မွတ်စလင် တံငါသည်တယောက်၏ အလောင်းကို ရယူရန် ကြိုးစားရာမှ ပဋိပက္ခဖြစ်ပွားပြီး ရဲအဖွဲ့က သေနတ်နှင့် ပစ်ခတ် လူစုခွဲခဲ့ရသည့် ရက်အနည်းငယ် အကြာတွင် မြန်မာနိုင်ငံမှ လူမျိုးရေး ဘာသာရေး တင်းမာမှုများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်သို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ်အိုဂျေကင်တားနား တနင်္လာနေ့က ရောက်ရှိလာသည်။
အဆိုပါ ဖြစ်ရပ်တွင် လူတဦး သေဆုံးခဲ့ပြီး ၁၀ဦး ဒဏ်ရာရခဲ့သည်ဟု ရခိုင်ပြည်နယ် အစိုးရ၏ ပြောရေးဆိုခွင့် ရှိသူ ဦဝင်းမြိုင်က ပြောကြားလိုက်သည်။
ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ ဖြစ်သည့် မြန်မာနိုင်ငံသည် ရာစုနှစ်ဝက်ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးနှင့် တံခါးပိတ် ဝါဒမှ လွတ်မြောက်လာစ ဖြစ်ပြီး ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်နေခဲ့သည်မှာ တနှစ်ကျော်ခဲ့ဲပြီဖြစ်သည်။
ပဋိပက္ခများအတွင်း သေဆုံးခဲ့ရသူ ၂၅၀ ကျော်တွင် လူနည်းစု မွတ်စလင် အများစု ပါဝင်နေပြီး လူပေါင်း ၁၄၀ ၀၀၀ ကျော် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသည်။ အများစုမှာ အစားအစာ၊ သန့်ရှင်းသောရေနှင့် ဆေးဝါးထောက်ပံ့မှု ကို အကန့်အသတ်ဖြင့်သာ ရရှိနိုင်သည့် ဒုက္ခသည် စခန်းများတွင် နေထိုင်ကြရဆဲ ဖြစ်သည်။
ထိုသို့ မတည်ငြိမ်မှုများနှင့် ဦးသိန်းစိန် အစိုးရအဖွဲ့၏ အကန့်အသတ်ရှိသော တုန့်ပြန်မှုများသည် နိုင်ငံ၏ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများကို ခြိမ်းချောက်နေပြီး နိုင်ငံ့ပုံရိပ်ကို ညစ်နွမ်းစေခဲ့သည်။
ကင်တားနား၏ ၁၁ ရက်ကြာမြင့်မည့် မြန်မာနိုင်ငံခရီးစဉ် အတွင်းတွင် ရခိုင်ပြည်နယ် အပါအဝင် အဆိုးရွားဆုံး သွေးထွက်သံယိုမှုများ ဖြစ်ပွားခဲ့သည့်နေရာ အချို့သို့ သွားရောက်မည်ဖြစ်သည်။
ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေတွင် သောကြာနေ့က ကမ်းခြေတွင် လာတင်ခဲ့ရသော တံငါသည်၏ ရုပ်အလောင်းသည် ရဲတပ်ဖွဲ့က သတ်ဖြတ်ခဲ့သူ အလောင်းဖြစ်သည်ဟု ကောလဟာလများပြန့်နှံခဲ့ပြီး နောက်တွင် တင်းမာမှုများ မြင့်တက်နေသည်။
ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က လူ ၅၀၀ ခန့်ရှိသော မွတ်စလင်များ ရဲကင်းစခန်းတခုတွင် သေဆုံးသူ၏ အလောင်းကို လာတောင်းရင်း တိုက်ခိုက်ခဲ့ကြသောကြောင့် သေနတ်ကို မိုးပေါ်ထောင်ပစ်၍ လူစုခွဲခိုင်းခဲ့သော်လည်း လူစုလူဝေးက ၁၀၀၀ ခန့်အထိ တိုးလာပြီး အန္တရာယ်ပြုလာသည့်အတွက် ရဲ အရာရှိများက လူအုပ်ထဲသို့ ပစ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၀ခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
ထိုထဲမှ တဦး ရရှိခဲ့သော ဒဏ်ရာကြောင့် ဆေးရုံတွင် တနင်္ဂနွေနေ့က သေဆုံးသွားခဲ့သည်ဟုလည်း သူက ဆိုသည်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တစုံတရာ မှတ်ချက်ပြု ပြောကြားခဲ့ခြင်း မရှိသေးပေ။ စစ်တွေမြို့ လေဆိပ်သို့ ဆိုက်ရောက်လာခဲ့သော ကင်တားနားကို မြို့ခံ ရခိုင်အမျိုးသား ၅၀ ခန့်က ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
( အေပီ၏ UN human rights envoy arrives in Myanmar’s troubled state of Rakhine ကို ဘာသာပြန်သည်)