာ လူထုအခြေပြု အဖွဲ့လေးတွေ အများကြီး ရှိနေပါတယ်။ နေပြည်တော်မှာ လာမယ့် ၁၅ ရက်နေ့ ဆွေးနွေးတဲ့အခါ ကွန်ရက် ၂၀၀ ကျော်က ကိုယ်စားလှယ် ၄၀ နဲ့ ပါတီစုံက လွှတ်တော်ကိုယ်စားလှယ် ၆၀ တို့ ဆွေးနွေးကြမှာပါ” ဟု ဆိုသည်။
ဇူလိုင်လ ၂၇ ရက်တွင် အခန်း ၁၀ ခန်းနှင့် အပိုဒ် ၂၆ ပိုဒ် ပါဝင်ပြီး ပြည်သူ့လွှတ်တော်က ပြဌာန်းလိုက်သည့် အသင်းအဖွဲ့များ ဆိုင်ရာ ဥပဒေ မူကြမ်းကို အများပြည်သူ သိရှိလေ့လာ၊ အကြံပြုနိုင်ရန် အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။
ယင်းဥပဒေမူကြမ်းကို ရေးဆွဲရာတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ သဘောထား အကြံညာဏ်ကို ရယူခြင်း မရှိသဖြင့် လက်တွေ့ အကောင်အထည်ဖော်ရာတွင် လိုက်နာကျင့်သုံးနိုင်မည် မဟုတ်သည့်အပြင် ကောင်းကျိုးထက်၊ ဆိုးကျိုးဘက်သို့ ဦးတည်သွားနိုင်ကြောင်း အရပ်ဖက် လူ့အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
ထို့အပြင် ယခုဥပဒေကြမ်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတိုင်း လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို ဆန့်ကျင်ပြီး
နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်ကို ချိုးဖောက်သည့်အပြင် နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖံ့ွဖြိုးရေးလုပ်ငန်းများကို အထောက် အကူပြုနေသည့် အရပ်ဖက် လူ့အဖွဲ့အစည်းများအား ကန့်သတ် ချုပ်ချယ်သည့် ဥပဒေ ဖြစ်နေကြောင်းလည်း ထောက်ပြထားသည်။
“အသင်း မှတ်ပုံတင်ကြေး ၅ သိန်းကိစ္စ၊ ၅ နှစ်တကြိမ် သက်တမ်းတိုးရတဲ့ ကိစ္စတွေက ကိုယ်ထူကိုယ်ထ ရုန်းကန်ရပ်တည်နေရတဲ့ အောက်ခြေလူမှုရေး အဖွဲ့လေးတွေအတွက် အများကြီး အခက်အခဲရှိပါတယ်” ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ အစီစဉ်ညွှန်ကြားရေးမှူး ဦးနေလင်းစိုးက ပြောသည်။
လွှတ်တော် လုပ်ထုံးလုပ်နည်းများအရ ဆွေးနွေးခြင်း၊ အတည်ပြုခြင်းများကို ဆိုင်းငံ့ထားရန် ဇူလိုင် ၃၁ ရက်တွင် အရပ်ဘက် အသင်းအဖွဲ့များ၏ တောင်းဆိုချက်ကို ပယ်ချခဲ့သော်လည်း ယခုကဲ့သို့ ပြန်လည် ဆွေးနွေးခွင့်ပေးခြင်းသည် အပြုသဘော ဆောင်သည့် တုံ့ပြန်မှုဖြစ်ကြောင်း ဒေါ်ဇင်နွယ်ဝင်းက ပြောသည်။
သူက ဆက်လက်၍ “၉ ရက်နေ့မှာ နောက်ဆုံးထားပြီး တင်ရမယ်လို့ ညွှန်ကြားထားတာ။ အခုလို ပြန်ဆွေးနွေးခွင့် ပေးတယ်ဆိုတာ အချိန်ပေးတဲ့သဘောပါ။ အချိန်ကတော့ မလုံလောက်ပါဘူး။ ဒါပေမယ့် အတည်မပြုခင်မှာ တတ်နိုင်သလောက် ကြိုးစား ပါဝင်တာပါ။ ကျမတို့ အကြံပြုချက်တွေကို အသုံးမပြုဘူးဆိုရင် လွှတ်တော်အဆင့်ဆင့်ကို တင်သွားမယ့် အဆင့်တိုင်းမှာ အကြံပြုချက်တွေ ပေးသွားဖို့ ဆုံးဖြတ် ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။