စာပေလောက၌ သြဇာတိက္ကမကြီးခဲ့သည့်“လူထု ကြီးပွားရေး စာအုပ်တိုက်” ထူထောင်ခြင်း ၇၅ နှစ်ပြည့် စိန်ရတု အခမ်းအနားကို ယမန်နေ့ကစ၍ ယနေ့အထိ နှစ်ရက်တိုင် မန္တလေးမြို့ လူထုတိုက် ၌ ကျင်းပကြောင်း သိရသည်။
လူထုတိုက်မှ စာရေးဆရာ ညီပုလေးက“၇၅ နှစ် စိန်ရတုက ဒီသြဂုတ်လထဲမှာ ပြည့်တာ၊ လူထုကြီးပွားရေးက ထုတ်ခဲ့တဲ့ စာအုပ်တွေ ရှားပါး ဓာတ်ပုံတွေ၊ စာအုပ် မျက်နှာဖုံးတွေကို ခင်းကျင်း ပြသထားတယ်”ဟု ဆိုသည်။
စာရေးဆရာ ညီပုလေးသည် လူထု ကြီးပွားရေး စာအုပ်တိုက် ထူထောင်သည့် လူထု ဦးလှနှင့် လူထု ဒေါ်အမာ တို့၏ အငယ်ဆုံး သား ဖြစ်ပြီး ယခုတိုင် လူထုစာအုပ်တိုက်ကို ဆက်လက် တာဝန်ယူ ထိန်းသိမ်း လုပ်ကိုင်နေသူ ဖြစ်သည်။
ယင်းအခမ်းအနားသို့ ပရိသတ် ၁၀၀ ခန့် တက်ရောက်ပြီး ယနေ့ခေတ် လူထုတိုက်ထုတ် စာအုပ်များကိုလည်း ၁၅ ရာခိုင်နှုန်း လျှော့ဈေးဖြင့် စာအုပ် ဈေးရောင်းပွဲတော် ပြုလုပ်သည်ဟုလည်း သိသည်။
လူထုတိုက်တွင် အယ်ဒီတာလုပ်ခဲ့သည့် မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က“ငယ်ငယ်က လူထုသတင်းစာက ပန်းချီကားတွေကို ကြိုက်တယ်၊ နောက်ပိုင်း ဦးလေးလှရဲ့ ပုံပြင်စာအုပ်တွေကို အရမ်းဖတ်ဖြစ်တယ်၊ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းက ထုတ်တဲ့ စာတမ်းတွေ၊ နိုင်ငံရေး၊ ယဉ်ကျေးမှုတွေကို ဖတ်ရတော့ ကိုယ့်ဘဝအတွက် ရှေ့ဆောင် စံပြစာအုပ်တွေလို ဖြစ်လာတယ်၊ ကျနော်တင် မကဘူး၊ အဲဒီခေတ်က လူငယ် တော်တော်များများအပေါ်မှာ သြဇာသက်ရောက်ပါတယ်”ဟု ပြောပြသည်။
လူထုသည် ၇၅ နှစ် သက်တမ်းအတွင်း၌ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ စာအုပ်များ၊ တိုင်းရင်းသား လူမျိုးများ ၏ ရိုးရာ ပုံပြင်များ၊ ခရီးသွားဆောင်းပါးများ၊ အတ္ထုပ္ပတ္တိ၊ ကိုယ်တွေ့မှတ်တမ်း၊ ကလေးစာပေ၊ လူငယ်အကျိုးပြု စသည့် စာအုပ်ပေါင်း ၃၀၀ ကျော်ကို သီးသန့် လက်ရွေးစင် ထုတ်ဝေခဲ့သည်။
အထူးသဖြင့် ဆရာကြီး ရွှေဥဒေါင်း၊ ဆရာတော် ရွှေကိုင်းသား၊ ဆရာမင်းသုဝဏ်၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ မောင်မဲ၊ ဦးကြာထွန်း၊ မောင်သစ်လွင်(လူထု)၊ ဒေါက်တာ မြင့်မြင်ခင်၊ ရွှေဘိုမိမိကြီး၊ အော်ပီကျယ် စသည့် စာရေးဆရာ၊ ကာတွန်းဆရာများ၏ စာအုပ် များကို ထုတ်ဝေခဲ့သည်။
လူထုဦးလှ၏ “ထောင်နှင့်လူသား” စာအုပ်သည် ယူနက်စကိုဆု ရရှိခဲ့ပြီး စစ် အချစ်နှင့်ထောင်၊ ကျွန်တော်မြင်းသမား၊ ကျွန်တော်ဗြူရိုကရက်၊ ကျွန်တော် စတီးပွဲစား၊ ကျွန်တော် သတင်းထောက်၊ သံလွင်ဖောင်စီး၊ ဧရာဝတီဖောင်စီး၊ အရက်သမား အမှား တစ်ထောင်၊ ဘိန်းဖြူသမား အမှားကမ္ဘာ၊ သတင်းစာများက သမိုင်းကိုပြောနေကြသည် စသည့်စာအုပ်များသည် လူငယ်များ အပေါ်တွင် လွှမ်းမိုးခဲ့သည့် စာအုပ်များဖြစ်သည်။
“လူထုစာအုပ်တိုက်ကို နိုင်ငံရေးနဲ့ နွယ်တယ်ဆိုပြီး ဖဆပလ အစိုးရကစပြီး စစ်အစိုးရ အချိန်အထိ မျက်လုံး ဒေါက်ထောက် အကြည့် ခံခဲ့ရတယ်၊ စစ်အစိုးရ လက်ထက်ဆို လူထုကထုတ်မယ့် စာမူကို စာပေစိစစ်ရေးက သီသန့်ကို စစ်တာ၊ စာတအုပ် ထွက်ဖို့ တော်တော်လေးကို ကြာပါတယ်။ အဲဒီလိုမျိုးကို ဖြတ်သန်းရတာပါ”ဟု ဆရာဆူးငှက် က ဆက်ပြောသည်။
၁၉၆၇ ခုနှစ် လူထုသတင်းစာ ရပ်ဆိုင်းခဲ့ရသည့် နောက်ပိုင်း စာအုပ်ထုတ်ဝေရေးကိုသာ လုပ်ကိုင်ခဲ့သော်လည်း ၁၉၈၄ ခုနှစ် မန္တလေးမြို့မီးတွင် လူထုတိုက် မီးသင့်ခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည်။ နောက်ပိုင်း ပြန်လည် ထူထောင်ရေး လုပ်ကိုင် ခဲ့သော်လည်း အခက်အခဲများကို ဖြတ်သန်းခဲ့ရကြောင်းလည်း ၎င်းက ရှင်းပြသည်။
လူထု မိသားစုမှ တည်ထောင်ထားသည့် လူထုစာကြည့်တိုက်မှာလည်း အထက်မြန်မာပြည်၌ မန္တလေးတက္ကသိုလ် စာကြည့်တိုက်ပြီး လျှင် သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ စာအုပ်များ အစုံလင်ဆုံးဟု ဆိုနိုင်ပြီး ပြည်တွင်းပြည်ပ တက္ကသိုလ်များမှ ကျမ်းပြုသူများ၊ လေ့ လာလိုသူများအတွက် အားထားစရာ တခု ဖြစ်သည်။
လူထုစာအုပ်တိုက်၏ မူလအစ ကြီးပွားရေး စာအုပ်တိုက်ကို ၁၉၃၈ ခုနှစ် ကိုလိုနီခေတ် ရန်ကုန်မြို့၌ လူထု ဦးလှက စတင် တည် ထောင်ခဲ့ပြီး ထိုစဉ်က ကာတွန်း ဦးဗဂျမ်း လက်ရာ “ကိုပြူးနှင့် မပြုံး ” ကာတွန်းများ၊ ကြီးပွားရေး မဂ္ဂဇင်း အပါအဝင် ဆရာကြီး ပီမိုးနင်း၊ ရွှေဥဒေါင်း တို့ စာအုပ်များကိုလည်း ထုတ်ဝေခဲ့သည်။
စစ်ပြီးခေတ်တွင် လူထု(The People) စာအုပ်တိုက်အမည်ဖြင့် စာအုပ် ထုတ်ဝေရေးအပြင် သတင်းစာကိုပါ ဆက်လက်လုပ် ကိုင်ခဲ့ပြီး အယ်ဒီတာချုပ်အဖြစ် ဆရာကြီးရွှေဥဒေါင်းက တာဝန်ယူကာ အတိုက်အခံ သတင်းစာတစောင် အဖြစ် ရပ်တည်ခဲ့သည်။ ထို့ အတွက်လည်း ဖဆပလ အစိုးရလက်ထက် လူထု သတင်းစာတိုက်ကို မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသည်။