ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပ မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) က သိမ်းယူထားသော ပြည်သူပိုင် ပန်းခြံ မြေနေရာ၌ ကွန်ဒိုအိမ်ရာစီမံကိန်း တည်ဆောက်မှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုလိုက်သည့်အတွက် စည်ပင်နှင့် ကြံ့ခိုင်ရေးပါတီကို မြို့နယ်လုံးကျွတ် ဆန္ဒပြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်က တောင်ဥက္ကလာပမြို့နယ် အမှတ် ၉ ရပ်ကွက်၊ ဝေဇယန္တာလမ်း နှင့် သစ္စာ လမ်းထောင့်ရှိ အများပြည်သူပိုင် ကလေးကစားကွင်းနှင့် ပန်းခြံမြေနေရာကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းက မြို့နယ်ရုံး ဆောက်လုပ်ပြီး မြေကွက်သိမ်းယူခဲ့ကြောင်း၊ ယင်းနောက် ၂၀၁၃ ခုနှစ်တွင် ကြံ့ခိုင်ရေးပါတီက ရန်နိုင် ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ပူးပေါင်းပြီး ကွန်ဒိုအိမ်ရာ စီမံကိန်း စတင်တည်ဆောက်နေကြောင်း သိရှိရသည်။
အများပြည်သူပိုင် ပန်းခြံမြေနေရာတွင် ကြံ့ခိုင်ရေးပါတီက ကွန်ဒိုအိမ်ရာစီမံကိန်း တည်ဆောက်မှုအပေါ် တောင်ဥက္ကလာပ မြို့နယ်မှ ပြည်သူအများစုက သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရ တာဝန်ရှိသူများထံ စာပေးပို့ တိုင်ကြားခဲ့သော်လည်း တစုံတရာ အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ ကွန်ဒိုစီမံကိန်းအတွက် ဆက်လက် ဆောင်ရွက်နေသည့် အတွက် ပန်းခြံမြေ နေရာ ပြန်လည်ရရှိရေး တောင်ဥက္ကလာပ မြို့နယ်လုံးကျွတ် ဆန္ဒပြရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်မည့် တောင်ဥက္ကလာ လူငယ်များ ကွန်ရက်မှ ဒေါက်တာ စောနိုင်က ပြောသည်။
“တောင်ဥက္ကလာပ မြို့နယ်လုံးကျွတ် ဆန္ဒပြပွဲလုပ်ဖို့ ကျနော်တို့ စီစဉ်နေပါတယ်။ သြဂုတ်လ ၁၄ ရက်နေ့၊ မနက် ၁၀ နာရီ၊ ကွန်ဒိုစီမံကိန်း လုပ်ဆောင်နေတဲ့ မြေကွက်ရှေ့မှာ ဆန္ဒပြမယ်။ အခုအထိတော့ ရပ်ကွက် တော်တော်များများ ကျနော်တို့နဲ့ ပူးပေါင်းဖို့ လုပ်ဆောင်နေကြပြီ။ ဆန္ဒပြခွင့်အတွက်လည်း ရဲစခန်းမှာ တရားဝင် လျှောက်ထားတယ်။ အာဏာပိုင်က ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုဖြစ်စေ မြို့လုံးကျွတ် ဆန္ဒပြပွဲကို ကျနော်တို့ ဖြစ်အောင်လုပ်ဖို့ ရှိပါတယ်” ဟု ဒေါက်တာ စောနိုင်က ဧရာဝတီသို့ ပြောသည်။
လတ်တလော တောင်ဥက္ကလာ မြို့လုံးကျွတ် ဆန္ဒပြပွဲအတွက် လူအင်အား စုဆောင်းနေပြီး တသီးပုဂ္ဂလ ဦးဝင်းချို၊ နိုင်ငံရေးနှင့် လူမှုရေး ကွန်ရက်များမှ အင်အားစု အများအပြား ပူးပေါင်းပါဝင်ရန် ဖိတ်ကြားထားသည်ဟု သိရှိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြံ့ခိုင်ရေးပါတီ မတရားသိမ်းယူထားသော ပြည်သူပိုင် မြေကွက်ပေါ်တွင် ကွန်ဒိုဆောက်လုပ်ခွင့် ပြုမှုအတွက် ရန်ကုန်မြို့တော် ခန်းမရှေ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ဦးဆောင်သော ပြည်သူအချို့ကလည်း ဆန္ဒပြပွဲတရပ် သြဂုတ် ၁၈ ရက်နေ့တွင် ကျင်းပရန် ရှိကြောင်း၊ ဆန္ဒပြပွဲအတွက် ခွင့်ပြုမိန့်ကို ကျောက်တံတားမြို့နယ် ရဲစခန်းတွင် သြဂုတ်လ ၁၂ ရက်နေ့က တရားဝင်လျှောက်ထား လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
“တောင်ဥက္ကလာမှာ လုပ်မယ့် ဆန္ဒပြပွဲက ပြည်သူတွေရဲ့ ဆန္ဒပြပွဲ။ ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ကျနော်လုပ်မယ့် ဆန္ဒပြပွဲက ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ စည်ပင်ကို ကျနော် ကန့်ကွက်တဲ့ ဆန္ဒပြပွဲပါ။ ပြည်သူပိုင် မြေဆိုတာ သိပါလျက်နဲ့ ကြံ့ခိုင်ရေးကို ပိုင်ဆိုင်ခွင့် ဂရန် ထုတ်ပေးထားတာ၊ ကွန်ဒိုဆောက်ဖို့ ခွင့်ပြုမိန့် ပေးလိုက်တာတွေ ကန့်ကွက်မယ်”ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။
၂၀၀၂ ခုနှစ် ရန်ကုန်မြို့တော်ဝန် ဦးကိုလေး လက်ထက်တွင် ကြံ့ခိုင်ရေး သိမ်းယူထားသော တောင်ဥက္ကလာပ ပန်းခြံ မြေကွက်ကို ကြံ့ခိုင်ရေးက တရားဝင်ပိုင်ဆိုင်သည်ဟု ဖော်ပြထားသော နှစ် ၆၀ မြေငှား ဂရန်စာချုပ်ကို တရားဝင် ထုတ်ပေးခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။